အော်..
ကျနော့ မွေးနေ့ ရောက်ပြန်ပြီလား အမေ
လူတလုံး သူတလုံးဖြစ်အောင်
မွေးပေးခဲ့..အသက်ရှင်သန်ပေးခွင့်ပေးတဲ့အတွက်
ကျနော် မင်းကိုနိုင် က ကျေးဇူးတင်ပါတယ်။
ဒီနေရာက သားဦးချ ကန်တော့လိုက်ပါတယ်။
နှစ်အလီလီ ဖြတ်သန်း..
အမှောင်လမ်းမှာ..
ကြောက်ရွံ့ စိတ်ကိုမောင်းထုတ်..
အမှန်တရားကိုဖော်ထုတ်တဲ့အခါ..
သေတနေ့ မွေးတနေ့ ..
နံပါတ်တွေ တိုးလာတဲ့
မွေးနေ့ ပေါင်းများစွာ...
တယောက်ထဲ ဖြတ်သန်း..
မှတ်တောင် မမှတ်မိတော့ဘူး..
ဘယ်အချိန်..ဘယ်ရက်..
ဘယ်လောက်နံပတ် နဲ့  အသက်
ထွန်းရမဲ့ ဖယောင်းတိုင် အရေအတွက်
လောလောဆည်ဆည်
ထောင်ထမင်းနဲ့ ဘဲ အသက်ဆက်တယ်.။
ကျနော် ရှက်တယ် အမေ..
ထောင်ထဲ..တစ်ရက် တစ်ရက်
ကျနော် အသက်ကြီးလေလေ..
အာဏာရှင်သက်ရှည်နေဆဲ
ပြီးအောင်တိုက်မှ ဖြစ်မယ်။
ကျနော်သည် ခွပ်ဒေါင်းနီ.
ပျော့ညံ့ မနေနိုင်ဘူး..
မွေးတဲ့ရက်တွေသည် အရေးမကြီးဘူး..
အများအတွက်..ဆက်တက်ရမဲ့လမ်း..
သေတဲ့နေ့  မရောက်သေးဖို့ ဘဲအရေးကြီးတယ်။
တောင့်ထားတဲ့ အသက်...
လင်းရောင်မြင်မဲ့ အာရုဏ်မနက်ထိ
ဘယ်လိုမှ မထွက်ဖြစ်သေးအောင်..
တိုတောင်းတဲ့ ဘ၀ထဲ
ကိုယ်အတွက် ကိုယ်အသက်မရှင်
အများအတွက် အသက်ရှင်တဲ့အခါ.
မသေဖို့ စောင့်ရှောက်မှုဟာ..သမိုင်းပေးတာဝန်တရပ်..
ကျနော်..နောင်နှစ်မွေးနေ့ အထိ..
မားမားရပ်နေမြဲ..
ကျောင်းနံရံမှာ..
ဒေါင်းအလံ ကျနော်ပြန်စိုက်တဲ့အချိန်
အမေရယ် ရင်ကော့
ဝမ်းမြောက်စွာ ဂုဏ်ယူပါတော့
မသဒ္ဓါ (၁၀။၂၀။၂၀၀၉)
ပျော်ရွှင်မွေးနေ့ ပါ ကိုမင်းကိုနိုင်။
Monday, October 19, 2009
မွေးတဲ့နေ့ က အရေးမကြီးဘူးအမေ..မသေဖို့ က အရေးကြီးတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment