Tuesday, November 23, 2010

အခက်အခဲတွေရှိပါစေ..ကျနော် ဆက်ဆက်လာမယ်။

ချစ်သော အမေ..
မှတ်မိပါ့မလား ကျနော် အမေ့သားလေ
မတွေ့ ရတာ နှစ်တွေ ကြာရှည်
ကျနော့ အသက် ၃၃ တောင်ရှိပြီ။

မှန်းဆ တမ်းတ..အမေ့အခြေအနေ
ကြမ်းတမ်းဆင်းရဲ အရိုးနဲ့ အရေ
အော်..အမေရယ် ပင်ပန်းနေမှာ..

မိုင်..ထောင်သောင်းဝေးဝေး
တွေ့ ခွင့်လေးများရရင်..
ဘာ အန္တရာယ်တွေဘဲ ဆီးဆီး..
နီးနီးလေးပါ
ကျနော် အရောက်လာခဲ့မှာ.

ညအိပ်ရာဝင်တိုင်းကြားယောင်တာ အမေ့ အမျှဝေသံ
ညလေပြေသွေးတိုင်းသတိရတာ..အမေ့ဆံပင်က ပန်းသင်းနံ့ 
ညနေစာစားတိုင်း တမ်းတတာ မီးဖိုချောင်က အမေ့ဟင်းနံ
အိမ်မက်ဆိုးတွေမက်တိုင်း..လွမ်းရတာ အမေ့ ရင်ခွင်

အမေရဲ့ ကြမ်းတမ်းတဲ့ အချုပ်နှောင်ရက်တွေထဲ.
ကောင်းအတူ ဆိုးဖက် အမေနဲ့နေချင်ခဲ့ပေမဲ့
ဇူဇကာပုဏ္ဍားလို ရက်စက်..
လူကြမ်းတွေ လက်ထဲကနေ..
" အမေ့ သားတွေအတွက် နောက်ဆံမငင်နိုင်ဖူး။
အမေ့ လူမျိုးတွေအတွက် အကြွေးတင် အမေမခံနိုင်ဖူး။
သားလေးရယ် လွတ်ရာမှာနေတော့
မင်းအဖေကိုသာ အမေ့ကိုယ်စားစောင့်ရှောက်တော့။"
“Good Bye my son” ဆိုတဲ့ စကားတလုံးနဲ့ 
အမေ ကျနော့လွတ်မြောက်စေခဲ့
ငယ်စဉ်ကတော့ ထင်မိတယ်
" ရက်စက်လိုက်တာ အမေရယ် " လို့ 
အရွယ်ရောက်တဲ့ အခါ..အမေ့ စေတနာ
ကျနော် နားလည်လာရတယ်..
မျက်နှာလွှဲတဲ့အခါ အမေရယ် ၀မ်းနည်းနေမှာ။

သားဆီ..စာလေးတောင်ရေးခွင့်မရတဲ့ အမေ့ ဘ၀..
သားကို. စကားလေးတောင် ဆိုခွင့်မရှိတဲ့ အမေ့ ဘ၀..
အဝေးကသာ လွမ်းနေခဲ့တဲ့ကျနော်
သတင်းဓါတ်ပုံတွေထဲက အမေ့မျက်နှာ..
ဇရာကြောင်း ထင်လာသော်ညား
အရင်လိုဘဲ ကြင်နာမျက်လုံးတွေ.
အရင်လိုဘဲ တက်ကြွတဲ့ခြေလှမ်းတွေ
အရင်လိုဘဲ ခိုင်မာသော စိတ်ဓါတ်တွေ
ကျနော် ဂုဏ်ယူတယ်..
ကျနော်လေ အမေ့သားပါ။

အဖေက ပြောဖူးတယ်။
“ နားလည်ပေးပါ..သားတို့အမေ
သာမညမဟုတ်သော ပါရမီ မိန်းမသား
သူ့ မွေးရပ်မြေအတွက်..သူ ကျေးဇူးဆပ်နေတယ်။
ဂုဏ်ယူပေးပါ..မင်းရဲ့အမေ..
လူသားတွေအတွက်.. သူ ငြိမ်းချမ်းစွာတောင်းဆိုနေတယ်။
အာဇာနည်ရဲ့ သွေးဆက်ဆိုတာ..
ရှင်သန်နေတဲ့ မြစ်တစ်စင်း..
အတားအဆီးမဲ့ ဖွင့်လှစ်စီးဆင်းဖို့ 
ကမ်းနဖူးလို ကာကွယ်ထောက်ပို့ 
ပါရမီဖြည့်ဖို့ က သားတို့ ရဲ့တာဝန်၊”

အမေရဲ့သွေးနဲ့ လူဖြစ်ခဲ့တာကျနော်ပါ
အမေရဲ့အားအင်နဲ့  လမ်းလျှောက်ခဲ့တာကျနော်ပါ။
အမေ့စိတ်ဓါတ်..အမှားဘက်မရပ်နိုင်တာ ကျနော်ပါ။
ဒါပေမဲ့ အမေကိုလွမ်းတဲ့အခါကြည့်ဖို့ 
အမေ့ချစ်တဲ့ ပြည်သူတွေနဲ့အတူ..
ကျနော်လည်း ဒေါင်းသွေးဆက် ပါဘဲ
အောင်ခွပ်ဒေါင်း အလံလွှင့်ထူကြောင်း..
လက်မောင်းပေါ်မှာ ရေးထိုးထားတယ်။

အမေရယ်..
အနှစ် ၂၀ ကျော်ကွဲခဲ့တဲ့သားရဲ့ ဦးခေါင်းကို
အမေ့ရင်မှာဝှက်..
ပီတိရင်မှာ သက်ပါရစေ။
" သားလာပြီအမေ.
လေယာဉ်ကွင်းကို အမေလာ.
ဒီနေ့ ဟာ သားတို့ အတွက် မင်္ဂလာ.
ရွှေလည်တိုင်မောမော့ .
မျှော်လှဲ့ ပါတော့ ချစ်သောအမေ"


မသဒ္ဓါ ( ၁၁။၂၂။၂၀၁၀)
သားငယ် မောင်ထိန်လင်း ခေါ် Kim Aris အတွက်…မိခင်တဦး အနေဖြင့် စာနာ နားလည်ခံစားလိုက်ပါကြောင်း..

3 comments:

yaminthu said...

အမရဲ့ ကဗျာလေးက ရင်ကိုအရမ်း ဆူးရှစေတယ် ရင်နင့်အောင် တရှိုက်ရှိုက် ငိုကျွေး ခံစားရပါတယ် .အမေစုတို့ရဲ့ ဘဝ ကို စာနာ နားလည် ပေးကြပါ

Mya Mya said...

သားရှိတဲ.အမေတယောက်အနေနဲ.အန်တီစုကိုစာနာတယ်Kim Aris ကိုလဲသနားတယ်။သားအမိ၂ယောက်လုံးရဲ့ စိတ်ဓါတ်ကိုလဲလေးစားမိပါတယ်

Unknown said...

မျက်ရည်တဖြိုင်ဖြိုင် စီးဆင်းစေခဲ့တယ် ကဗျာလေးရဲ့အနှစ်သာရက ပီတိအပြုံးတွေကို ဖြစ်ပေါ်စေတယ် အော်...သားအမိတွေတွေ့ဆုံကြပြီ ဆိုတော့..အတိုငိးအဆမသိ ၀မ်းမြောက်မိပါကြောင်း...

 
/* EOT ----------------------------------------- */