ငယ်ငယ်..သိတတ်တဲ့ အချိန်ကစ
အဖြူလား အမဲလား..
ဝေဝါးတဲ့ အရိပ်
အဖေ့ အနံ့ အသက်တောင်
မရှူရှိုက်ခဲ့ရဖူးတဲ့ သမီးပါ..
မေမေပြတဲ့ ဓါတ်ပုံတစ်ပုံ..
“ဒါ သမီးလေးရဲ့ အဖေ..
အဝေးတစ်နေရာ ရောက်နေဆဲ.
ပြန်လာရင်..ဒယ်ဒီလို့ခေါ်ရမတဲ့”
သမီး အသက် (၄)နှစ်
ကျောင်းကြီး မတက်ရသေးခင်
အ၀တ်အစား လှလှဆင်..
အဖေ့ ကိုတွေ့ ဖို တဲ့
သွားရမဲ့ လည်လည်..
ယူနီဖောင်းနဲ့  ထောင်ရဲတွေ ကြားမှာ..
သမီးမျက်လုံးကလေး..ကလည်ကလည်..
အဖေရယ်..ဘယ်မှာလည်း..
ဒီနေရာ သူဘာလုပ်နေတာပါလည်း။
သံတိုင်ရဲ့ အတွေ့ အေးစက်စက်..
အဖေ လူစိမ်း..နွမ်းဖတ်လျှက်..
အမေ့ မျက်နှာ..မျက်ရည်လက်စက်..
"ဒါ သမီးရဲ့ဖေဖေ..
တွေ့ ချင်တယ်ဆို နှုတ်ဆက်.."
အမေ ကမိတ်ဆက်ပေးတယ်။
“ကျမ ဝေနှင်းပွင့်သုန်.ပါ.
ဒယ်ဒီ နေကောင်းပါသလား..”
အမေ သင်ထားသလို ကျမပြောတဲ့အခါ..
သံတိုင်ကြားထဲက အဖေ..
ဝဲတဲ့ မျက်ရည်..တုန်ရီတဲ့ လေသံ
သမီးလက်ဖောင်းဖောင်လေးတွေ ကို
သူရဲ့ ညစ်ပေတဲ့ လက်တွေ နဲ့ ဆုတ်ကိုင်..
“သမီးငယ်
အမေ့ စကားနားထောင်.
လိမ်မာအောင်နေ..
ကကြီး ခခွေးကျက်..ကျောင်းကြီးတက်
အဖေ မကြာခင် အိမ်ပြန်တဲ့ အခါ
သမီးကို ပန်းခြံတွေထဲလိုက်ပို့ မှာပါ။”
ဆွေးမြေ့တဲ့ မျက်လုံးတွေ နဲ့ 
" မေရယ်..
သမီးကို မောင် ပွေ့ ဖက်
နမ်းကြည့်ချင်လိုက်တာ.."
မချင့်မရဲ အဖေပြောတဲ့ အခါ..
အမေ က ငိုချတယ်..
အိမ်အပြန်..
“မာမီ..ဒယ်ဒီက လူဆိုးကြီးလား..
ဘာလို့ များ ဒီအချုပ်ထဲ..
ညစ်ညစ်ပတ်ပတ် နေရတာ.”
မာမီက ဖြေတယ်..
“သမီး..လူဆိုးတွေ ကောင်းစားတဲ့အခါ
လူဆိုးတွေ ထောင်မကျ.
လူကောင်းတွေ ထောင်ထဲကျတယ်
သမီးကြီးလာရင်..နားလည်မယ်”
သမီး ၈ နှစ်
အဖေ ထောင်ပြင်ထွက်ခဲ့တယ်.
တဖြေးဖြေးနားလည်ခဲ့ရတဲ့ အဖေ့ နှလုံးသား
ကျမ လေးစားတယ် ဖေဖေ
“ ၈၈ မျိုးဆက် ကျောင်းသား အုပ်စု”
လွတ်လပ်ရေးတွေ ပုံဖော်နေတဲ့ သူတစု
အဖေ က တော့ ဆက်တိုက်ဆဲ
အမေ ကတော့ စိတ်ပူဆဲ
သမီး ဘ၀က..အနှိမ်ခံရဆဲ။
နိုင်ငံရေး လှုပ်ရှားသူ သာ စတေးခံ ရစမြဲ။
ခေါ်ရဲသူ ပြောရဲသူမရှိ။
သူငယ်ချင်းများ.လမ်းမှာရှောင်..
နိုင်ငံရေးသမားရဲ့ သမီးတဲ့..
မိသားစုလိုက်စတေး..
မြန်မာပြည်ကောင်းစားရေး..
သမီးတော့ ဂုဏ်ယူတယ်.
ထောင်ထဲ တသက်လုံးတော့ မကျနိုင်ပါဖူးအဖေ..
အဖေရယ်..
အားသာ တင်းထား..
အဖေရဲ့ မပြီးတဲ့ စစ်ပွဲ..
သမီးလည်း နွှဲနေသူ..
အဖေတို့  လွတ်မြောက်ရေး..
မြန်မာနိုင်ငံသား အားလုံး လွတ်မြောက်ရေး.
သွေးစက်ရှိသမျှ ပေးဆပ်မယ်အကုန်
ကိုမြအေး ရဲ့သမီး .. ကျမ ဝေနှင်းပွင့်သုန်
မသဒ္ဓါ (၄။၎။၂၀၀၉)
အာဇာနည် ကိုမြအေးနဲ့ သမီးငယ် ဝေနှင်းပွင့်သုန် တို့ အတွက်
၈၈ကျောင်းသား ကိုမြအေးဖြစ်ပါတယ်။
အဖေလျှောက်တဲ့ လမ်းပေါ်က သမီး
ဧရာဝတီ
မဝေနှင်းပွင့်သုန်သည် လက်ရှိ လွိုင်ကော် ထောင်၌ အကျဉ်းချခံ နေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေး၏ သမီးကြီးဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန် မြို့တွင် စီးပွားရေးပညာ သင်ယူလျှက် ရှိသည်။ ၎င်းသည် နိုင်ငံရေးနှင့် စီးပွားရေးပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန် လျှောက်ထားဆဲ ဖြစ်ပြီး ဖခင်ဖြစ်သူ ဦးမြအေး အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် တတပ်တအား ပါဝင် ဆောင်ရွက် နေသူ တဦးလည်း ဖြစ်သည်။ အသက် ၂၀ ရှိပြီ ဖြစ်သော မဝေနှင်းပွင့်သုန်သည် “လန်ဒန် အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့” (Burma Campaign UK) ၌ လှုပ်ရှားမှု တာဝန်ခံ တဦးအဖြစ် ဆောင်ရွက်လျှက်ရှိသည်။ သူ့ဖခင် ဦးမြအေးမှာ ၂၀၀၇ ခုနှစ် သြဂုတ်လက လောင်စာဆီဈေးနှုန်းများ တိုးမြှင့်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သဖြင့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ အပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့်အတူ အဖမ်းခံ ခဲ့ရသည်။ ၎င်းအဖမ်းခံရစဉ် ဇနီးသည်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ဖခင်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား တဦး ဖြစ်နေသော မဝေနှင်းပွင့်သုန်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ ။ ဘဝမှာ အဖေဆိုတာကို ဘယ်အချိန်မှာ မှတ်မှတ်ရရ စသိခဲ့ပါသလဲ။
ဖြေ။ ။ သမီးအဖေက သမီး ၅ လ အရွယ်ကတည်းက ၁၉၈၈ အရေးအခင်းကြောင့်ဆိုပြီးတော့ ထောင် ၈ နှစ် ကျသွားတယ်။ သမီးဘဝမှာ အဖေ့ကို ၄ နှစ် အရွယ်ကျမှ ပထမဆုံး ပြန်တွေ့ရတာရှင့်။ ဒီကြား ထဲမှာတော့ သမီးအမေက ဓာတ်ပုံပြပြီး “ဒါ နင့်အဖေ။ ဒယ်ဒီလို့ခေါ်” ဆိုပြီး အမြဲတမ်းသင်ပေးလို့သာ သမီးရဲ့ နှလုံးသားထဲမှာ ဒါ အဖေဆိုပြီးတော့ သိခဲ့ရတာ။ မျက်နှာချင်းဆိုင် တွေ့ရတာတော့ သမီး ၄ နှစ် ကျမှ၊ အဲဒါကလည်း အဖေက သံတိုင်ကြားထဲမှာ ဆိုတော့ သမီးတို့နှစ်ယောက်က လက်ချောင်းလေးတွေ ထိတာကလွဲရင် အဖေ့ကို သမီးကဖက်လို့ မရခဲ့ဘူး။ အဖေကလည်း သမီးကို ဖက်လို့ မရခဲ့ဘူး။ သမီး ၈ နှစ် အရွယ်ကျမှ အဖေ့ကိုသေချာ ပြန်တွေ့ရတာပါရှင့်။
မေး။ ။ အဖေက နိုင်ငံရေးသမားဆိုတာ ဘယ်အချိန်မှာ စ သိတာလဲ။
ဖြေ။ ။ ၄ နှစ်သမီးအရွယ်တုန်းက အမေက အင်းစိန်ထောင်ကို ခေါ်သွားတုန်းကတော့ အဖေ့ကို တွေ့မယ်ဆိုတာပဲ သိတယ်။ ဒီလိုနေရာမျိုးကို သွားရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အရမ်းကို ထူးဆန်းနေတယ်။ ဒါပေမယ့်လည်း အမေရှင်းပြတာတွေ အားလုံးသိခဲ့ရပြီးတဲ့ နောက်ပိုင်း သမီး အဖေ့ကို အရမ်းလေးစားတယ်။ ဘဝကို ပေးဆပ်ပြီးလုပ်ခဲ့တဲ့ အဖေ့ကိုသနားတယ်။
ထောင်က ထွက်လာတဲ့ နောက်ပိုင်း အဖေက နိုင်ငံရေးကို ဆက်လုပ်တယ်။ ၂၀၀၄ ခုနှစ်မှာ .. နိုင်ငံရေး အကျဉ်းသားတွေ ထွက်လာတဲ့ အချိန်ဆိုတော့ “ ၈၈ မျိုးဆက် ကျောင်းသား အုပ်စု” ဆိုပြီး ပြန်ဖွဲ့ပြီးတော့ လုပ်တယ်။ အဲဒီအချိန်မှာလည်း သမီးအဖေ ဘယ်အချိန် လာဖမ်းခံထိမလဲ ဆိုပြီးတော့ စိတ်ပူခဲ့ရတယ်။
၂၀၀၅ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲအောင်တော့ တက္ကသိုလ်တက်ဖို့ လျှောက်တယ်။ ဒါပေမယ့် သမီးလိုချင်တဲ့ ဘာသာရပ်ကို မရခဲ့ဘူး။ ဆိုတော့ သမီးအဖေနဲ့ သမီး မိသားစုက သမီးပညာရေး ကောင်းစားဖို့အတွက် ဆိုပြီး နိုင်ငံခြားမှာ ပညာသင်ဖို့လွှတ်ခဲ့တယ်။ သမီးအဖေကို နောက်ဆုံးအကြိမ်နဲ့ မြင်ခဲ့ရတာ လွန်ခဲ့တဲ့ ၂ နှစ်ကပေါ့။ လန်ဒန် ရောက်လာတဲ့ အထိ အဖေနိုင်ငံရေး ဆက်လုပ်နေတယ် ဆိုတာကို သိတယ်။
အဖေ ပြန်အဖမ်းခံထိတဲ့ ၂၀၀၇၊ သြဂုတ်လ ၂၂ ရက်နေ့ မနက်မှာ အဖေနဲ့ စကားပြောလိုက်ရတယ်။ အဖေလုပ်နေတာ အဆင်ပြေရဲ့လား … ။့ အဖေလုပ်နေတာတွေကို သမီး အရမ်းအားကျတယ်။ လူတွေ အများကြီး အဖေတို့ အဖွဲ့ကိုအားပေးတယ် .. ။ ဒါပေမယ့် နည်နည်းတော့ ဂရုစိုက်ဦး လို့ ပြောတော့ အဖေကပြန်ပြောတယ် “ငါတို့နိုင်ငံတော်ကြီး ပြောင်းလဲဖို့ နီးလာပါပြီ ဘာမှမဖြစ်ပါဘူး” တဲ့။ ညလည်း ရောက်ရော သမီးကို လူတွေက ဖုန်းဆက်တယ် နင့်အဖေပါသွားပြီ ဆိုပြီးတော့။
မယုံနိုင်ဘူး။ သမီးပြန်ပြောတယ် “မဟုတ်ပါဘူး ဒီနေ့မနက်ပဲ ဖုန်းပြောလိုက်ရသေးတယ်” လို့။ ဒါပေမယ့် ကြားလိုက်တဲ့ အချိန်မှာတော့ ဘာလုပ်ရမှန်းကို မသိဘူး။ အရမ်းကို shock ဖြစ်ပြီးတော့ တော်တော်ကို စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့်လည်း မျှော်လင့်ခဲ့ပြီးသား။ အဖေကလည်း မျှော်လင့်ထားဖို့ ပြောခဲ့ တယ်။ ဒါကြောင့် ကိုယ့်ဟာကိုယ် စိတ်ကိုပြန်တင်းပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နိုင်တယ်။
သမီးက ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလမှာ ရန်ကုန်ကနေ လန်ဒန် ရောက်ပါတယ်။ သမီးအဖေက အခု လောလောဆယ် ထောင်ထဲမှာ ၆၅ နှစ်ကျခံနေရတယ် ဆိုတော့ သမီးအဖေလွတ်မြောက်ဖို့ အပါအဝင် တခြားနိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ကို သမီးတတ်နိုင်သလောက် တစိတ်တပိုင်း ပါဝင်ကူညီ ဆောင်ရွက်နေပါတယ်။ ကိုယ့်ကိုယ်ကို တာဝန်ပေးထားတာကတော့ သမီးအဖေ လွတ်မြောက်ဖို့နဲ့ မြန်မာနိုင်ငံသား အားလုံး လွတ်မြောက်ဖို့ပါ။
မေး။ ။ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု လုပ်မယ် ဆိုတဲ့ အပေါ်မှာကော ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ သမီးအနေနဲ့ကတော့ လူတိုင်းက ဒီနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့အတွက် တတ်နိုင်သမျှ တစိတ်တပိုင်း ပါဝင်ဆောင်ရွက် နေတာတွေ့တော့ အရမ်းဝမ်းသာတယ်။ ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့သလို “နိုင်ငံတော် ပြောင်းလဲမှုကို လိုချင်တယ်ဆိုရင် နိုင်ငံရေးသမား အားလုံးကို အရင်လွှတ်ပေးမှ ရမယ်။ နိုင်ငံရေးသမား အားလုံး လွတ်မြောက်မှသာ နိုင်ငံတော်ပြောင်းလဲမှုရဲ့ အဆင့် ၁ ဆိုတာ ဖြစ်လာ မယ်” ဆိုတဲ့ အတိုင်းပဲ။ အဲဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသား အားလုံး နှိပ်စက်ညှဉ်းပန်း ခံနေရတာက လွတ်မြောက်ပြီး သူတို့ဘဝရဲ့ ယုံကြည်ချက်တွေကို ဆောင်ရွက်လို့ရအောင် သမီးတို့လည်း ကူညီဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်ရှင့်။
မေး။ ။ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ် ဆိုတာကို ဘယ်လို နားလည်ခဲ့လဲ။
ဖြေ။ ။ သမီး ဘဝမှာ အဖေဘာလို့ နိုင်ငံရေးလုပ်တယ်ဆိုတာရယ်၊ အဖေ နိုင်ငံရေး လုပ်ရတာဟာ သမီးတို့မြန်မာ လူမျိုးတွေ နှိပ်စက်ညှဉ်းပမ်း ခံနေရလို့ ဆိုတာရယ်၊ ဒီအစိုးရက ဘယ်လောက်ထိ ရက်စက် တယ် ဆိုတာရယ်ကို သိခဲ့တယ်။ ပြီးတော့ ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးကိုကိုကြီး တို့ရဲ့ စကားတွေအရ သူတို့လိုချင်တာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အဲလောက်ကို သမီးသိခဲ့တယ်။ ဒါပေမယ့် လူ့အခွင့်အရေး ဆိုတာကို ကိုယ်တိုင်မခံစားခဲ့ရတော့ ဘာကို ဆိုလိုချင်မှန်း မသိခဲ့ဘူး။
ဒီနိုင်ငံ ရောက်လာတဲ့ခါကျတော့ လူ့အခွင့်အရေး ဆိုတာကိုမြင်လိုက်ရတယ်။ လူ့အခွင့်အရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် ဆိုတာသိလာတယ်။ ဥပမာ - ဒီက ကျောင်းသား တွေဆိုရင် ကိုယ်သင်ချင်တာ သင်ခွင့် ရတယ်။ ကျောင်းသားဆိုတာ အသစ်အဆန်း တွေကိုလေ့လာချင်တယ်၊ ကိုယ်ယုံကြည်ရာကို လုပ်ချင်တယ်။ ဒါပေမယ့် ရန်ကုန်မှာ ကျောင်းသားဆိုတာက ကျောင်းဝန်းထဲ ဝင်လိုက်တာနဲ့ တကယ့် ထောင်အသေးလေး ထဲ ဝင်လိုက်ရသလိုပဲ။ စာကြည့်တိုက်မှာ ဘာမှမရှိဘူး၊ စာသင်ခန်းတွေဆို ပစ္စည်း အလုံအလောက်မရှိဘူး။
ကွန်ပျူတာလည်း မရှိဘူး။
မြန်မာနိုင်ငံသားတွေက ထောင်ထဲမှာ နေရမှ အကျဉ်းသား မဟုတ်ဘူး။ မြန်မာနိုင်ငံထဲမှာ နေရတာကိုက ထောင်ကျနေသလိုပဲ။ ဥပမာ - သူတို့ဖတ်ချင်တဲ့ စာအုပ်၊ သူတို့သုံးချင်တဲ့ အင်တာနက်၊ သူတို့ ယုံကြည် ရာတွေ ဘယ်လိုမှ လုပ်လို့မရဘူး။ မြန်မာနိုင်ငံသား တွေက အကျဉ်းထောင် ကျနေသလို ဖြစ်နေတယ်။ လူ့ အခွင့် အရေးဆိုတာ မြန်မာနိုင်ငံမှာ လုံးဝ မရှိတဲ့အတွက် သမီး ကြားဖူးခဲ့ပေမယ့်လည်း မခံစားခဲ့ရတော့ အဲဒီအရသာကို မသိခဲ့ဘူး။
မေး။ ။ အဖေက နိုင်ငံရေးသမား တယောက်ဆိုတော့ အထက်တန်း ကျောင်းသား ဘဝမှာ သူငယ်ချင်း အပေါင်း အသင်းတွေက ခွဲခြားဆက်ဆံတာမျိုး ရှိလား။ ဘယ်လို ဖြတ်သန်းခဲ့လဲ။
ဖြေ။ ။ ကျောင်းသား ဘဝမှာတုန်းက သမီးရဲ့ အဖေက နိုင်ငံရေးသမား ဆိုတာကို မသိကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သမီးအနေနဲ့လည်း ထုတ်ပြောလို့မရဘူး။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေက နိုင်ငံရေး အကျဉ်းသား ဆိုတာကို နားမလည်ဘူး။ ကြီးလာလို့ ရှင်းပြတော့လည်း သူတို့က လက်မခံချင်ဘူး။ လက်မခံဘူးဆိုတာ “နင့်ကိုတော့ ငါနားလည်တယ်။ နင့်အဖေကိုလည်း ငါလေးစားပါတယ်။ ဒါပေမယ့် ငါတို့ကိုတော့ မပြောပါနဲ့။ ငါတို့ မိဘတွေမှာလည်း စီးပွားရေးက ရှိသေးတယ်။ ငါတို့ဒါတွေ ဝင်မပါချင်ဘူး၊ ဒုက္ခရောက်လိမ့်မယ် ဆိုတာမျိုး သူတို့က တားဆီးတော့ ကိုယ့်မှာက သူငယ်ချင်းဆိုတာကို ဘောင် အကန့်အသတ် နဲ့ပဲ စကားပြောရတယ်။ သမီးမှာ တကယ်သူငယ်ချင်းလို့ ပြောလို့ရတာက အဖေရှိမယ်၊ ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးကိုကိုကြီး သူတို့တွေပဲ။ သူတို့အားလုံးဆီက နေပြီး သမီး ဗဟုသုတတွေရတယ်။ စကားပြောဖော် ရှိခဲ့တာဆိုလို့ သူတို့ အဖွဲ့ပဲ ရှိခဲ့တယ်ရှင့်။
သူတို့ မရှိတဲ့ အချိန်မှာတော့ အိမ်မှာ အမေနဲ့နေတယ်။ စာကြည့်ချိန်ကြည့်တယ်။ အပြင်လည်း သိပ်မထွက် ဖြစ်ဘူး။ သမီးတယောက်တည်း စာရေးပြီးဆော့တယ်။ သမီးငယ်ဘဝမှာလည်း သူငယ်ချင်း အများကြီးတော့ မရှိခဲ့ဘူး။
မေး။ ။ တခြား ဘာတွေများ ပြောစရာ ရှိသေးလဲ။
ဖြေ။ ။ အဖေ လွတ်မြောက်ရေး အတွက်ကော အားလုံးလွတ်မြောက်ရေး အတွက်ပါ တတ်နိုင်သလောက် သမီး ကြိုးစားလုပ်နေပါတယ်။ သမီးဘယ်တော့မှ အလျှော့မပေးဘူး။ သမီး ပြောချင်တာကတော့ ဗုဒ္ဓဘုရား ဟောခဲ့သလိုပဲ အရာအားလုံးဟာ တနေရာတည်းမှာတော့ မတည်မြဲနေဘူး။ အားလုံးကတော့ ပြောင်းလဲ သွားရမှာပဲ။ ပြောင်းလဲသွားတဲ့ အချိန်ကျရင် သမီးတို့တွေက ပျော်ပျော်ရွှင်ရွှင်နဲ့ နေရမယ်။ အဲဒီအခါကျရင် ခံရတဲ့ သူတွေက ခံရမှာပဲ။ လူတယောက်ဟာ အမြင့်မှာ အမြဲတမ်းတော့ ရပ်နေရမှာမဟုတ်ဘူး ဆိုတာပဲ သမီးပြောချင်ပါတယ်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&catid=4:interview&id=823:2009-03-12-10-58-13&Itemid=10 မှ
Sunday, April 5, 2009
အမွေ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment