Sunday, November 15, 2009

ဆေးသမားတော်တဦး ၏ သစ္စာ.


ရှေ့ကနေ ကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကို မထားတဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်း ဖြစ်ပါတယ်။

ကျနော်ဟာ ဆေးဆရာ..
သမားတော်..(သို့ မဟုတ်) ဆရာဝန် တစ်ဦး..
သေမင်းနဲ့ လွန်ဆွဲ..
မရဏကို စိမ်ခေါ်ရဲသူ တစ်ဦး
လိုက်နာမဲ့ ဆေးဆရာဝန်တို့၏ ကျင့်ဝတ်သိက္ခာပုဒ်
ခါးဝတ်ပုဆိုးလို ချည်တုတ် ခိုင်မြဲဝတ်ထားသောသူ..
သမားမှန်က..
ရန်သူ ချစ်သူ..အသားအရောင် တူမတူ..
ဆင်းရဲ ချမ်းသာ ဘယ်လူနာ လာလာ..
စေတနာမှန်...ကုသပေးရန်သာ။

ဆေးတက္ကသိုလ် ဘွဲ့ ရ အပ်နှင်းပွဲမှာ
အဓိဋ္ဌာန်ပြုရတဲ့ ကတိသစ္စာ
" ကမ္ဘာတလွှား ကျော်ကြားထင်ရှား
သမားဟူးရားကြီးများအား သက်သေထား၍
ကျွန်ုပ်သည် ဤ အဓိဋ္ဌာန်ပြု
ကတိသစ္စာကို ရွတ်ဆိုသစ္စာပြုပါအံ့

(၁) ကျွန်ုပ်သည် လူသားအားလုံးတို့၏
ကိုယ် ကျန်းမာ စိတ်၏ ချမ်းသာရေး
ကျွန်ုပ်၏အရေးကဲ့သို့အလေးပေးပါအံ့။

(၂) ကျွန်ုပ်အား ဆေးပညာ သင်ကြားပေးခဲ့သော
ဆရာသမားများအား မိဘသဖွယ် ရိုသေလေးစားပါအံ့။

(၃) ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက် ဆေးပညာရှင်များကို
ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့
လေးစားစွာ ဆက်ဆံပါအံ့။

(၄) ကျွန်ုပ်သည် သမားကောင်းတစ်ဦး၏
ကိုယ်ကျင့်တရားနှင့် မွန်မြတ်သော
ဂုဏ်သိက္ခာအစဉ်အလာအား
မပျက် ထိန်းသိမ်းပါအံ့။

(၅) နာမကျန်း ပုဂ္ဂိုလ်များ၏ ကျန်းမာရေးကို
မိမိကျွမ်းကျင်ရာ ဆေးပညာဖြင့်
စေတနာမေတ္တာ ရှေ့ထား၍
လူမျိုးဘာသာမခွဲခြား
ဆင်းရဲချမ်းသာမဆို မည်သူမဆို
စွမ်းစွမ်းတမံ စောင့်ရှောက် ကုသပါအံ့။

(၆) မိမိလူနာများကို ကုသစဉ်
တွေ့ မြင်ကြားသိရသည့် လျှို့ဝှက်အပ်သော
အတွင်းရေးကိစ္စအ၀၀ ကို တပါးသူအား
ဖွင့်ဆိုအပ်သည်တို့မှလွဲ၍
မည်သည့်အခါတွင်မဆို
ဖွင့်ဟခြင်းမှ ရှောင်ကြဉ်ပါအံ့။

(၇) လူသားတို့အား ဘေးဥပဒ် ဖြစ်စေမည့်ဆေး၊
သေစေတတ်သည့်ဆေးများကို
ကိုယ်တိုင်ပေးခြင်းမှသော် လည်းကောင်း၊
သူတပါးအား ပေးစေခြင်းမှသော် လည်းကောင်း
အခါခပ်သိမ်း ရှောင်ကြဉ်ပါအံ့။

(၈) ကျွန်ုပ်သည် တရားမ၀င်သော
ကုသခြင်းတို့မှ အမြဲတစေ ရှောင်ကြဉ်ပါအံ့။

(၉) မိမိ၏ ဆေးပညာဖြင့်
လူသားတို့ ၏ ဘ၀နှင့်အသက်ကို
တန်ဘိုးထား လေးစားစွာ
ကာကွယ်စောင့်ရှောက်ပါအံ့။

ယခု ကတိသစ္စာပြုသည့်အတိုင်း
ဆောင်ရွက်ပါသော် ကျွန်ုပ်သည်
ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေသား။"

ဒီလို သစ္စာဆိုထားရတဲ့ ဆေးဆရာ..
ကျနော် ဒေါက်တာစောလွင် ပါဗျာ
ဘယ်သူ နာနာ..ဆေးကုပေးရန်ပါဘဲ
ကျောင်းသား စစ်သား လူမခွဲဘူး..

၁၉၈၈..ကျနော်..ဆရာဝန်စဖြစ်တဲ့အချိန်ပေါ့
ဆန္ဒပြ ကျည်ဆန်မှန်တဲ့..ကျောင်းသူလေးတစ်ဦး..
အဖြူအစိမ်းဝတ်တဲ့ အထက ကျောင်းသူ..
တကယ်ဆို လူတောင် မဖြစ်သေးတဲ့သူ
နုနယ်အရွယ်ရဲ့..ဆယ်ကျော်သက်..
ကျည်ဆန်မှန်..တုန်းလုံးပက်လက်..
နာကြင်ညည်းညူနေတာ..
သူ သွေးလွန် သေဆုံး မှာ..
ကျနော် လက်ပိုက်ကြည့်ရမလား..

ကျည်ဆန်ပလူပျံ..ကျည်ခိုး.မှုန်ဝေယံ..
ဒိုင်းဒိုင်း ဒက်ဒက်..မဆလရဲ့ အမဲဖျက်ပွဲ
ကျနော် နဲ့  သူငယ်ချင်း ဒေါက်တာ မင်းသိန်း..
လူနာ အလောင်းကောက်ပွဲ.
ကိုယ့်အသက်ကိုမထောက်
လူနာ မရှင်မှာဘဲကြောက်တယ်
ကျနော်တို့  ဆရာဝန်တွေပါ ဗျာ..
တာဝန်ရှိပါတယ်..

"ညီလေးရေ..ခေါင်းရင်းက မ...မ
လွတ်ရာ.ကိုယ်တို့ ကယ်ကြရအောင်..
ကျည်ဆန်လာတာ..မရှောင်နိုင်ဘူး..
ကိုယ်သေမယ်..မသေမယ်တောင်..မသေချာဘူး..
လူနာကိုသာ..သယ်ကာပြေးတော့။"

လူသားစာနာ..
လူနာကယ်ရန်သာ တွေးမိဖြစ်တော့တယ်..
ကျနော်တို့  လုပ်တာ.
နာမည်ကျော်ဖို့ မဟုတ်ဘူးဗျာ
Time မဂ္ဂဇင်းအကာ..မော်ဒယ်ပြရန်မဟုတ်ပါဘူးဗျာ။
သွေးအလိမ်းလိမ်းနဲ့  ဒီ ကလေးမ..
အသက်မသေရဖို့ ဖြစ်တယ်..
ဤသည်မှာ သမား၏ ဂရုဏာ.
ဆေးသမား၏ အကြင်နာ။
အခုတိုင် ကြားယောင်ဆဲ သူ့ အသံ
"ဦးရေ သမီးကိုကယ်ပါ..ကယ်ပါ"
ကျမျက်ရည် လည်မလာအောင် တင်းထားခဲ့ရတာပါ။

လူသတ်ပွဲ၏ အဆုံး..
သမားမှာ အပြုံးမရှိ..
ကိုယ်တွေ့ အသက်ရှူရင်ကြပ်..
သမားတော် သူပုန်တပ်ဝင်ခဲ့ တယ်..
အလင်းဝင်..စစ်ကြောရေးစခန်းမှာ..
ဆေးထိုးသတ်ခံရတာ..ဒေါက်တာမင်းသိန်း.ပေါ့
လူမသိ..ကြွေသွားတဲ့ ကြယ်လေးတပွင့်၏ ဇာတ်သိမ်း..
တောက်ခေါက်သံတခု ရင်ထဲဟိန်းတယ်။
လူကို ခွေးသတ်သွားပြီပေါ့။

နှစ် ၂၀ မေ့မရတဲ့ စိတ္တဇ..
ကျနော်..ရင်ထဲက ဒဏ်ရာ..
တစစ်စစ် နာနေဆဲ.
အခုတိုင် အညှိုးနဲ့  နအဖ..
ကျနော့ ကို..လိုက်လံနှောက်ယှက်နေဆဲ…
ဆရာဝန်..ဆေးကုသရန်ခက်ခဲ..
ကျနော် ဘာဆက်လုပ်ရမလည်း

ကျနော့ ဖခင်ကို ပင်စင်…
ကျနော့ ကို ညိုညင်..
ကျနော် ချစ်မြတ်နိုးတဲ့အလုပ်..
ကျနော် သစ္စာထားတဲ့ အလုပ်..
ဆရာဝန် လူနာကို ကုတာ ရန်လုပ်တဲ့အခါ..
ပေးထားတဲ့သစ္စာ ကို ကျနော်မဖျက်..
ကျနော့...အသက်ကို သာ ပေးဆက်တယ်…
ထုတ်တန်းပေါ်က ကြိုးတကွင်း..
စင်းခဲ့တဲ့ ဒီ လည်ပင်း
ကျနော့ သမား သစ္စာ၏ သက်သေ။

မသဒ္ဓါ ( ၁၁။၁၄။၂၀၀၉)

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်

၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက် တွေကို ပြောလိုက်တာနဲ့ လူတိုင်း မြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တစ်ပုံ အကြောင်း ပြောပြချင်ပါတယ်။
ရှေ့ကနေ ကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကို မထားတဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ပညာချွန်သူတွေ ဖြစ်ကြပါတယ်။
ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲ အောင်တုန်းက သင်္ဃန်ကျွန်း တမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန် ပါပဲ။
ဒေါက်တာမင်းသိန်း ကလည်း ဆေးကျောင်းမှာ ထိပ်တန်းက ကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တစ်ယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုက ညွှန်ကြားရေးမှူး အဆင့်ရှိတဲ့ သူပါ။
ဒေါက်တာမင်းသိန်းဟာ စစ်အာဏာ သိမ်းပြီးတဲ့နောက်မှာ တောခို သွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာဆေးမှူး တာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်း ကို ပြန်ရောက်ခဲ့ပါ တယ်။
အဲဒီ အချိန်အတွင်း မှာပဲ ဗိုလ်ချူပ်ခင်ညွန့် က တောတွင်းက ပြန်ရောက်လာသူတွေ အနေနဲ့ နဝတ ကို သတင်း ပို့ဖို့ လိုကြောင်း၊ သတင်းပို့ လာခဲ့လျှင် အရေးမယူ ပါကြောင်း သတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့် စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင် စစ်ဒေသကို အကြောင်းကြား ခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာမင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်း ကို ပြောပြ ခဲ့ပါတယ်။ နောက်တနေ့ မှာ ဒေါက်တာမင်းသိန်းကို မေးမြန်း စရာ ရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။
တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်း ကနေ ပြန်လာပို့ပေးပါတယ်၊ မိဘ တွေဆီ သေချာအပ်နှံ သွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်း တစ်ယောက် ခြေလက်တွေ ဖော ယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်း ရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်း ကြား ခဲ့ပါတယ်၊ ဒေါက်တာ စောလွင် ရောက်လာတော့ ဒေါက်တာ မင်းသိန်းက ပြောပြ ပါတယ်။ သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲ ဆိုတာတော့ မပြောဘူး တဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်း နေပြီး အသက် ရှုရတာ ကြပ်နေတယ် လို့ ပြောပြခဲ့ပါတယ်။
ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းက ဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံ တင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့် ရှိကြောင်း၊ စစ်ဆေးရုံ မှာ ကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြား လာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာ ဆိုရင် ဆေးကုမခံနိုင်ဘူးလို့ ဆိုပြီး အိမ်မှာပဲ နေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသ ပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံ ကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲ နောက်တနေ့မှာ ကွယ်လွန် ခဲ့ပါတယ်။
ဒေါက်တာ မင်းသိန်း ဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်း ကြားပြီး အဲဒီ ဆရာကြီးနဲ့ အတူ ရင်ခွဲ စစ်ဆေး ခဲ့ကြပါတယ်၊ အဖြေ ကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာ စောလွင်တို့ က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကို မပေါက် ကြား စေရပါဘူး ဆိုပြီး လက်မှတ် ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ ထွက်ပြေး ခဲ့ရပါတယ်။
ဒေါက်တာ စောလွင် ထွက်ပြေးရတဲ့အတွက် သူ့ကို အားထား နေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခ ရောက်ခဲ့ကြ ရတာ ကျမ မျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင် ဆေးခန်းမှာ ကျမ ကူလုပ်ပေးခဲ့ ပါတယ်၊ ဆင်းရဲတဲ့ လူနာတွေကို ပိုက်ဆံ မယူတဲ့အပြင် သူ့ရဲ့ဆေးဝါး တွေကိုပါ ပေးလိုက် ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တစ်ဦး ကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာ ကျမရှေ့တင်ပါ။
၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင် ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေ နှလုံးရောဂါနဲ့ ကွယ်လွန် ခဲ့ပါ တယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင် ပြန်ရောက် လာခဲ့ပါတယ်၊ ဘာမှ ထူးခြားမှု မရှိတဲ့အတွက် ထောက် လှမ်းရေး မေ့နေလောက်ပြီ ဆိုပြီး အစိုးရ ဆေးရုံမှာ အလုပ် လျှောက်ခဲ့ ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းက တိုက်နယ် ဆေးရုံ တစ်ရုံမှာ တာဝန် ကျခဲ့ပါတယ်၊ အစပိုင်းမှာ ဘာမှ မဖြစ်ခဲ့ ပေမယ့် နောက်ပိုင်း မှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်း ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့် အယှက်လည်း ပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့ အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီးရန်ကုန် တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မဝတ အတွင်းရေးမှူးက ခေါ်လို့ သွားတဲ့အခါမှာ မဝတ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန် အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက် ဒေါက်တာ စောလွင် တစ်ယောက် ညှိုးညှိုးငယ်ငယ် နဲ့ အိမ်ပြန် လာခဲ့ပါတယ်။
အတူနေသူတွေရဲ့ ပြောပြချက် အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခ ရောက်စရာ ရှိနေပုံ ရပါတယ်၊ သိသိ သာသာ စကားနည်းသွားတယ် လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာ မပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲ ဘယ်သူ့ကိုမှ သူ့လို မဖြစ်စေချင်လို့ မပြောတာလို့ ယူဆ ရပါတယ်။
အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေ သိမ်းဆည်း နေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ် နေပြီး လှုပ်ရှားသံ မကြားရလို့ အတူ နေသူတွေက စိုးရိမ်ပြီး တခါးဖျက် ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေ နေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်း အတွက် ကျမ တကယ် နှမြော ဝမ်းနည်း မိပါတယ်။ ဆရာဟာ လူတော်လူကောင်း တစ်ဦးပါ။
ကျမတို့ ဗမာပြည်မှာ ကြယ်တွေ ကြွေနေပါတယ်၊ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ၊ အဖိုးတန် သားတွေ ဆုံးရှုံးရတဲ့ မိဘတွေရဲ့ခံစားချက်က ဘယ်လောက်များ နာကျင်နေမလဲ၊ ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက် အထိများ ဆုံးရှုံး နေရဦးမှာလဲ……။

ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြု အပ်ပါတယ်။
ခင်ငြိမ်းသစ်သည် မကြာသေးခင်က ထိုင်း -မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1827%3A2009-09-18-08-37-06&Itemid=30

1 comment:

Dawn Gwin (ဒေါင်းဂွင်) said...

ဒေါက်တာမင်းသိမ်း ကျနော်တို့ ABSDF သေဘောဘိုး စခန်း တွင် လာရောက်ဆေးကုပေးခဲ့သည်။ သေဘောဘိုးစခန်းမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ နှင့်နီးသဖြင့် အရာရာအဆင်ပြေသော်လည်း သူမပျော်၊ သူ့ မိခင်တပ်ရင်းရှိရာ ဝေးလံခေါင်းပါး ဆင်းရဲကြမ်းတမ်းသော တပ်ရင်း ၂၀ ဖက်ကို သူပြန်သွားခဲ့သည်။ သူကျနော့်ကို ပြောသွားသည်မှာ သူ့ ရဲဘော်များကို သတိရတယ်၊ တပ်ရင်းမှာ သူမရှိရင် မဖြစ်ဘူးတဲ့...မျက်မှန်အထူတပ်ထားသောသူ့ ကို ရဲဘော်များက ရှေ့ တန်းသို့ မလိုက်ရန် အတန်တန်တားတဲ့ကြားက သူလိုက်သွားခဲ့သည်...

 
/* EOT ----------------------------------------- */