
တွေးကြည့်တဲ့အခါ..မနေ့ တနေ့ ကလိုပါဘဲ
ဒါပေမဲ့ ဖြတ်သန်းခဲ့တဲ့ အနှစ် (၂၂) နှစ်..
အော်…သူသာရှိနေရင်..(၄၀ )ကျော်စွန်းရော့..
ဝန်ထမ်းကောင်း အိမ်ထောင်ရှင်ဘ၀..
ပျော်ရွှင် မိသားစုနဲ့  ထိုက်တန်မဲ့သူ
ကံဆိုးစွာ..မြန်မာပြည်မှာ
လူဖြစ်ရတဲ့ ကျောင်းသားဘ၀..
စတေးခံ..စစ်ကျွန်အဖြစ်နဲ့  ဘ၀ဆုံးခဲ့တဲ့သူ..
သူလေ..ကျမရဲ့ တပည့်ကလေးပါ..
အညာသားပိန်ပိန် အသားမည်းမည်း..
ဖြူစင်သော သွားများ၏ ပိုင်ရှင်..
ပညာကို ငတ်မွတ်..အတန်းထဲမှာ..
မေးခွန်းများစွာ မေးတတ်သူ
အမေမုဆိုးမရဲ့ အသည်းစွဲ..
စာရိတ္တကောင်း ရိုးသားသူ..
အပြစ်စင်သောအပြုံး..
မည်သူ့ ကိုမဆို
ကူညီတတ်သော သူ
ဘယ်သူမှ မခိုင်းဘဲ..
နေ့ တိုင်း..ဆရာများ၏ နားနေခန်း..
စေတနာဝန်ထမ်း သောက်ရေဖြည့်ပေးတတ်သူ.
သူ့ ဟာ..
နေခြည်မှာ ပွင့်တော့မဲ့ပန်းလေး လိုဘဲ
ပျော်ရွှင်..နိုးကြားတက်ကြွ..
လူရည်ချွန် နှစ်ထပ်ကွမ်း..
ထူးချွန်တာ..သူလေ ဘက်စုံ
သူသာ ကျောင်းပြီးရင်..
နိုင်ငံတနေရာရာ..၀န်ထမ်း..
တကဲ့ ပြည့်သားကောင်းဖြစ်မဲ့သူပေါ့..
ခုတော့ လမ်းခုလပ်မှာ ကြိုးပြတ်တဲ့ လေတံခွန်..
မြေခကြွေတဲ့ လူရည်ချွန်
၈၈ အရေးအခင်း ကျောင်းပိတ်တဲ့ အချိန်
အမေ နေမကောင်းလို့  ညဖက်သူ ဆေးထွက်အ၀ယ်…
တစ်ညကလေးဘဲ..လ အရောင်ကွယ်..
သူ့ ဘ၀ အဆုံးသတ်တယ်…
စစ်ပုလိပ်များရဲ့ပေါ်တာ..ဘ၀..
စိတ်ကြွဆေး အထိုးခံရ..Brain Wash အလုပ်ခံရ..
လူနေရပ်ကွက်ရဲ့ သောက်ရေကန် အဆိပ် လိုက်ခတ်သူ..ဘ၀နဲ့ ..
သူလေ..အဖမ်းခံ..ခေါင်းဖြတ်ခံလိုက်ရတယ်တဲ့..
အမေအို မုဆိုးမရဲ့ မျက်ရည်စက်
ကျမလေ မကြည့်ရက်ပါဖူး..
ကျမရဲ့မျက်ရည်စက်လည်း..
သူ့ အမေအိုကို အပူမသက်စေချင်ဘူး..
လူကောင်းကလေးတယောက်ရဲ့ဘ၀..
လူယုတ်မာ နံမည်ပျက်နဲ့  ဘ၀ဆုံးတာ..
ဘယ်သူ့ ကတရားခံလည်း..
ဆရာမတစ်ဦးအနေနဲ့  နှစ်နှစ်ကျော်ကာလ..
သိကြွမ်းခဲ့တဲ့ တပည့်..
နေ့ စဉ်..တရက်မပျက်..
သောက်ရေ၀တ်ဖြည့်တတ်သူ..ကလေးငယ်အတွက်..
သူ့ စိတ်နှလုံးသား..ကျမ ယုံကြည်တယ်။
သူဘယ်လိုနည်းနဲ့မှ..အဖျက်သမား..
သောက်ရေကန် အဆိပ်ခတ်သမား မဖြစ်နိုင်..
စစ်တပ်တဲ့ အဖျက်အမှောင့်လုပ်ရပ်..
တန်ဆာခံ လူသားတစ်ရပ်သာ ဖြစ်တယ်..
ဒီလို..ဆူးမရှိတဲ့ ပန်း..
လေကြမ်းအလာကြွေတာ
ဘယ်လောက်များခဲ့ပြီလည်း..မြန်မာမြေမှာ…
ဒီပုံပြင်အမှန်..ဘယ်သူမှ မသိကြပါဖူး..
သတင်းစာ..တီဗွီ မှာပေါ်လာတဲ့ သူ ရဲ့ ခေါင်းပြတ်..
သူ့ ကို အမှန်သတ်တာ..
အမျက်ထ ဒေါသကြွနေတဲ့ ပြည်သူ မဟုတ်ဖူး..
စစ်အာဏာရူး လူတသိုက်သာ တရားခံ..
အမှန်တော့ သူလေ..
အပြစ်မဲ့ ..(၈၈၈၈) ရဲ့ တကဲ့ သားကောင်…
မသဒ္ဓါ ( ၈။၈။၂၀၁၀)
Monday, August 9, 2010
မိုးရေစီးနဲ့ အတူ..မြောနေသော ပွင့်ချပ်ကလေးများ…
Posted by
Ma Thadar ( မသဒ္ဓါ )
at
12:06 AM
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment