Friday, February 13, 2009

ဗမာ့လွတ်လပ်ရေးသမိုင်း..အောင်ဆန်းအမည်မပါရင် ရာဇ၀င်ရိုင်းတယ်။


အဖေ့ နာမည်မှ မပါ..
မြန်မာ့ သမိုင်းကို ဘယ်လိုရေးကြမလဲဟေ့
အောင်ဆန်းမွေးနေ့က `ကလေးများနေ့´
ဗိုလ်ချုပ်ကျဆုံးတဲ့နေ့  က အာဇာနည်နေ့ 

အောင်ဆန်း (သို့ မဟုတ်) ငယ်မည်မောင်ထိန်လင်း
နိုင်ငံကို ကယ်တင်ခဲ့တဲ့သူ
ရိုးသားဖြောင့်မတ် ဂုဏ်ရည်မတူ။
ကလေးများအတွက် စံတင်ထိုက်သူ။

နှစ်စဉ် ဖေဖေါ်ဝါရီ ၁၃ ရက်
ဖွံထွားကလေး..အလှပြိုင်ပွဲလုပ်
ကလေးများနေ့ မှာ ကဗျာတွေရွတ်။
ပုံပြောကောင်းသူ ပုံပြော။
စာရေးကောင်းသူက စာစီကုံး
အကကောင်းသူ.က
ဆိုချင်တဲ့သူက ဆို..
ဘာမှမလုပ်တတ်သူ..ဂုံနီအိပ်စွပ်ပြေး
မုံ့ စားပြိုင်ပွဲက ပျော်စရာကလေး။
ကျမတို့ ရပ်ကွက်ထဲ တသဲသဲ..
အဖေ့ ဂုဏ်ရည် ချီးမွမ်းတဲ့ပွဲ။

ငယ်စဉ်ကတဲက..
သူ့ ကျွန်မခံချင်တဲ့ ရှေ့ နေသား
၁၉၁၅ နတ်မောက် မှာ ဖွား
တပြည်လုံး န၀မစွဲတဲ့ အင်္ဂလိပ်၊ မြန်မာ သတ္တမတန်း စာမေးပွဲ
မြန်မာ၊ပါဋိ နှစ်ဘာသာ ဂုဏ်ထူးရတဲ့ ဆယ်တန်းစာမေးပွဲ
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အမှုဆောင်
အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာ့ ကလောင်
ဒုတိယ ကောလိပ်သပိတ် (၁၉၃၆)၊
တတိယကောလိပ်သပိတ် (၁၉၃၈)၊
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ကိုအောင်ဆန်း
ဒို့ဗမာအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း
၁၃၀၀ ပြည့် အရေးတော်ပုံကို ကူညီအားပေးခဲ့သူ
ကွန်မြူနစ်ပါတီ သမိုင်း၊ ဖဆပလ သမိုင်း၊
ရဲဘော်သုံးကျိပ်သမိုင်း၊ တပ်မတော်သမိုင်း၊
ပြည်ထောင်စုနေ့သမိုင်း၊ လွတ်လပ်ရေးနေ့သမိုင်း
အရေးကြီး ဗမာ့သမိုင်းဝင်အရေးအခင်းမှန်သမျှ
ကိုအောင်ဆန်း၊ သခင် အောင်ဆန်း၊ ဗိုလ်တေဇ။
ဗိုလ်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း

မညှိုးနွမ်းတဲ့ အာဇာနည်ပန်း။

သူသည်သာ တပ်မတော်၏ ဖခင်၊
သူသည်သာ လွတ်လပ်ရေး၏ ဖခင်၊
သူသည်သာ ပြည်ထောင်စုဖခင်။
အခု စစ်အစိုးရ နအဖ..
သမိုင်းမှန်ကို ခြင်ထောင်ချ
ရုံးနဲ့ ကျောင်းက အောင်ဆန်းဓာတ်ပုံကိုဖြုတ်၊
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိဆွဲဆုတ်
ဂူဗိမ္ဗာန် ကို စစ်သားသချိုင်းလုပ်
ရာဇ၀င်ကို..အခွံဆုတ်နေတာ..
ပြန်လည်ဖော်ထုတ်
ဝိုင်းဝန်းထိမ်းသိမ်းဖို့ ရာ
ကျမတို့ အားလုံး သမိုင်းပေးတာဝန်ပါ။

မသဒ္ဓါ ( ၂။၁၂။၂၀၀၉)

No comments:

 
/* EOT ----------------------------------------- */