Sunday, May 3, 2009

အမှန်တရား..လေးစား..တရားခံဖြစ်သွားတဲ့ ရှေ့ နေများ..

တရား ဥပဒေ ဆိုတာ..
အပေါက်ရှာ ထွက်စရာ
ဆီစက်တွေ မဟုတ်ဖူး။
ဝမ်းရေး အတွက်ရောင်းစား
ဖြတ်စားလာဘ်စား မဟုတ်ဖူး။
အယုတ်အလတ် အမြတ်မရွေး.
တရားခံ တရားလို..
ဘယ်ဘက်ကမဆို
အမှန်တရားရဲ့ သက်သေ.
ကျောသား ရင်သား မျှမျှတတ
လျှောက်တင်ပြသရမဲ့ အရှေ့ ကနေ..
သိက္ခာ သမာဓိ လေးစားတဲ့
ကျွန်တော်တို့ ဘ၀ ရှေ့ နေ

ချိန်ခွင်ကိုင် မျက်လုံးစည်းထားတဲ့
အမှန်တရားရဲ့ နတ်သမီး..
ဘက်လိုက်ခြင်း မရှိဖူး
တူတူညီညီ..
နှစ်ဖက်မျှမျှတတ
ဆုံးဖြတ်ကြစတမ်းလေ..

ရာဇ၀တ်သမား လူသတ်ကောင်၊
ဒါးပြ။ မုဒိမ်း သူခိုး
ခါးပိုက်နှိုက် လူဆိုး
ကြာကူလီ၊ အနူကြမ်းသမား
ပြန်ပေး ပြည့်တန်ဆာ.
ပြည်သူ့ ဘဏ္ဍာ အလွဲသုံးစားသမား.
လိမ်လည်သူများ၊
အိမ်ယာမြေမှု၊ ကွဲကွာ ထိမ်းမြားမှု။
ကုန်ကုန် ပြောမယ်ဗျာ
အကြီးကြယ်ဆုံးသော
နိုင်ငံတော်လုပ်ကြံအာဏာသိမ်းမှု..ဆိုတဲ့အမှုထိ
ဘာမှုဘဲ လာလာ..
ကျုပ်တို့ ရှေ့ နေတော့ အကျိုးဆောင်ပါတယ်။
အမှန်အကန် ဖြစ်စေရမယ်။

ခု ကျနော်တို့ လိုက်တာက နိုင်ငံရေးဆန္ဒပြမှု
စာရွက်ဝေ. ဘုရားတက်ဆုတောင်းမှု
ဘုရားပန်းကပ် ဘုန်းကြီးဆွမ်းကပ်မှု
အင်တာနက်စာပို့ မှု။ ခိုဌက် ငါးတွေ လွတ်တဲ့အမှု
အယ်ဒီတာ နိုင်ငံခြားဂျာနယ်ဖတ်မှု
ဘုန်းကြီးလမိးတလျှောက် မေတ္တာစာရွတ်မှု
ကားခချွေတာ လမ်းလျှောက်..လမ်းပိတ်ဆို့ စေမှု
ကမ္ဘာမကြေ သီချင်းဆိုမှု
ဗိုလ်ချုပ်ဓါတ်ပုံ အလေးပြုမှု
ဝရမ်းမပါ အိမ်တံခါးမဖွင့်တဲ့အမှု
မြေသိမ်းအလျှော်မရ ငွေတောင်းမိတဲ့အမှု
အဓမ္မ အလုပ်သမား နစ်နာကြေးရလိုမှု
ကလေးစစ်သား မိဘပြန်ခေါ်လိုမှု
ဘုန်းကြီးရေဆာ ရေလှုမှု
သွေးစွန်းဆွမ်းအကပ်မခံ ဘုန်းကြီးရဲ့ အာဏာဖီဆန်မှု
AIDS ရောဂါသည်များ ပြုစုယုယမှု
နာဂစ် အလောင်းပုပ် မြေမြှုပ်ပေးမှု
နာရေးဒုက္ခသည် ကူညီ ဆွမ်းသွပ်ပေးမှု
ဒီလို ဆွဲစေ့တဲ့ နိုင်ငံရေးမှုတွေ..
လိုက်ရတဲ့ ရှေ့ နေ..
အစကတည်းက စွန့်လွှတ်ရဲ
လိုင်စင်ဆိုတာလည်း မမြဲ
ထောင်ကျရေး မကျရေးလည်း မသဲကွဲ
တရားမှန်နေသူ..ထောင်ထဲဆွဲတဲ့ ပွဲ
ရှေ့ နေတောင် ဆွဲမှတော့ဗျာ
မျှတတဲ့ တရားစီရင်ရေး ..
အဟမ်း…အဟမ်း
သိပ်တော့ မဝေးဖူးဗျာ..
ဘုရားကို စူးစေ့
မိုးနဲ့  မြေပြင်လောက်ကလေးပါ။

ရှေ့နေကိုယ်တိုင်တောင် ခုခံချေပခွင့်မဲ့
မမှန်မကန် လုပ်ကြံသက်သေရေး..
ဝန်ခံတယ်လည်း လုပ်ရဲ့..
လက်ရှိ တရားစီရင်ရေးကို
ရှေ့ နေ ကိုယ်တိုင်တောင်
အယုံအကြည် မရှိနိုင်တဲ့အရာ..
ပြည်မြန်မာ မှာတရားဥပဒေ အငွေ့ ပျံနေခဲ့ပြီ

နအဖ ရေးတဲ့..အာဏာရှင် အကြိုက်
ရှေ့ နေတောင် မျက်စေ့ မမှီလိုက်
ဆွဲသုံးတဲ့ ဥပဒေ…အမြင်ကပ်သူဆွဲ ဥပဒေ
ဆွဲပစေလေ..
ရှေ့ နေ ထောင်ကြောက်ရမလား။
အဆင်သင့် အထုတ်ပြင်
ထောင်ထဲဝင်ဖို့  ပြင်ဆင်ထားတယ်.

ကျနော်..တို့ အားလုံး
တရားခံဖြစ်သွားတဲ့ ရှေ့ နေ
ဦးအောင်သိမ်း၊ ဦးခင်မောင်ရှိန်
ကိုဖိုးဖြူ နဲ့ ကိုစောကျော်ကျော်မင်း
လိုင်စင်ပြုတ်ရှေ့ နေ ကိုညီညီထွေး၊

အမှန်တရားဆို လက်မနှေးဖူး
လိုင်စင်ပေး မပေးရင်နေ
လိုင်စင်ပြုတ်ချင်ပြုတ် မပြုတ်ချင်နေ
တရားမျှတမှုဟာ နှလုံးသားထဲမှာရှိတယ်။
အားနည်းသူများအတွက် ကူညီမဲ့သူတွေဖြစ်တယ်။
တရားဥပဒေ အတွက်ဆို..
အသက်တောင် စွန့် ရဲတယ်။

လာဘ် အကျိုးကို မဆောင်ဖူး..
အာဏာရှင်ကို ဖား..အမြီး မထောင်ချင်ဖူး
အမျိုးဂုဏ်ဆောင်တဲ့ ကျက်သရေ
ထာဝရ ရာဇ၀င်ထဲ..
ဂုဏ်သိက္ခာ..ကျန်နေခဲ့တဲ့ ဒို့ ရှေ့ နေ

မသဒ္ဓါ (၅။၂။၂၀၀၉)

ရှေ့နေ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် ပြန်လွတ်
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဥပဒေအကျိုးဆောင်ပေးနေရင်း ဖမ်းဆီးခံရတဲ့ ရှေ့နေကြီး ၂ ဦး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ ရန်ကုန်မြို့က ၀ါရင့် ရှေ့နေကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ဟာ ထောင်ဒဏ် (၄) လစီ အသီးသီး ပြစ်ဒဏ်ကျခံနေရာက ဒီကနေ့ ပြည့်မြောက်ခဲ့တဲ့ အတွက် သူတို့ကို ဖမ်းဆီးထားတဲ့ နယ်ထောင်တွေက ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ဒီအထဲက ရှေ့နေကြီး တဦးဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီး ၂ ဦး ဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ ၂ ဦး ကို တရားရုံးကို မထေမဲ့မြင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လထဲတုန်းက ထောင်ဒဏ် (၄) လစီ အသီးသီး အပြစ်ပေးထားရာက ဒီနေ့မှာတော့ ထောင်ဒဏ် ရက်ပြည့်လို့ ပြန်လွှတ်ပေးလိုက်တာပါ။ အတိုက်အခံအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီရဲ့ ဥပဒေ အကျိုးဆောင်တွေလည်း ဖြစ်ကြတဲ့ ဦးအောင်သိန်း က ဧရာဝတီတိုင်း ပုသိမ်ထောင်၊ ဦးခင်မောင်ရှိန် ကတော့ မြောင်းမြထောင်တွေကနေ လွတ်မြောက်လာခဲ့ကြတာပါ။ ထောင်ကလွတ်တဲ့နေ့၊ ရှင်လိင်ပြန်တဲ့ နေ့၊ မင်္ဂလာဆောင်တဲ့ နေ့တွေဟာ လူတယောက်အတွက် အပျော်ဆုံးနေ့တွေလို့ မြန်မာ့ဆိုရိုးစကား ရှိပေမဲ့ နဂိုကတည်းက ပြစ်ဒဏ်နဲ့ မထိုက်သူတွေဖြစ်တာမို့ အခုလို လွတ်လာပေမဲ့လည်း အထူးတလည် ၀မ်းမသာနိုင်ဘူး ဆိုပြီး ရှေ့နေကြီး ဦးအောင်သိန်း က ထောင်ကလွတ်လာတဲ့ နေ့မှာပဲ ပြောလိုက်ပါတယ်။

ရှေ့နေ ဦးအောင်သိန်း
“လျှောက်လဲချက်ပေးတော့လည်း ထောင်ကျမယ်ဆိုတာ စိတ်ထဲမှာ သံသယ ရှိတော့ ကိုယ့်ဘာသာ ဆေးနဲ့ အင်္ကျီ အ၀တ်အစားတွေ အကုန်လုံး အဆင်သင့်လုပ်ထားတာပေါ့နော်။ တရားစီရင်မှုက ငါနဲ့ပတ်သက်တဲ့ တရားစီရင်မှုဟာ very speedy ဖြစ်နေတယ်ဆိုရင် ငါ့ကို ထောင်ချဖို့အတွက် အစီအစဉ်တော့ ရှိနေပြီဆိုတာ တွက်ထားတာပေါ့နော်။ အဲဒီအတွက်လည်း ထောင်ကျသွားလို့လည်း ကျနော့်အတွက်လည်း ဘာမှ အထွေအထူး အံ့သြမှု မရှိပါဘူး။ အယ် - နောက်တခုက ထောင်ကထွက်လာတော့လည်း ကျနော့် ရက်ပြည့် လပြည့် နေ့ပြည့် ထွက်တဲ့သူတွေလိုလည်း ဘာမှ ၀မ်းသာစရာ အကြောင်းတရားမရှိပါဘူး။ ဒါ သမားရိုးကျ ပါ။ ဒီလိုပဲခံစားပါတယ်။”
နောက်တခုက တခြားထောင်တွေမှာ ဒီလိုပဲ ရောက်သွားတဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ဆက်စပ်ဖမ်းဆီးခံရတဲ့လူတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ကြားရတာတွေ ရှိပါ တယ်။ ထောင်တွင်းတွေမှာ ဖိနှိပ်မှုတွေ ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တွေ မကောင်းဘူး။ စသဖြင့် သတင်းတွေ ကြားတယ်ဆိုတော့ အန်ကယ့် အတွေ့အကြုံတွေကရော ထောင်ထဲမှာ ဘယ်လို ကြုံခဲ့ရလဲ ခင်ဗျ။ -
“ကျနော် ရောက်လာတဲ့ ပုသိမ်ထောင်မှာဆိုတော့ ဆရာဝန်မရှိဘူးပေါ့နော်။ မရှိတော့ တခါတလေကျရင် အပြင်က ဆရာဝန် တို့ ဆေးရုံက ဆရာဝန်တို့ကို ခေါ်ပြီးတော့ ဒီ တလတကြိမ်တို့၊ သုံးပတ် တကြိမ်တို့ ခေါ်ပြတာလေးတွေ တော့ ရှိပါတယ်။ ကျနော်တို့အတွက် လာလည်း ကြည့်တာပေါ့ဗျာ။ ဒါပေမယ့် ခက်တာက ကျနော်တို့ သာမန်ရောဂါမျိုးကျတော့ ဘာမီတွန်လေး ပေး၊ ပါရာစီတမော့လေး ပေးတဲ့ဟာမျိုးတွေက များနေတယ်ပေါ့ဗျာ။ တကယ့် ဆေး ဘာညာလည်း မရှိဘူး။ နောက်ပြီးတော့ ဆေးမှူးဆိုတာကလည်း ကျနော်တို့သိတော့ ဒီ ဆေးတပ်က ထောင်ကျတဲ့ အကျဉ်းသားတွေကို ပြန်ပြီးတော့ ဆေးမှူးအဖြစ် သူတို့ကနေ သွေးပေါင်ချိန်တယ်။ ဒီလောက်ပဲ လုပ်နိုင်တာကိုးဗျ။”
နောက်တခုကလည်း အန်ကယ်ကတော့ ပြန်လွတ်လာတယ်။ ဒါပေမယ့် အစောပိုင်း ဒီလိုပဲထောင်ကျခံလိုက်ရတဲ့ ရှေ့နေတွေလည်း အပါအ၀င်ပေါ့နော်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ထောင်နဲ့ချီပြီးတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ရှိနေသေးတယ် ဆိုတော့ ဒီအပေါ်မှာရော အန်ကယ် ခံစားချက် ဘယ်လိုရှိလဲခင်ဗျ။ -
“ကျနော် စိတ်မကောင်းဖြစ်တာကတော့ လိုက်လက်စ၊ လုပ်လက်စအမှုတွေပေါ့ဗျာ။ အထူးသဖြင့် အင်းစိန်ထောင် ဗဟိုမှာ ၂၀၀၇ ခုနှစ် သြဂုတ်လ ကျောင်းသားတွေ ဒီ မင်းကိုနိုင် တို့ လမ်းလျှောက်ဆန္ဒပြတာက အစ၊ နောက် စက်တင်ဘာမှာ သံဃာတွေ မေတ္တာပို့တဲ့အမှုတွေ ကျနော် လိုက်ပါဆောင်ရွက်ပေးရတာ အကုန်လုံး တိုးလို့တန်းလန်းတွေ ဖြစ်သွားပြီးတော့ သူတို့ ဒုက္ခတွေရောက် ထောင်တွေကျသွားတယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော် ကျသွားပြီးတော့ တခြား ရှေ့နေတွေ မလိုက်ဘူးလား ဆိုတော့ တခြား ရှေ့နေတွေ၊ ကျနော်နဲ့ပြောတဲ့ ရှေ့နေတွေ၊ ဆက်လိုက်ပေးမယ်ဆိုတဲ့ ရှေ့နေတွေ အကြောင်းအမျိုးမျိုးကြောင့် အဟန့်အတားတွေခံပြီး တရားခွင်မှာ သူတို့ တက်ရောက်ခွင့် မရတော့ဘဲနဲ့ သူတို့က ထောင်ထဲမှာဝင်ပြီးတော့ တရားရုံးကို ၀င်ခွင့်တောင်မရဘူး။ တားဆီးခံရတယ်ဆိုတာ ကျနော် သိတယ်။ ဒါ ကိုကျော်ဟိုး တို့၊ ကိုမောင်မောင်လတ် တို့ဆိုတာ အဲဒီလိုတွေ ဖြစ်လာတယ်ဗျ။ အဲတော့ ကျနော်လည်း ဘယ်လို နားလည်ရမှန်း မသိဘူးပေါ့နော်။ ကျနော်တို့ ရှေ့နေတွေအပေါ်မှာထားတဲ့ သဘောထားကို။”
နောက်တခုက အန်ကယ် ပြန်လွတ်လာပြီဆိုတော့ ဒီဥပဒေရေးရာ အလုပ်တွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို လိုက်လက်စတွေလည်း ရှိတယ်ဆိုတော့ ဆက်လိုက်ဖို့ရော ရှိလားခင်ဗျ။ -
“ကျနော် ဆောင်ရွက်မှာပါ။ ကျနော့်မှာ ဒီဟာ ဆောင်ရွက်ပေးရမယ့် အတိုင်းအတာ တာဝန် ရှိတယ်လို့ ကျနော် ခံယူထားပါတယ်။ ကျနော် ဆုံးခန်းတိုင်အောင် ကျနော် လုပ်ပေးရမယ်။ ကျနော် တိုးလို့တန်းလန်း ဖြစ်သွားကတည်းကတော့ ကျနော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ မဟုတ်ဘူးပေါ့ဗျာ။ ကျနော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ထောင်ထဲ ထည့်ထားတဲ့အချိန်မှာ ကျနော် ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် စိတ်ထဲကတော့ ကျနော် အမှုလိုက်နေဆဲပါပဲ။”
ဒီကနေ့ပဲ ဧရာဝတီတိုင်း ပုသိမ်ထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း ပါ။ အလားတူ စွပ်စွဲချက်နဲ့ပဲ ထောင်ဒဏ် (၆) လ အပြစ်ပေးခံခဲ့ရတဲ့ လူငယ်ရှေ့နေတဦးဖြစ်တဲ့ ကိုညီညီထွေး ကတော့ အခုအချိန်အထိ ရန်ကုန် အင်းစိန် အကျဉ်းထောင်ထဲမှာ ပြစ်ဒဏ်တွေကို ဆက်လက် ကျခံနေရဆဲလည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/2009-03-06-voa4.cfm

ကိုညီညီထွေး ၏ အင်တာဗျူး
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 17:51 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံတော်က ပေးအပ်ခဲ့သည့် ဥပဒေဘွဲ့ဖြင့် ရှေ့နေလိုက်ခဲ့သူ တဦးသည် ပြစ်ဒဏ်စေ့သဖြင့် အကျဉ်းထောင်က ပြန်လွတ်လာသော်လည်း ရှေ့နေလိုင်စင် ရုပ်သိမ်းခံလိုက်ရသဖြင့် ဝမ်းမသာနိုင်ကြောင်း ယနေ့ ပြောဆိုသည်။

တရားရုံးအား မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၆ လ ချခံရသူ ၃၃ နှစ်အရွယ် လူငယ်ရှေ့နေ ကိုညီညီထွေးသည် လွတ်ရက်စေ့သဖြင့် ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွတ်လာခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းသူ ကြည့်မြင် တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦးအတွက် တရားခွင်တွင် ခုခံကာကွယ်ပေးရာမှ မြောက်ပိုင်းခရိုင် တရား ရုံး က ရုံးတော် မထီမဲ့မြင်မှုဖြင့် ပြစ်ဒဏ်ချခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် ထောင်ဒဏ် ချခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ စတင်ကာ အမှုလိုက်လာခဲ့သော်လည်း ယခုအခါ ရှေ့နေ လိုင်စင်ပါ အသိမ်းခံလိုက်ရသည်။

သူ၏ ထောင်တွင်း အတွေ့အကြုံနှင့် ခံစားချက်၊ အတွေးအမြင်တချို့ကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

ဘယ်တုန်းက ပြန်လွတ်လာတာလဲရှင်။

ကျနော် မနေ့က ပြန်လွတ်လာပါတယ်ခင်ဗျာ။ မနက် ၁ဝ နာရီလောက်က ထွက်လာခဲ့တာပါ။ ရိုးရိုးအရပ်ဝတ်နဲ့ပဲ ထွက်လာခဲ့ပါတယ်။ ဘာဝန်ခံလက်မှတ်မှ မထိုးခဲ့ရပါဘူး။ ရောက်ကတည်းကနေ ပြန်ထွက်တဲ့ အချိန်အထိ အင်းစိန်ထောင်မှာပဲ နေရတာပါ။

ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲရှင့်။

ကျန်းမာရေးကတော့ သိပ်မကောင်းဘူးခင်ဗျာ။ ကျနော်က အပြင်မှာ ကတည်းက ဖြစ်တာပါ။ ကျနော်က နှလုံး သိပ်မကောင်းဘူး။ အခုတော့ ဆေးစားဆေးသောက် နေရတယ်ပေါ့လေ။

အခုလို ထောင်ဒဏ် ချမှတ်ခံရတဲ့ အမှုအကြောင်းကို ရှင်းပြပေးပါလား။

အဲဒီ အမှုကတော့ လှိုင်သာယာမြို့နယ် တရားရုံးမှာ ကျနော် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ သန့်ဇင်ဦး အပါအဝင် ၁၁ ဦး အမှုကို ပထမဦးဆုံး ရောက်သွားတဲ့ ရုံးချိန်းပါပဲ။ ကျနော် စစ်ဆေးရမယ့် အချိန်မှာ စစ်တယ်။ ကျနော့် စစ်ဆေးမှု မတိုင်ခင်မှာ ကျနော့် အမှုသည် မဟုတ်တဲ့ ကိုရန်နိုင်ထွန်းက သူ့အလှည့်မှာ ပြောတာက လက်ရှိ တရားစီရင်ရေးကို သူ့အနေနဲ့ လက်မခံနိုင်ဘူး။ အယုံအကြည် မရှိဘူးလို့ ပြောပါတယ်။ ဒါကို တရားသူကြီးက ကျနော် တရားခံတွေ ပြောဆိုတာကို ထိန်းသိမ်းပေးပါလို့ ပြောတယ်။ ထိန်းပေးပါပေါ့။ ကျနော်နဲ့ ဦးစောကျော်ကျော်မင်းကို ပြောတယ်။ အဲဒီအချိန်မှာ ကျနော် ပြောလိုက်တယ်၊ ကျနော်တို့ဟာ အမှုသည်တွေရဲ့ တင်ပြလျှောက်ထားချက်အရ လိုက်ပါဆောင်ရွက်ရတာ ဖြစ်ပါတယ်။ သူတို့ကို ဒါတွေကို မလုပ်နဲ့ဆိုပြီး တင်ပြ ပိတ်ပင်ခွင့် မရှိဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီအပေါ်မှာ တရားသူကြီးက သူတို့အမှုသည်တွေကို တာဝန် မယူဘူး ဆိုပြီးတော့ မှတ်တမ်းတင်ပါတယ်။ အဲဒါကို နေ့ချင်းပဲ အမှုတိုင်တမ်းပြီးတော့ ဖမ်းလိုက်တာပါ။

အခုလို ပြစ်ဒဏ် ချတဲ့အပေါ် ရှေ့နေ တယောက်အနေနဲ့ ဥပဒေအကြောင်းအရ ဘယ်လို မြင်လဲရှင့်။

တရားခွင်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အမှန်မဟုတ်ဘူးခင်ဗျာ။ တချို့ အစိတ်အပိုင်းတွေ မှန်သော်လည်း တချို့ အစိတ်အပိုင်း မှာ မမှန်ဘူး။ ဒါပေမဲ့ ဒီတရားခွင်မှာ ပေါ်နေတဲ့ မှတ်တမ်းတွေအရ ကျနော်တို့ကို တိုင်တာ စတင်မှတ်တမ်းတင် ကတည်းကိုက မမှန်ဘူး။ ကျနော်တို့ တာဝန်မယူဘူးလို့ မပြောဘူး။ ဒါပေမဲ့ တာဝန်မယူပါဘူးလို့ ပြောတယ်ဆိုပြီး မှတ်တမ်းနဲ့ အမှုစွဲခဲ့ပါတယ်။

ကျနော့်အမှုက အာမခံ ရတဲ့ အမှုပဲ။ အဲဒါကို ကျနော် အာမခံ လျှောက်ဖို့ မပြောလိုက်ရဘူး။ ကျနော် အပြင်ထွက်မယ် လုပ်တော့ ကျနော့် ကို ရဲက ဖမ်းဆီးသွားတယ်ဗျာ။ ကျနော် လျှောက်ထားခွင့် ရှိတယ်။ အဲဒီ အခွင့်အရေး ရှိတယ်။ မရခဲ့ပါဘူး။

နောက်တရက်မှာလည်း ရုံးပြန်ထုတ်ပါတယ်။ လုံခြုံရေးတွေနဲ့ ပိတ်လိုက်ပြီးတော့ အမှုဖြစ် အကြောင်းအရာကို မေးတယ်။ တရားသူကြီးက တယောက် ၆ လ ချလိုက်တယ်။ ခုခံ ချေပခွင့် မရဘူး။ ကျနော် ပြန်ထွက်လာတဲ့ အချိန်မှ ကျနော် အမှုတွဲ ပြန်လေ့လာကြည့်တဲ့အခါမှာ ကျနော်တို့ဟာ အပြစ်ရှိကြောင်း ဝန်ခံထားတာကို ဒီမှတ်တမ်းတင် စာအုပ်မှာ တွေ့ရတယ်ခင်ဗျာ။ အမှန်က ကျနော် အပါ ၄ ယောက်ဟာ လုံးဝ ဝန်မခံခဲ့ပါဘူး။ ဒါဟာ ကျနော်တို့အနေနဲ့ ခုခံချေပခွင့် မရခဲ့ဘူး။ အခွင့်အရေး ချိုးဖောက်ခံရတာပါဗျာ။

ထောင်ထဲမှာ နေထိုင်စားသောက်ခဲ့ရပုံကို ပြောပြပါအုံး။

စရောက်ရောက်ချင်း ထောင်ထဲမှာ တခြားအကျဉ်းသားတွေလိုပဲ ကျနော့်ကို ထားတယ်ဗျာ။ တိုက်ခန်းတွေလိုမှာ နေရတယ်။ ကျနော့်ကို တပတ်လောက်ကြာတဲ့အခါ အထက်က ညွှန်ကြားစာ ဝင်လာတဲ့အတွက် ကျနော့်ကို ပြန်ပိတ်ထားရမယ်လို့ ပြောတယ်။ အချုပ်သားတွေလိုပဲ ထားပါတယ်။ အချုပ်သားတွေ နေရတာကတော့ မနက် ၇ နာရီ မထိုးခင် ၁၅ မိနစ်လောက် အပြင်ထွက်ခွင့် ရတယ်။ ပြန်ပိတ်တယ်။ နေ့လယ် ၁၂ နာရီ ပြန်ဆင်းခွင့် ရှိတယ်။ နောက် ၁ နာရီကနေ ၅ နာရီထိ တိုက်ထဲ ပြန်နေရတယ်။ အဲဒီနောက် ၆ နာရီမှာ ပြန်ဝင်ရပါတယ်။ တနေ့ ၂ နာရီ ၁၅ မိနစ်လောက် အပြင်မှာ နေခွင့် ရှိပါတယ်။ ကျန်တဲ့ ၂၂ နာရီ နီးပါး တိုက်ထဲမှာ နေရပါတယ်။

စားတာကတော့ ကျနော်တို့ နိုင်ငံရေးအမှုနဲ့ အကျဉ်းသားတွေကိုတော့ ဆန်ကြမ်းထမင်း ကျွေးပါတယ်။ ပဲဟင်း ပေးပါတယ်။ ဆား မပါ ဘူး။ အချိုမှုန့် မပါဘူး။ ဒါပေမဲ့ တပတ်တကြိမ် ဆား ပေးပါတယ်။ တာလပေါ ခေါ်တဲ့ ဟင်းရွက်နဲ့ ချက်ထားတဲ့ ဟင်း ပေးပါတယ်။ တရက်ကို ထမင်းက မနက်တကြိမ်၊ ညတကြိမ် ကျွေးပါတယ်။ ဟင်းကတော့ တရက်ကို တကြိမ်ပဲ ကျွေးပါတယ်။ အသားဟင်းက တပတ်ကို နှစ်ကြိမ် ပေးတယ်။ အမဲသားစားသူ အမဲသား ကျွေးတယ်။ အမဲသား မစားသူကို ကြက်ဥ ကျွေးပါတယ်။

အချုပ်ထဲ မရောက်ခင်က ဘယ်လို အမှုမျိုးတွေ လိုက်ပါဆောင်ရွက်ခဲ့လဲ။

ကျနော်က စက်တင်ဘာ အရေးအခင်း မတိုင်ခင် ကတည်းကနေ သာမန်အမှုတွေ လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအမှုတွေ ရှိလာတဲ့ အချိန်ကျတော့ နိုင်ငံရေးအမှုတွေ၊ အကြမ်းဖက်မှုတွေ ကျနော် လိုက်ခဲ့ပါတယ်။ အရပ်ဘက် အမှုတွေ လိုက်ပါနေတဲ့အခါမှာ မြင်တွေ့လာတဲ့ နိုင်ငံရေးအမှုမှာ ရှေ့နေ တော်တော်များများက မလိုက်ကြပါဘူး။ ဘယ်လိုသဘောနဲ့ မလိုက်ကြဘူး ဆိုတာကိုတော့ ကျနော် မပြောလိုပါဘူး။ အဲဒီမှာ ရှေ့နေ ရှေ့ရပ်တွေရဲ့ ရသင့်ရထိုက်တဲ့ ခုခံချေပခွင့်တွေ ဆုံးရှုံးနေတာကို တွေ့ရတဲ့အတွက် ကျနော် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။

ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ စိတ်ကူးထားပါသလဲ။

ကျနော် ရှေ့ဆက်လုပ်ဖို့ လိုင်စင် သိမ်းလိုက်ပါပြီ။ သိမ်းတာက ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ ကျနော် ထောင်ထဲ ရောက်နေတုန်း ကျနော့်အိမ်ကို စာပို့လိုက်တယ်။ ဘယ်လိုစာလဲဆိုတော့ ကျနော်ဟာ ပြစ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ၂၂၈ အရ အလုပ်ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခြင်း ခံရပြီးတော့ အဲဒီအမိန့်ဟာ ယနေ့တိုင် အတည်ဖြစ်တယ် ဆိုပြီးတော့ ဖော်ပြထားတာ တွေ့တယ်။ ကျနော် ရှေ့နေ ဦးညီညီထွေး ကို ရှေ့နေလိုက်ခွင့် မရသည့် ဥပဒေ ပုဒ်မ ၁၃ (စ) အရ ဒီထုတ်ပြန်သည့်နေ့မှ စ၍ ရှေ့နေ လိုက်ပါဆောင်ရွက်ခွင့် ရပ်ဆိုင်းလိုက်သည် ဆိုပြီး အမိန့်ထုတ်လိုက်ပါတယ်။

အခုလို ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး တခြား ဘာပြောချင်သေးလဲရှင့်။

ကျနော် ပြန်လွတ်လာတာကိုတော့ ဝမ်းမသာနိုင်ပါဘူးခင်ဗျာ။ ငယ်ကတည်းကနေ ကျနော် ကြိုးစားခဲ့ရသမျှ၊ အားထုတ်ခဲ့ရသမျှ၊ ရင်းနှီးခဲ့ရသမျှ ကျနော် ရရှိခဲ့တဲ့ ရပ်တည်ချက်လေးတခု အထက်တန်း ရှေ့နေ တယောက်၊ ဥပဒေ ပညာရှင်တယောက် အဖြစ်က ကျနော် ရပ်ဆိုင်းခံလိုက်ရပါတယ်။ ကျနော်တို့ ရှေ့နေ လူငယ်တွေကို အညွန့်ချိုးခံရတာပါ။ ဒီ့ထက် ကျနော် ဘာမှ မလုပ်နိုင်ပါဘူးခင်ဗျာ။

ကျနော်က နိုင်ငံတော်က ပေးအပ်တဲ့ ဥပဒေဘွဲ့နဲ့ ကျောင်းပြီးထားတာပါ။ နိုင်ငံတော်က ပေးထားတဲ့ ဥပဒေ၊ ရှေ့နေလိုင်စင် ပေးထားတဲ့ ဥပဒေ အတတ်ပညာရှင် တယောက်ဖြစ်တဲ့အတွက် နိုင်ငံတွင်းမှာ ရှိနေတဲ့ သာမန်အမှုတွေ လိုက်ခဲ့တယ်။ ခွဲခြားခြင်း မရှိခဲ့ပါဘူး။

No comments:

 
/* EOT ----------------------------------------- */