Monday, June 23, 2008

ငါစိုက်တဲ့ဆန်တွေ မင်းစား..ငါ့ကျ သူတောင်းစားတဲ့ လား..

ကျုပ်နံမည် ကံကောင်း
အကြောအချင် က သံချောင်း
အရပ် ထောင်ထောင်မောင်းမောင်း
ခွန်အားဗလ..အားကောင်းမောင်းသန်
ဧရာဝတီရဲ့..လယ်သမားကောင်းအမှန်..

နေတာက ဒေးဒရဲ..
အဖေ့ အမွေရ..
စပါးလယ်ဧက ၁၀ ပွဲ
ခိုင်းကျွဲက ငါးကောင်
စပါးကျီ. မျိုးစပါးခေါင်မိုးထိအောင်.
ကျွန်းတိုင်ထူအိမ်နဲ့ ကျွန်းကြမ်းခင်း..
စီးပွါးဥစ္စာ တောင့်တင်း။
ဘုရားတကာအသင်းဝင်ဖြစ်တယ်။

မိုးရေတိမ်တောင်ကျိုးကျ
ပင်လယ်ရေတွေ..ဆူပွက်ထတဲ့ခဏ
နာဂစ်ဆိုတဲ့မုန်တိုင်း.
ရိုင်းစိုင်း လှတဲ့ သဘာဝရိုင်း.
ရွှေဝါမြေကို..ဝိုင်းစေတဲ့ရေ..
အိုးအိမ် ကျွဲနွား..လူ့ အသက်များ..
မျိုးစပါး ဆန်ရေ..
မျောပါခဲ့ပြီ..ပိုင်ဆိုင်ဥစ္စာတွေ
ပင်လယ်ရဲ့ အော်ခေါ်သံ..
မိစ္ဆာငရဲ ..တံခါးဖွင့်ပြန်။

ကုန်းကောက်စရာမရှိမွဲ..
သင်းပျက်တဲ့..မိသားစုကတကွဲ..
၁ဝတန်းရောက်သားကြီး…
သူသွားချင်တဲ့တက္ကသိုလ်နဲ့  ဝေးပြီး.
မြစ်ရိုးတလျှောက်..သူ့ အရိုးကျရောက်ခဲ့ပြီ.

မွေးကင်းစမြေးမနဲ့ သမီး..
လှိုင်းကြီးအောက်..မျက်စိတမှောက်..
လွင့်စင်ပျောက်ခဲ့..

အလှူရေစက်..
နှစ် ၃၀ အတူလက်ဆက်တဲ့ ချစ်ဇနီး
ဒီလှိုင်းထဲက သူ့ ရဲ့အော်သံ
ကျူပ်အိမ်မက်ထဲမှာတောင် ကျန်တယ်ဗျာ။

၉ယောက်သော မိသားစု..
ကျုပ်နဲ့ ၅နှစ်သား. သားလေး...
လက်ချောင်း.နှစ်ချောင်းကွေးစာဘဲကျန်တယ်။

အမွေရအိမ်..
အမွေရကျွဲ..
အမွေရ စပါးကျီ..
ပင်လယ်ဆီ..
ဆားငန်ဝင်သည့် လယ်ဆယ်ပွဲ
ထွန်စရာကျွဲမရှိ.
မျိုးစပါးလည်းနတ္တိ
သိုက်မြုံပျက်သည့်
အသက် ၅၀..
ဘဝရဲ့မုန်တိုင်း..ရက်စက်တာနှိုင်းမမီ။
လက်ပလာနဲ့ ဘဝတစ်ခုဆီ။

ဂုဏ်သရေရှိလယ်သမား..
လက်ဖြန့် ခံစား..
ဆန်ကလေး နို့ ဆီတစ်ဗူးရအောင်..
အလှူလူတန်းမှာ..တနေ့ လုံးစောင့်
အစာမ၀ ရေစာစား..
ပိန်ချူံးလာတဲ့ ခန္ဓာ..
အရိုးပေါ်အရေတင်သာကျန်တယ်။

အားငယ်နေဆဲ..
အမေကွဲ.အငယ်ကောင်ရဲ့..ညဖက်ရှိုက်သံ..
ဒါ...ရန်သူမျိုး ငါးပါးရဲ့ရန်။
ရေဒဏ်ကြောင့် သေကံမရောက်..
ကျန်ရစ်တဲ့ သားအဖ နှစ်ယောက်.
လတ်တလော..ဝမ်းစာ..အသက်
ဘေးအန္တာရယ်..သက်တဲ့ ခဏ..
လမ်းမပေါ် အစာရှာထွက်..
လက်ဖြန့် ခက်။ ခပ်ရှက်ရှက်
အဲဒါ..သူတောင်းစားတဲ့ လားဗျာ..

ရက်စက်တဲ့မင်း..သူမို့ မညှာမတာပြောရက်ချင်း။
ရေနစ်ခြင်းကို ..၀ါးကူထိုးရက်တယ်။
သူတောင်းစားဖြစ်ရတာ..သူခိုးထက်တော့ ဂုဏ်ရှိတယ်။

မသဒ္ဓါ (၆။၂၂။၂၀၀၈)

1 comment:

  1. hi mom! i feel so hurt about this poem. my eyes are full with tears.
    i promise that i will hardly try for our people.

    ReplyDelete