Thursday, May 28, 2009

ပျားအုံတစ်အုံရဲ့ အရေးအခင်း..


ပျားအုံ တစ်အုံမှာ..
အသက်က..ပျားဘုရင်မဘဲ..
သူမရှိရင်.ပျားအုံ ပျက်ရော…

ပျားထီးမရှိရင်..
လုပ်သားပျားတွေ မရှိနိုင်ဖူး..
လုပ်သားပျား မရှိရင်..
ပျား အုံကို ဘယ်သူကာကွယ်မလည်း..

မျိုးအောင်မှ လုပ်သားပျားတွေ မွေးတယ်..
မျိုးမအောင်ရင်.. ပျားထီးတွေ ချည်းဘဲမွေးတယ်
ပျားထီးက အစာမရှာတတ်ဖူး..
ပျားထီး က..နာအောင်မတုတ်နိုင်ဖူး.
ဆရာများနေ..သားသေတာပေါ့

လူ့ နဲ့ လူပတ်ဝန်းကျင်ဟာ ပျားအုံတစ်ခုဘဲ..
အားလုံး ဟန်ချက်ညီရမယ်..

အားလုံး အလုပ်လုပ်ရမယ်..
ကိုယ့် တာဝန်ကျေရမယ်။
ဒါမှ..အစာရမယ်..
ဒါမှ..ပျားအုံ ကြီးထွားမယ်..
ဒါမှ အားလုံး အသက်ရှင်မယ်။

ပျားဘုရင်မသည်…အမေဒေါ်စု
မြန်မာပြည်သည်
ဒီမိုကရေစီနဲ့ ..သူတည်ထောင်ပေးမဲ့ ဒို့ ပြည်ထောင်စု..

ပျားထီးတို့ သည်..အဝေးရောက်အစိုးရ..
တ၀ီဝီ အသံပေး..အသက်ကျ မပေးရဲသူ
စတိတ်မက်တွေ တွင်တွင်ရေး..နိုင်ငံရေးအော်နေသူ
ငါ ဘယ်သူ ဘာညာဘာညာ..ဆရာလုပ်ချင်သူ..
ငါ လုပ်တယ်လက်မထောင် နာမည်ကောင်း လိုချင်သူ.
ငါပြောသလိုလုပ်..ငါလုပ်သလိုမလုပ်နဲ့ ဆိုသူ.
ဘာအဖွဲ့ ညာအဖွဲ့  ဘာလုပ်ညာလုပ်..ဆရာကြီးလုပ်တတ်သူ.
အထက်အဖွဲ့ အစည်းအမည်ရ.ပရောဂျက်စားသူ
ပျားဘုရင်မအနား..ဖော်လံဖား အစိုးရမင်းများလုပ်ချင်သူ..

သူတို့  မရှိလည်း ပွဲမစည်ပါဖူး..
တစုံတခုသော အတိုင်းအတာ..
မလုပ်တာထက်စာ..လှုပ်နေတာတော့ ကောင်းသေးတာဘဲ
ခိုးနေတာထက်စာ..အကျိုးသေးသေးဘဲ လုပ်နေပြီးတာဘဲ။
ဝါသနာပါလို့  ဆရာလုပ်ချင်တာနားလည်ပေးပါ။
မညူမစူ..မဆူ..ဘာမှမပူပါနဲ့ 
ရွေးကောက်ပွဲသာညီမျှ ရင်..မကောင်းလည်း ပြန်ဖြုတ်ချလို့ ရတာဘဲ။
အဆုံးထိတော့ ကြည့်ကြပေးပါ။

လုပ်သားပျားက တကဲ့ ပြည်သူ..
အမှန်တကယ် အလုပ်လုပ်တဲ့ လူ
ဘယ်အစိုးရတက်တက်..ကိုယ့်ထမင်း ကိုယ်ရှာစားရသူ..
အခွန်ပေး လုပ်အားနဲ့ အလုပ်အကြွေး..
နိုင်ငံကို အဓိက တိုးတက်စည်ပင်စေတဲ့သူ
အစွမ်းအစရှိ..လုပ်ကိုင်ရဲတဲ့သူ..
လမ်းမပေါ်ထွက်..ဘ၀ပျက်လည်း မကြောက်တဲ့သူ..
ဒီလူတွေ ကို..မစည်းရုံးသရွေ့ ..
ပျားဘုရင်မ တစ်ကောင်ထဲ အစွမ်းမဲ့..
ပျားထီးတွေ ဘယ်လောက်ဝဲ၀ဲ..အကျိုးမဲ့..
အလုပ်လုပ်မဲ့သူတွေကို သာ..စည်းရုံးမှရမဲ့..
ပျားအုံရဲ့ ဥပမာ..
တုတ်နိုင်သူတွေ တုတ်ကြ..
ဖြုတ်ချရမဲ့သူတွေ ကိုဖြုတ်ကြ..
အားလုံး အလုပ်လုပ်ကြမှ ရမယ်.
ချိုပျားရည် သောက်ချင်တယ်ဆိုရင်ပေါ့..
တိုးတက်စည်ပင်..အမျိုးကို တကယ်ချစ်ကြရင်ပေါ့..
ဝိုင်းဝန်းကြ..နိုးကြားကြ..
ပျားဘုရင်မ ကိုကာကွယ်ကြရအောင်

မသဒ္ဓါ (၅။၂၈။၂၀၀၉)
အကိုကြီး ကိုအောင်ဝေးရဲ့ များများရေးပါဆိုတဲ့ အတွက်..ပျားကဗျာ တပုဒ်ရေးရန် စိတ်ကူးကြောင်းပြောတဲ့အခါ..
ကိုအောင်ဝေးက သူလည်း ပျားကဗျာရေးထားကြောင်းပြောပါတယ်. ဒီကဗျာ ရေးစဉ်ကအကိုကြီးရဲ့ ကဗျာကို မဖတ်ရသေးပါ။ ကဗျာမောင်နှမ၏ စိတ်ကူးတူသော ကဗျာအမွှာ နှစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။..ကျမ ခံစားတာကတော့ ညီညွတ်ရေးပါဘဲ...တုတ်ရမဲ့အချိန်မှာ..အချိန်မလင့် တုတ်ရမဲ့ ပျားအဖွဲ့ အစည်းပါ..ဒီထက် နောက်ကျပြီး သူတုတ်နိုး ငါတုတ်နိုး စဉ်းစားတွက်ကပ်နေရင်..ပျားဖွတ်သမား မီးခိုးမိပြီး အုံပြုတ်တော့မှာသတိရစေချင်ပါတယ်။
အစိုးရမင်းလုပ်လိုသူတွေ ဆရာကြီးတွေ လည်း.အချင်းချင်း ညီညွတ်စေချင်ပါတယ်။ အားလုံး ကျမတို့  ပျားအုံတည်မြဲရေးက အဓိကဆိုတာ မမေ့ သင့်ပါ။
ရအောင်တိုက်ကြတာပေါ့..
ဆရာလုပ်ချင်သူတွေ လုပ်ကြပါစေ။
အရည်အချင်းဆိုတာ အချိန်က စကားပြောပါတယ်။ မကောင်းတဲ့ အစိုးရဟာ လည်း ပြည်သူအားနဲ့ ပြန်ဖြုတ်ချနိုင်တာမို့ ..အာဖျံရွှီးတွေ ကိုကြည့်စိတ်ဓါတ်ကျပြီး..အလုပ်လုပ်ချင်သူတွေ လည်း ထွက်မပြေးစေချင်ပါဖူး..
အရေးကြီးတာ ကိုယ်တာဝန်ကျေဖို့ ဘဲ..
ခွန်အားရှိ သလောက်လုပ်ကြ..
အသေ တုတ်စရာရှိလည်းတုတ်ကြ..
တကယ် နိုင်ငံကိုချစ်ရင်..နာမည်မတွင်လည်း..စေတနာဆိုတာ..အစဉ်မသေဖူး..
ညာတတ်သူတွေ တာရှည်မခံတတ်ပါဖူး..
ကဲ အလုပ်လုပ်ကြပါစို့ ..တလက်မဘဲရှေ့ ရွေ့ ရွေ့ အတူတူ ရုန်းကြစို့ 

အပြည့်အစုံသို့ 

Wednesday, May 27, 2009

ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..

“၀ါရင့်ပုဂ္ဂိုလ်များအဖွဲ့”.
(၀ဲမှယာ) - ဖာနန်ဒိုဟင်းရစ်ကာဒိုဆို (ဘရာဇီးသမ္မတဟောင်း)၊ ဂျင်မီကာတာ (အမေရိကန်သမ္မတဟောင်း)၊ အလာဘက် (SEWA အဖွဲ့ တည်ထောင်သူ)၊ မေရီရော်ဘင်ဆင် (အိုင်ယာလန်သမ္မတဟောင်းနှင့် UNHCR အကြီးအကဲဟောင်း)၊ တောင်အာဖရိကဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ ဂရိုဘရန့်လန်း (နော်ေ၀၀န်ကြီး ချုပ်ဟောင်း နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း)၊ လက်ဒါဘရာဟီမီနှင့် ဂရာကာမချယ်

ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
Bold
ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်.
ချစ်သော ညီမငယ်..
ကိုယ်တို့ မျှော်နေတယ်။

တီးသူမဲ့ စန္ဒယားရဲ့ ချိုသံစဉ်ညှိ..
စီးသူမပါ ကားနေရာ..ပလာအတိ
ထိုင်သူမဲ့ အစည်းအဝေး ထိုင်ခုံနေရာ..
သခင်မရဲ့ အလာမျှော်နေပါ၏။

၁၉ နှစ်ဆိုတဲ့ နှစ်အတိုင်းအတာ..
လူတဦး လူလားမြောက်နိုင်သော်လည်း..
၁၃ နှစ်ကြာ.အိမ်အိုထဲ..
သူငယ်ချင်းမရှိ..မိသားစုမရှိ.
ရဟန်းသံဃာ..လှုစရာမရှိ.
အလည်အပတ်လာစရာ ဧည့်သည်မရှိ.
နေမကောင်းတောင်..ဆရာဝန်လာခွင့်မရှိ
သေလုဆဲ ကြင်ယာ.မျက်နှာမြင်ခွင့်မရှိ..
သားကလေးမျက်နှာ..စမ်းကြည့်စရာမရှိ
မြေးကလေး၏ မျက်နှာ..ဘယ်အရာ..
ဘယ်သူနဲ့  တူတာ..မသိ
အိမ်မက်ထဲမှာသာ အဖြေရှာရသည့်..
၂၁ ရာစုခေတ် ၏ အကျဉ်းသားလူ..
တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄
လှောင့်ချိုင့်စံတဲ့ ညီမလေး..
ငါးကလေးလောက်တောင် မလွတ်လပ်ခဲ့သူ..
ဌက်ကလေးလောက်တောင် လေသင်းနံ့ မရှူရှိုက်ရသူ..
ပန်းကလေးတပွင့်လောက်တောင် နေရောင်ဆမ်း မလန်းရသူ

တီဗီမရှိ..ရေဒီယိုမရှိ..
သတင်းစာမရှိ..ဖတ်စရာစာ မရှိ..
တယ်လီဖုန်းမရှိ..အင်တာနက်မရှိ..
သံကွန်ခြာ အထပ်ထပ်ဖုံးဆဲ
စည်းသုံးတန် ခြား..ငရဲသားနဲ့မခြား..
မင်းမို့ သာ..စိတ်လက်ခိုင်မာ..
ဒို့ တတွေ ဂုဏ်ယူပါတယ်ကွာ.။

ညီမငယ်ချစ်သော နိုင်ငံအတွက်
ညီမငယ် မြတ်နိုးသော.
ပြည်သူပြည်သားများအတွက်..
နေခြည်၏ အလင်းတွေထဲ..
မှောင်မဲ ပျောက်ဆုံးနေခဲ့တဲ့ ကမ္ဘာ..
ပေးဆပ်တဲ့ တစုံတရာ..
ဘ၀နှင့်ရင်းနှီး စတေး
ငြိမ်းချမ်းစွာနဲ့ ရရမဲ့ လွတ်လပ်ရေး..
သွေးမခင်းဘဲ ရရမဲ့ သာတူညီမျှရေး..
မဝေးတော့ပါဖူး..ညီမလေးရယ်..

အသားအရောင်မတူ..
ယုံကြည်ကိုးကွယ်ဘာသာမတူ..
မျိုးနွယ် မတူပေမဲ့..
လူကောင်းလူမွန်.ဆိုတာ
တတန်း တစားထည်း..
တသွေး တမွေးထည်း..
နှလုံးသားရဲ့..သွေးအရောင်သည်..
တူတူနီနီ..ညီညီ..
လိုအပ် တောင့်တသည်
ငြိမ်းချမ်းရေး၏ လင်းရောင်ခြည်.။

ကိုယ်တို့ သည်
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား
ကမကထ..ထူထောင်ထားခဲ့.
ငြိမ်းချမ်းရေးလိုလားသူ..
“၀ါရင့်ပုဂ္ဂိုလ်များအဖွဲ့”.
ဖာနန်ဒိုဟင်းရစ်ကာဒိုဆို (ဘရာဇီးသမ္မတဟောင်း)၊
ဂျင်မီကာတာ (အမေရိကန်သမ္မတဟောင်း)၊
အလာဘက် (SEWA အဖွဲ့ တည်ထောင်သူ)၊
မေရီရော်ဘင်ဆင် (အိုင်ယာလန်သမ္မတဟောင်းနှင့် UNHCR အကြီးအကဲဟောင်း)၊
တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊
ဂရိုဘရန့်လန်း (နော်ေ၀၀န်ကြီးချုပ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း)၊
လက်ဒါဘရာဟီမီနှင့် ဂရာကာမချယ်
ညီမလေးအတွက် အဆင်သင့်ရှိတယ်..

ညီမလေးရေ
မျက်နှာပြလေးတောင် မလာနိုင်ရှာပေမဲ့..
အစည်းအဝေး စားပွဲခုံပေါ်
နာမည်စာတန်းသာရှိ..လူမရှိပေမဲ့..
ကိုယ်တို့ မောင်နှမများ..မျှော်လင့်နေဆဲ..
ချိုမျက်နှာအပြုံးလေး ပွင့်လန်းလာမဲ့အချိန်
သံပခြုပ် လှောင်ချိုင့်တံခါးပွင့်မဲ့အချိန်..
ငြိမ်းချမ်းချိုးဖြု..တေးသံကူမဲ့အချိန်..
မဝေးတော့ဖူးညီမငယ်..
ကိုယ်တို့ မျှော်နေတယ်။

မသဒ္ဓါ ( ၅။၂၆။၂၀၀၉)

လူမျိုးခြားသော်လည်း..သွေးအရောင်တူ..စိတ်အရောင်တူ..ရင်ခုန်သံ တူညီကြသော ငြိမ်းချမ်းလူတစုအတွက်..
မျှော်လင့်ဆဲ..စောင်လင့်ဆဲ…အမေစု လာမဲ့လမ်းဆီ..ရွှေလက်တို့ ဖြင့်ကြိုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် လစ်လပ်နေတဲ့ တနေရာ (သို့မဟုတ်) ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များ တွေ့ဆုံပွဲ

ဓာတ်ပုံ - ရိုက်တာ၊ အေပီ
တောင်အာဖရိကသမ္မတဟောင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား ထူထောင်ထားသည့် “၀ါရင့်ပုဂ္ဂိုလ်များအဖွဲ့” မှ အဖွဲ့ဝင်များ မေလ (၂၆) ရက်နေ့တွင် မော်ရိုကိုနိုင်ငံ၊ မာရာကက်မြို့တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး တောင်းဆို
http://drlunswe.blogspot.com/2009/05/blog-post_3592.html မှ .ကျေးဇူးပါ ဆရာ

အပြည့်အစုံသို့ 

Tuesday, May 26, 2009

သင့်၏ နောက်ဆုံး ရေတစ်ပေါက်။ ရော့ လာသောက်



ရေကလေးတစ်ပေါက်ရဲ့တန်ဖိုး
ကန္တာရ ကျမှသတိရတယ်..
ဘယ်လောက်တန်ဖိုးရှိတယ်..
ဘယ်လောက် အရသာရှိတယ်..

(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဥာဏ်ပညာ ကြီးမားခြင်း အစရှိသော
ရေအကျိုး ၏(၁၀)ပါး..
ဒါနဉ္စ (ဒါန ) ပေးကမ်း လှူဒါန်းခြင်း၏ မင်္ဂလာ
မြန်မာတို့ ၏ အစဉ်အလာ
သုံးဆဲ့ ရှစ်ဖြာ မင်္ဂလာ

စစ်တွေမြို့ က ဆန္ဒပြရဟန်းကိုရေလှူ
ကိုမင်းမင်း ခေါ် ကိုဟန်မင်းသိန်းနှင့် ကိုမောင်စိုးသိန်း
သန်းရွှေ အမျက်နဲ့ နှစ်နှစ်
ထောင်ထဲ အပြစ်ကျတယ်။

အိမ်ထဲ အကျဉ်းကျ
ဒေါ်အောင်ဆန်းစုကြည်..
ရေကူးမောပန်းတဲ့ ဆီးချိုရောဂါသည်ကို
ရေတိုက်မှူနဲ့ အရှက်တကွဲ အကျိုးနည်း..
ကမ္ဘာကျော်အောင်ပေးစားခံရတယ်။

ရေတစ်ပေါက်ရဲ့. အကျိုး..
ဦးသန်းရွှေလက်ထက်မှ ဦးကျိုးရမလား..
စေတနာ အကျိုးဆိုတာ..
တူသော အကျိုးကို ပေးတတ်တာဘဲ..
အလှူလှူသူ အကျိုးမယုတ်ဖူး.
အလှူဖျက်သူသာ အကျိုးယုတ်သူ

မပူပါနဲ့ ဦးသန်းရွှေ..
တနေ့ နေ့ 
ဘိုးတော်အရှိန်ကျတဲ့ တစ်နေ့ ..
နိုင်ငံတော်၏ အပြစ်သား..
တစပြင် ကြိုးစင်တင်မဲ့နေ့ 
ယောက်ျားတန်မဲ့ ကြောက်ရွံ့ ငိုယို
မိချောင်းမျက်ရည် ကျမဲ့နေ့ 
ဒီနေ့  လာမှာ..များမကြာ..

လက်ပြန်ကြိုးတုတ်နဲ့ ရာဇ၀တ်သား
တောင်စွယ် နေမကွယ်ငုတ်ခင်..
သောက်ရမဲ့ နောက်ဆုံးအချိန်ရဲ့..
ရေကလေး တစ်ပေါက်..
မသဒ္ဓါ စေတနာ အလျှောက်တိုက်ပါ့မယ်။

ကြောက်ရွံ့ စွာ..အငမ်းမရ သောက်မလား..
အဆိပ်ရှိတယ်ထင်.မသောက်ရဲဖူးလား..
သေမဲ့ ဘေးပြေးတွေ့ ငိုယိုမလား..
လုပ်ထားရင် ခံရဲရမယ်။

သူတထူး၏ စေတနာသုံးတန်
ရေလှုဒါန်းတဲ့ အကျိုးတရား..
ပျက်ပြားစေတဲ့သဒ္ဓါများ..
သေခါနီးမှာ ပြန်စဉ်းစား..
မသဒ္ဓါ၏ အလှူ ဒီရေ..
ဦးသန်းရွှေ သောက်ရဲပါမည်လား..
သူ မျိုမှ ကျပါ့မလား..

စဉ်းစားစရာတော့ ကောင်းသည်။
တူသော အကျိုးကား ပြန်လည်ပေးတတ်ပါသည်။
မကောင်းမှု၏ကံ လှည်းဘီးနှယ်လိုက်ပါတတ်သည်။
သန်းရွှေ ဘ၀အတွက်
အေးမြတဲ့ နောက်ဆုံး ရေစင်တစ်စက်..
သူ့ အတွက်တော့ ခါးသက်မဲ့  ဒီရေ။

မသဒ္ဓါ (၅။ ၂၅။ ၂၀၀၉)
ရာဇ၀တ်သားပင်ဖြစ်စေကာမူ..မည်မျှပင် မုန်းတီးစေကာမူ ဦးသန်းရွှေ အား နောက်ဆုံးရေတစ်ပေါက်ကို စေတနာသုံးတန်ဖြင့် မသဒ္ဓါ တိုက်ရန် အဆင်သင့်ရှိပါသည်။ ရေစက် အရသာသည်..ချိုသည် ခါးသည်. အေးသည် ပူသည်မှာ ဦးသန်းရွှေ၏ ကံ ကံ၏အကျိုး၌ သာ မူတည်နေသည် ဖြစ်ပါကြောင်း. သိစေအပ်ပါသည်။

အပြည့်အစုံသို့ 

ရာဇ၀င်တွင်တဲ့ ကဋ္ဋေတစ်သန်းတန် ခြေလှမ်းများ..

လောကဓံတွေထဲ..
မိုးမည်းတွေ ဘယ်လိုသည်းသည်း..
ခြေလှမ်းတို့  ကခိုင်မာမြဲ..
အမှန်တရား၏ ၀ါဒီ
သစ္စာတရားတို့ နဲ့  အကျဉ်းသည်

သူဟာ တပ်မတော်ဖခင်ကြီး..
ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်



ခြေတစ်လှမ်းကတော့ အတူတူပါဘဲ..
တန်ဖိုးကတော့ ကွာခြားတယ်။
တန်ဖိုးမရှိမဲ့ လူအနူံအချာရဲ့ ခြေလှမ်း..
လူမုန်းများ ပြည်သူ့ အမျက်စားတဲ့အခါ
အမှားများ ပြင်မရ ခက်ခဲတဲ့ အခါ.
သံသယအပြည့် သူတဦးလုပ်ကြံမယ်ထင်တဲ့ အခါ
တမျိုးသားလုံး၏ လွတ်လပ်ရေးကိုအလွဲသုံးစား လုပ်ထားတဲ့အခါ
သူ ပိုင်တယ်ထင်တဲ့ စစ်တပ် အရှေ့တောင်
ခြေတစ်လှမ်း ဖြတ်မလျှောက်ရဲတဲ့…အာဏာရှင်.

ခြေတစ်လှမ်းကတော့ အတူတူပါဘဲ..
တန်ဖိုးကတော့ ကွာခြားတယ်။
တန်ဖိုးရှိမဲ့ ကဋ္ဋေတစ်သန်းနဲ့  ခြေလှမ်း..
အားမာန်များနဲ့  လှမ်းတဲ့ အခါ
အမှန်များနဲ့ ရဲရင့်တဲ့ အခါ.
ယုံကြည်မှု အပြည့် တရားဓမ္မရှိတဲ့ အခါ
တမျိုးသားလုံး၏ လွတ်လပ်ရေးကိုကြည့်တဲ့ အခါ..
ထောင်နရသိန်.အာဏာပါးကွက်သား အရှေ့တောင်..
ဖြတ်လျှောက်ရဲတဲ့ မေတ္တာရှင်


အတောင် နှစ်ဆယ်ဝတ် ယောက်ျား.
ခန့် ညားသယောင် ဟန်ဆောင်တဲ့ ဓလေ့
ဘယ်သွားသွား သက်တော်စောင့် အပြည့်..
သူ့ အသက်မှဘဲ..ဗူးပိတ်လုံရောလား..
သေမင်းက နောက်မှာမျက်စပစ်ထားတယ်..
မင်းဘယ်ပြေးပြေး..
ကံ၏အကျိုး..ငရဲမှာ ကဗျည်းထိုးထားတယ်..
စစ်မုဆိုး..ငရဲကဘဲပိုင်တယ်.။


သုံးတောင်ဝတ် အမျိုးသမီး..
အိနြေ္ဒ တင့်တယ်ခြင်းအပြည့်
ဘယ်ကိုဘဲဖြစ်ဖြစ်..ရဲရင့် ရင်ဆိုင်မဲ့ မျက်လုံး..
သေတောင် ဘယ်တော့မှမရှုံးမဲ့

အနိုင်များနဲ့ ဒီအမည်။
သေတာတော့ လူဘ၀မှာ..
တခါဘဲ သေတယ်..။
နာမည်ဟာ မသေဖူး..
အဘိုး အဘ..မြေးမတို့ ၏ အာဇာနည်မျိုးဆက်..
မြန်မာပြည်နဲ့ အတူ..
ပြည်သူတို့ ၏ မြတ်နိုးခံရသူ..
ငြိမ်းချမ်းရေး၏ မီ်းဌက်..
သေသည်တောင်.. ဘ၀ဆက်မဲ့ ဧကရီ..
ပြည်သူချစ်သော အောင်ဆန်းစုကြည်။

မသဒ္ဓါ (၅။ ၂၅။ ၂၀၀၉)
အမေ့.ခြေလှမ်းများ အနောက်မှာ ပြည်သူရှိပါတယ်.. ရဲရင့်မှုများအတွက် လမ်းပြမှုများအတွက် ကျေးဇူးကဋ္ဋေကဋ္ဋာ ပါ အမေ

အပြည့်အစုံသို့ 

Wednesday, May 20, 2009

အဖေတူသမီးအတွက်.အဖေ့ရဲ့ salute တစ်ချက်

ဖခင်နဲ့ တူသောသမီး ဆိုတာ
ဘ၀မှာ ကောင်းစားကြီးပွါးတယ်တဲ့
မြန်မာ့ ဆိုရိုးရှိတယ်။

ရွှေငွေ အမှုမထား
နာမည်ကောင်းအရေးထား
သိက္ခာ နဲ့ နေ..
သိက္ခာနဲ့ သေချင်သူအတွက်
ပီတိကို စား
ဂုဏ်သိက္ခာပွါးများစေလိုသူ အတွက်
သမီးရေ..
အဖြူရောင်နာမည်တစ်ခု ဆိုတာ
တန်ခိုးရှိန် ရွှန်းကြည်ပ
ကြွယ်ဝတဲ့ သြဇာကိတ္ထိမ
သူ့ အလိုလို ဘယ်မရ
ငွေပေး ၀ယ်မရ
လုယက် အနုကြမ်းစီးမရ
ဘယ်သူမှ ခိုးလို့ မရဖူး။
မေတ္တာပေးပါမှ မေတ္တာရတယ်။
ဘ၀နဲ့ စတေးမှ နာမည်ကောင်းရတယ်။

ချောင်းရိုး မြောင်းရိုးသာ
တိမ်ကောရိုး ရှိ
နတ်မောက်မြို့ သူကြီး၏ မျိုးရိုး
သခင်အောင်ဆန်း၏ မျိုးရိုး..
တိမ်ကောခြင်း အလျှဉ်းမရှိ..
ဇာနည်သွေးအရောင်သည်..
အနီရောင်ပကတိ..ရဲရဲတောက်၏။

ဇာတိမြေ..သူ့ ကျွန်မခံနိုင်ရေး
မချစ်မနှစ်သက်သူနဲ့  ဒါးတစ်ချက်
ပေးဆပ်ခဲ့တာ..
အဖိုးရွှေလရောင်ရဲ့ လည်ချောင်းသွေးသက်သေ

အားနည်းသူဖိနှိပ်ခံ လူသိန်းသန်းတို့ အတွက်..
မနာလိုသူတွေရဲ့ ကျည်ဆန်တစ်ချက်
ပေးဆပ်ခဲ့တာ
အဖေ၀ိညာဉ်မဲ့  ခန္ဓာက သက်သေ

ချစ်ခင်မြတ်နိုးတဲ့ မြေ..
လေးစားတဲ့ လူတွေ အတွက်
အဖိုးကြီးတဲ့ ခေါင်းဆောင်မှု
ဘ၀နဲ့ လဲလှယ်ရတဲ့ လွတ်လပ်မှု
ပေးဆပ်ခဲ့တဲ့ ချွေးနဲ့ သွေး
ကုန်ဆုံးသွားတဲ့အချိန်တွေ အတွက်
နောင်တ ဘယ်တော့မှ မရနဲ့ သမီး..

လစ်ဟာခဲ့တဲ့ မိသားစုတာဝန်
ချစ်ခင်သူရဲ့သေအံ့မူးမူး အချိန်တွေအတွက်
အံ့ကြိတ် ခံစား..
ချစ်လင်ရယ် နားလည်ပေးပါ…
သားတို့ ရယ် နားလည်ပေးပါ…
တီးတိုး လေပြေထဲမှာဆိုခဲ့
သမီး ဇာတ်နာတာ အားလုံးနားလည်တယ်။
သမီးကို အများချစ်တာ ပြည်သူသိတယ်။

အဖေ..ဂုဏ်ယူတယ်သမီး..
မြင့်သော သစ်ပင် လေတိုက်ခံရတယ်..
ချိုသော အသီး ပိုးထိုးခံရတယ်..
အောင်မြင်သောသူ..ခြေထိုးအမြဲခံရတယ်။
လူကောင်းဆိုတာ လူဆိုး မျက်မုန်းကျိုးခံရတယ်။
ဒါ..ဂရုစိုက်စရာကို မလိုဖူး။

မမြဲတဲ့ သဘာဝတရား
ပြောင်းလဲသောဇရာ
လူဆိုတာ တနေ့ သေတယ်.
အမည်ကောင်းကိုသာ ရာဇ၀င်ထဲမှာ ချန်ထားရစ်ခဲ့

ဘာမှ အားမငယ်နဲ့ .သမီး..
အဖေ သမီးအနောက်မှာ အရိပ်လိုရှိတယ်။
အဖေ့  သွေးတွေ
ဧရာဝတီ ရေ အလျှဉ်လိုဘဲ
သမီးသွေးကြောတွေထဲ စီးနေဆဲ
အောင်ဆန်းသွေး မခဲသေးဖူး သမီး။
အာဇာနည်သွေးဟာ ရဲနေဆဲဘဲ သမီး။

အမှန်တရားအတွက်
အမှောင်ထဲက ငရဲရက်တွေထဲ
လောကဓံဆိုတာကို ရဲရဲသာ ရင်ဆိုင်ခဲ့..
ဘယ်လောက်ပဲ
အာဏာသားက လီဆယ်..လီဆယ်
သက်သေ အထောက်အထား
နံရံတွေ မှာ နားရှိတယ်..
သမီးရေ..မကြောက်နဲ့ ။

လေကိုဆန်..ပျံလိုက်သမီး..
ဟိုးအဝေးမှာ ကမ်းရှိတယ်။
ကန္တာရကို ဖြတ်သန်း..ပျံလိုက်သမီး..
ဟိုးအဝေးမှာ စမ်းရှိတယ်။

အမှန်ဆိုတာ
အဖုံးမပါတဲ့ အိုးလေးတစ်လုံး
တရားဥပဒေ ဆိုတာ..
သေးငယ်သောလည်း ခိုင်တဲ့ သံကြိုးတချောင်း..
ရဲဝံ့စွာ ပြိုင်ဖက်ကို ရင်ဆိုင်..
အမှန် ဆိုတာ အမြဲနိုင်တယ်..
လောကရဲ့ နိယာမအလည်။..
အလာနှေးပါလည်း အဆုံး သေချာတယ်။

ကဲ ရှေ့ ကို ဆက်ကာ သာလျှောက်…
ပန်းတိုင်ရောက်ထိအောင်
ရဲဝံ့တည်ကြည်
အဖေတူသမီး..အောင်ဆန်းစုကြည်.
အဖေ လေးစားစွာ အလေးပြုပါသည်။

မသဒ္ဓါ (၅။၁၉။၂၀၀၉)
တကယ်လို့ များ..အခုနေ..ဖခင် ဗိုလ်ချုပ်အောင်ဆန်းသာ သမီး ဒေါ်အောင်ဆန်းစုကြည် အနားမှာ ရှိခဲ့ရင်..ဘာတွေပြောဆို ဘယ်လို အားပေးမလည်း ဆိုတာလေးကို ခံစားကြည့်ပြီး ဤကဗျာကို ရေးကြည့်ပါတယ်.. မှားခဲ့ရင် ခွင့်လွှတ်ပေးပါ။ ကျမရဲ့ ချွတ်ယွင်းချက်။ ကျမရဲ့ ဥာဏ်ရည် မမီတာသာ ဖြစ်ပါလိမ့်မယ်။ ခံစားကြည့်ပါ. ကျမ ရဲ့ လူပြိန်းခံစားမှု လေးတစ်ခုကို။

အပြည့်အစုံသို့ 

Tuesday, May 19, 2009

ဌက်ပျောသီးလေး တစ်လုံး ၏ ပုံပြင်

စိန် ရွှေ ကတ္တီပါ ကော်ဇော..
ဘာအဆောင်အယောင်မှ မလိုဖူး
ယောက်ျားကောင်း၏ ဂုဏ်အဂါင်္
သမာဓိ သိက္ခာဘဲ မက်မောတယ်။

ကားမရှိ ခြေကျင်ခရီး
မိုင်ဘယ်လောက်ဘဲ ဝေးဝေးနီးနီး
နိုင်ငံအတွက်ဆို မမောတမ်း လျှောက်မယ်။
အားအင် ရှိသေးတယ်။

အဖော်မပါ တယောက်ထီးထည်း
ကြောက်စရာခရီး မဟုတ်
ငါ၏ နှလုံး..ငါ၏ လက်ရုံး
ငါ၏ ဝါသနာ ငါ့၏ စေတနာ
ငါ၏ သစ္စာ ငါ၏ မေတ္တာ
ငါ၏ စိတ်ဓါတ် ငါ၏ ပညတ်
အမှန်တရားလမ်းပေါ် ရပ်တယ်။
ခြံစည်းရိုးပေါ်ခွမထိုင်ဖူး။

ယုံကြည်ရာ လမ်းကြမ်း
ဖြတ်သန်းသူ ဆိုတာ
ဘာအခက်အခဲ မဆို သွေးမငယ်ဖူး..
အသည်း မကြောင်ဖူး..
လှော်တက်လည်း မထောင်ဖူး..
နိုင်ငံနဲ့ အမျိုးအတွက်..
ထောင်နှုတ်ခမ်းပေါ်လျှောက်..
ကျုပ်လေ..သခင် တစ်ယောက်မို့ ..
ထောင်ဝတ်စုံပြာအသင့် ၀တ်ထားတယ်..
ဖမ်းချင်သပါ့ လာဖမ်းရော့ လဟယ်..

ပွဲဆူအောင် ကြမ်းနေတဲ့
ပတ်ကြမ်းတွေလည်း တိုက်နေခဲ့
လူယုတ်ပုဏ္ဍားတွေ
လက်ထဲက မင်းသမီး..
သူမဟာ...ဒို့ ချစ်တဲ့ အောင်ဆန်းသမီး..
အနိုင်ရပါတီရဲ့ ခေါင်းဆောင်ကြီး
ငြိမ်းချမ်းရေး၏ မိခင်ကြီးဖြစ်တယ်။

အပြစ်မရှိတဲ့ သူကိုကယ်ဖို့ ..
တရားဥပဒေနဲ့အညီ လျှောက်လဲခွင့်ရဖို့..
မျက်နှာမြင် အားအင်ပေးဖို့ 
ကျုပ်တို့ လေ..
ပူပစေ..
နေပူကြဲကြဲ ဖုန်တောထဲမှာ
ပလက်ဖောင်း ဖင်ချထိုင်..
ဌက်ပျောသီးတစ်လုံးသာ ပိုင်တယ်.

အပိုတွေ မလိုဖူး
နတ်သုဒ္ဒါ တွေ မလိုဖူး
ဘုရင်ခံတောင် အရေးမစိုက်ချင်ဖူး..
အမှန်တရားအတွက် လူထူး..
ရူးတယ်လို့ဘဲ..ဆိုချင်ဆို..
ခပ်တင်းတင်းဘဲ ငါတောင်းဆိုမယ်။
"ကောင်မလေးကို ခု လွှတ်လိုက်.."

မသဒ္ဓါ ( ၅။ ၁၈ ။ ၂၀၀၉)
ဘဘ ဦးဝင်းတင် ရဲ့ စိန်ရွှေနဲ့ မလဲနိုင်တဲ့ ဂုဏ်သိက္ခာနဲ့  ရိုးသားစွာ စားသုံးနေသောဝမ်းစာ ဌက်ပျောသီးလေး တစ်လုံးအတွက် အမှတ်တရ ..

အပြည့်အစုံသို့ 

Monday, May 18, 2009

“အောင်ဆန်းစုကြည် ရဲ့ ဒိုင်ယာရီ”


ကျမ..လု့ ဘ၀အတွင်းဝင်စ
မျက်ကြည်လွှာကိုပင့်မ.ကြည့်တဲ့တခဏ..
မြင်ရတဲ့အဖေ့ရုပ်ပုံ..
ပြုံးနေသူ့ မျက်လုံး..အချိုဆုံးသူ့ အသံ..
´သမီးလေးရေ..မင်္ဂလာပါ´
ကြင်နာစွာ..အဖေ နှုတ်ဆက်လာတယ်.

ကျမအသက် (၁) နှစ်
ပုခုံးပေါ်ချီမ..အတူပျော်ကစားကြ
အဖေ့အချိန် မအားသော်ငြား.
ပြန်လာတိုင်းပွေ့ ဖက်..
ဂရုဏာလက်နဲ့အဖေနှုတ်ဆက်
ချစ်ရတဲ့ကျမအဖေ..
ဗိုလ်ချုပ်ဆိုတဲ့ ဦးအောင်ဆန်းလေ။

ကျမအသက် (၂) နှစ်..ဘာတွေဖြစ်ပျက်.
အဖေချစ်ကအိပ်စက်..
မှန်ခေါင်းရဲ့အတွင်းဘက်မှာ
ငိုနေတဲ့အမေ့မျက်လုံးတွေ..
ကျမအရွယ်က ငယ်ငယ်.
`ထတော့လေ..အဖေရယ်..
ကျမတို့ လည်လည်သွားကြရအောင်`
ခလေးပီပီ လှုပ်နှိုးချင်သော်ငြား..
မကြားနိုင်တဲ့ချစ်ဖေဖေ
ခလေးငယ်ရဲ့အပြုံးများပျောက်ကွယ်..
မရဏဆိုတဲ့သေဆုံးခြင်းပရမတ်.
ဒီတရားမြတ်ကိုအရွယ်နှင့်မမျှ..
ကျမ ရခဲ့ပြီ

ကျမအသက် (ရ) နှစ်..
ကစားဖေါ်အကိုချစ်..ကိုလင်းရေနစ်လို့ သေဆုံး..
မပဋာလိုအပူဖုံး.. လင်သေသားဆုံးတဲ့အမေ
ကြာကြာလေ.ရင့်ကျက်ခဲ့တဲ့.ကျမရဲ့ နှလုံးသား..
ဥပေက္ခာတရားဆိုတဲ့..ဒီပါရမီ

ကျမအသက် (၁၅) နှစ်..
တဦးထည်းအားကိုးရာအမေ့လက်
ခပ်တင်းတင်းဆုတ်ကိုင်..
အမိမြန်မာပြည်ကခွဲ.
မဇ္ဈီမတိုင်းဌာန..
အမေ့အလုပ်ရှိတဲ့နေရာ..
လှိုင်းကြားကလှေငယ်..သမုဒ်ပြင်ဆီရွက်လွင့်.
မြန်မာပြည်ကလွင့်ခဲ့ရပြီ..
နှုတ်ဆက်သည်..
အမိမြန်မာပြည်..တနေ့ မှာ..သမီးပြန်လာမည်။

ကျမအသက် (၁၉) နှစ်
ပထမအရွယ်အစ..တိုင်းခြားမှာပညာသင်
ဘယ်နေရာရောက်ရောက်..
အရေပြားရောင်စုံလူတွေရဲ့ပါးစပ်ဖျား..
သတိရနေဆဲ..အဖေ့ရဲ့အမည်..
သိကြတယ်..ကျမအဖေ့ရဲ့သမီး.
အဖေပေးခဲ့တဲ့ဒီအမည်..
ကျမ.`အောင်ဆန်းစုကြည်`..

ကျမအသက် (၂၇) နှစ်..
ဆံရစ်ဝိုင်း..အုတ်လုံးသိမ်းနဲ့ 
ပညာစုံပြီးတဲ့တခဏ..အရွယ်ရလာတော့
ရှားရှားပါးပါး မြန်မာအမျိုးသား.အနားမှာ
မူးလို့ များတောင်ရှူစရာမရှိ.
သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်..
ရေမျောပန်းကလေးတပွင့်.
ကျမအပြစ်မဟုတ်ပါ..
ချစ်သူကိုရွေးချယ်တဲ့နေရာ..
ဘယ်သူကမြန်မာပြည်ရာဝေးရာ နှင်ခဲ့ကြတာ..

နားလည်မှုအတူတူ..ကြင်နာမှုဖြူရင်ဖြင့်..
ဘာအရောင်..ဘာအရေပြားဘဲဖြစ်ဖြစ်..
အချစ်စစ်နှလုံးသားက..ပိုအရင်းအမြစ်ကျ..
ဘ၀ကိုစကြတဲ့အခါ

ကျမအသက် (၂၈) နှစ်..
သွေမဖယ်..ရွှေနွယ်ရိုးရယ်မို့ 
ကမ္ဘာ့ခေါင်မိုးရဲ့တနေရာမှာနေ..
ဒီတောင်စဉ်တွေမြင်လေတိုင်း
ဒီတောင်ကြောကြီးရဲ့
အရှေ့ တောင်ဒေါင့်ဘက်တနေရာ
သိဂုတ္တရကုန်းမြေရှိရာကို.မျှော်ရည်ရမ်း
မှန်းဦးချကန်တော့မိတဲ့..ရွှေတိဂုံဆံတော်ရှင်နဲ့ 
ဧရာဝတီမြစ်ရဲ့ ရွှေမြေ..လွမ်းမိရခါခါပေ

ကျမအသက် (၄၁) နှစ်..
ချစ်သော်လည်းအပြန်ခက်.
နယ်နှင်ရက်တဲ့ဦးနေ၀င်းအစိုးရ
မဲဇာမှာနေရတဲ့..
လက်ဝဲသုန္ဒရနဲ့ ကျမအတူတူ..
ဝေးရပ်ကဘဲလွမ်းရ.
ရလာတဲ့သားနှစ်ယောက်ကိုရှင်ပြု
မိဘအမှုပြီးစေ..ဗုဒ္ဓ.ဘာသာရဲ့အမွေ..

ကျမအသက် (၄၃) နှစ်..
အမေကနေမကောင်းဖြစ်..
ချစ်တဲ့အမိမြေကိုပြန်အလာ..
ရင်နင့်ရတဲ့မြင်ကွင်း..
လူနေမှုတွေကကျပ်တည်း
စပါးတောင်လိုပုံတဲ့..
ဗမာမြေမှာထမင်းငတ်.
အဖေ့အသက် အသတ်ခံ
ပေးထားခဲ့တဲ့ လွတ်လပ်ရေး
စစ်အာဏာရေးစံနစ်အောက်.
ပိုးထိုးလို့ လောက်ကိုက်..
ဗမာပြည်မှာ..ဒါဖြစ်ထိုက်ပါရဲ့လား
မှန်ကန်လို့ ရဲရင့်..ကျမခေါင်းဆောင်ဝံ့တယ်..
ပုခက်လွဲသောလက်..ကိုင်လှုပ်မဲ့ကမ္ဘာ..
အဖေ့ရဲ့ပုခုံးပြောင်းတာဝန်ဟာ.
အခုကျမအပေါ်မှာ..

ကျမအသက် (၄၅) နှစ်..
တနိုင်ငံလုံးခြိမ့်ခြိမ့်သဲ..အပြတ်အသတ်မဲနိုင်..
မဖယ်နိုင်တာက အာဏာရစစ်တပ်..
သေနတ်ပြလုယူ..မတရားတဲ့သူ..
အပ်တိုတောင်မရှိတဲ့.ကျမ.
သူတို့ ရဲ့အကျယ်ချုပ်ကျ...
သားတွေနဲ့ ဝေး..
ခင်ပွန်းသေဆုံးမဲ့အရေးတောင်ငဲ့မအား..
မတရားဖိနှိပ်မှုကိုရင်ဆိုင်..
ငြိမ်းချမ်းရေးလက်နက်ကိုကိုင်ဆွဲ..
အိမ်မဲမဲထဲအမှောင်ကျနေပေမဲ့..ကျမရဲ့စိတ်ဓါတ်..
အောင်ဆန်းရဲ့စိတ်ဓါတ်ကို.
ဘယ်သူသေအောင်မှမသတ်နိုင်..

ကျမအသက် (၆၂) နှစ်.
ယခုတိုင်လွတ်ရက်မရှိ..
ခက်ထန်သည့်စစ်အစိုးရက..
အာဏာကိုဘဲကြည့်..
မြန်မာပြည်အတွက်..
သူတို့ ကမကြည့်..
ကျမစိတ်ဓါတ်ကို ဖြတ်ချိုးဖို့ ..ကြိုးစားလည်း
လှိုင်းထန်ကြားထဲကဗေဒါ..
အနင်းခံလာရတဲ့မြက်..
နေရောင်မှာပိုအပင်သန်.
ခွပ်ဒေါင်းမျိုးရဲ့ အားမာန်..
သေသော်ထိတောင်.ကျမ ဦးမညွတ်.
ကျမကိုလွှတ်ချင်လည်းလွှတ်.မလွှတ်ချင်လည်းနေ။

နိုင်ငံတကာများရဲ့ဖိအား..
ဆုတောင်းမေတ္တာလက်နက်များကြောင့်
မငြင်းအားလို့ ..ကျမကိုလွှတ်ခဲ့ရင်တောင်မှ..
ကျမ ကလေးတွေက..
ထောင်တွေထဲအခုတိအကျဉ်းကျဆဲဘဲ..
ကျမလည်း..အပြင်မတွက်ဘဲနေမယ်..ယုံ။

မသဒ္ဓါ (၆။၆။၂၀၀၇)
(မတန်မရာခံစားကြည့်ထားပါသည်..တစုံတရာမှားယွင်းပါကကျမ၏တာဝန်သာဖြစ်ပါကြောင်း)
ဒီကဗျာကို မသဒ္ဓါ အမေစုရဲ့ ၂၀၀၇ မွေးနေ့  မှာ အိုးဝေစင်္ကာပူ
အတွက် ရေးပါတယ်။ ကဗျာဟောင်းတပုဒ်ပါ။ အများခံစားဖို့ ထပ်မံတင်ပေးတာပါ။ http://www.owaysingapore.net/ind_Diary%20of%20DASSK.php

အပြည့်အစုံသို့ 

Thursday, May 14, 2009

“ကျမ ပြစ်မှု မကျူးလွန်ဘူး”

ကျမသည် မြန်မာ..
အဖမြန်မာ..အမိမြန်မာ.
မြန်မာမှာမွေး..
မြန်မာ့ရဲ့ မိန်းကလေး
နူးညံ့တဲ့ နှလုံးသား..
အကြင်နာတရားရှိတယ်။

မုဒိတာ စိတ်အင်အား..
ကိုယ်ချင်းစာတရားရှိတယ်။
ကူညီတတ်တဲ့ လက်များ..
မေတ္တာတရားတို့ ရှိတယ်။
ဗုဒ္ဓဘာသာရဲ့ ရင်သွေး..
လူလူချင်း လေးစားတယ်..
သစ္စာ ကတိ..အမှန်တရားဆိုတာ တန်ဖိုးရှိတယ်။

လဲနေသူ ထူပေးပါ။
အားငယ်သူကို အားပေးပါ။
ရေထဲကလူ ဆယ်ယူပါ။

လောက၏ နီတိတရား
သူငယ်တန်းကျောင်းသားတောင်သိတယ်။
သင်ပုန်းကြီးကျေသူတိုင်း နားလည်တယ်။

လူမှု၏နယ်..ရိုးသားဖွယ်အကျင့်စာဂ
လက်ဆင့်ကမ်း..မိရိုးဖလာသင်ထားတယ်..
သိပါလိမ့်မယ်။
သင်သည်..မိကောင်းဖခင်သားသမီးဆိုခဲ့ရင်

ရေကျနေတဲ့ ပုရွက်ဆိတ်..
အစာငတ်နေတဲ့ ခွေး.
လေလွင့်နေတဲ့ တောင်ပံကျိုးဌက်.
ကယ်ဆယ်တတ်တာ မြန်မာ..
ဤသည် အပြစ်ပါလား..

မြန်မာမှန် ဗုဒ္ဓဘာသာမှန်ရင်
တံခါးမရှိ ဓါးမရှိ
ခိုကိုးမဲ့သူ အရိပ်ပေး..
ငတ်နေသူကို အစာကြွေး.
ပင်ပန်းနေသူ ရေတပေါက်ပေး
ဧည့်သည်ကို..နားနေရာပေး..
ဤအရာသည်..
မြန်မာ့ရိုးရာ ဓလေ့
မြန်မာတိုင်း မမေ့.

မျက်စိမှောက်မှား..
ရောက်လာတဲ့ ခရီးသည်။
မြန်မာဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ်
ကျမနေတဲ့ အရိပ်..
ကျမ ပိုင်ဆိုင်တယ်..
ကယ်ဆယ်ခွင့်ရှိတယ်။

မျက်စိလည် ရောက်လာခဲ့
ရေမွန်းကြွက်စုတ် ဧည်သည်.
အကူအညီလို လူသားသာလျှင် ဖြစ်တယ်
ကျားမ မခွဲ။ အသားရောင်မခွဲ
စေတနာမှန်..အရောင်မကွဲတတ်ဖူး.

ကျမ ရဲ့ ၀မ်းစာထဲက ဝေမျှ
နွေးထွေးတဲ့ အစာရေစာပေး.
ခေတ္တနားခိုရေး..ပေးမိတဲ့ အမှု
ကုသိုလ်ရတဲ့ အလုပ်
ဒါ ကျမ အပြစ် မဟုတ်ဖူး။
ဒါ ရာဇ၀တ်မှု မဟုတ်ဖူး

မေတ္တာမခမ်းတဲ့ အမှုအတွက်
အပြစ်ဆင်ဖမ်းချင်ဘဲ ဖမ်း..
ဒုက္ခရောက်သူ လက်ပိုက်မကြည့်နိုင်ဖူး။

ဂရုဏာနဲ့  အမှန်တရား..
မြန်မာ အမျိုးသမီး၏တန်ဖိုးများ.
သမိုင်းမှာချန် ထားခဲ့တယ်..

ဟယ်.. အာဏာပါးကွက်သားယုတ်တို့ 
နင် သတ်ချင်ရင် သတ်..
ခြေဖ၀ါးဘဲ ဒါးမွှန်း ဖြတ်ဖြတ်..
ကျမ ရဲ့ သိက္ခာတရား..
အသက်ရင်း သက်သေပြခဲ့တယ်။
အင်းစိန်ထောင်ဗူးပြတိုင်း..
ကျမ မကြောက်..ဒူးမထောက်ဖူး..
အပြစ်မဲ့တဲ့ ကျမ..
ပုပ်တဲ့သိက္ခာနဲ့ နအဖ
အမည်တတ် လီဆည်ပုဒ်မ..
သမိုင်းအဆက်ဆက် ရီစရာပုံပြင်
ကျမ ကတော့
စင်ထက်က ပါဘဲရှင်

လုပ်ရဲရင် လုပ်ပေါ့။ ခံရဲသူ ခံရဲသပေါ့။
အမှန်ဆိုတာ
သမိုင်းစာမျက်နှာပေါ် ခ၀ါမကျပါဖူး..
ကျမ နာမည်နဲ့သိက္ခာ..
သေတောင်ကျန်နေဆဲ..
အောင်ဆန်းရဲ့ သွေးနဲ့ 
အင်းစိန်ထောင်နံရံပေါ် သမိုင်းရေးချင်တယ်..
ကျမသည် အောင်ဆန်းစုကြည်..
ထာဝရ လင်းလက်နေဆဲ မြန်မာ့ အာဇာနည်။.

မသဒ္ဓါ ( ၅။ ၁၄။ ၂၀၀၉)
ချစ်ခင်လေးစားရပါသော မြန်မာပြည်၏မိခင်သို့ ။
ရေးဆွဲ ပေးပို့ သူ Mr Creater အား ကျေးဇူး အထူးတင်ရှိပါသည်။

အပြည့်အစုံသို့ 

Sunday, May 10, 2009

မိခင်တယောက်၏ သောကနဲ့ မျှော်လင့်ချက်


ကံမကောင်းဖူးဘဲဆိုချင်လည်းဆိုတော့..
ကျမ သားကိုမွေးမိတဲ့အချိန် ဘဲလွဲသလား..
စစ်အုပ်စု..မတရားအုပ်တာဘဲ အပြစ်ပြောရမလား…
၈၀နှောင်းကာလ ရဲ့ ဆယ်ကျော်သက်
ကျမ..သားကလေးမောင်..၈၈၈၈ ရဲ့ မျိုးဆက်

သေနတ်မှန်သေတဲ့ သူငယ်ချင်း.
အံကြိတ်ရင်းနဲ့ ..ခံစား..
တောခို ကျောင်းသား..
သေနတ်ထမ်းတဲ့ ကလေးများ
အသက်ပေးဆပ် ဇာနည့်သားတွေ..
အမေတွေ ရင်ဆို့ ..
သားရယ်..ဘယ်ပျောက်..
သေလား ရှင်မလား ဗျာများတဲ့သူတွေ..
ဘုရားရေချမ်း ဆီမီးပန်းကပ်..
ပြန်လာမလား မျှော်ဆဲ..
အော်...နှစ် ၂၀ ကျော်ခဲ့ပြီဘဲ..

၈၈၈၈ သွေးအလျှဉ်.
ခုထိ မပြယ်ဖူး..
ဒေါင်းဝိညာဉ်သွေး..
စွေးစွေးနီဆဲ..
နှစ် ၆၀..ထောင်ကျ
မကြောက်ကြတဲ့ သားငယ်..
သက်တမ်းနဲ့မက
ထောင်မှာအရိုးထုတ်မဲ့သား..
အမေအိုတွေ အငတ်ခံချန်ထားတဲ့..
စားမြိန်စာတစ်ဆုတ်..
ငပိကြော်လေးကတစ်ထုတ်
သားရေ..အားမငယ်နဲ့ ..
ဘယ်လောက် ဝေးပစေကွဲ့ 
အမေ ထောင်ဝင်စာလာတွေ့ မဟဲ့..

“သူတို့ခေတ်နဲ့သူတို့အခါ
စစ်အစိုးရ ရဲ့ အာဏာ
လုပ်ပိုင်ခွင့်ရှိနိုင်တုန်းမို့
လုပ်လိုက်ပစေပေါ့
ယုံကြည်ချက်နဲ့အပြည့်နဲ့ ကလေးတွေအတွက်
ခွပ်ဒေါင်းတို့ရဲ့အမောက်၊
ခွပ်ဒေါင်းတို့ရဲ့ခြေထောက်ကို
ဘယ်လိုပဲ သံခြေချင်း ခတ်ခတ်
တနေ့ကျလို့ရှိရင် တောင်ပန်ခတ်ပြီး
တွန်လာမဲ့ ဒေါင်းအိုးဝေ
အလှည့်နေ့ တွေ ကြုံကြဦးမှာပေါ့

မိခင်များကတော့ သားများအတွက် ဂုဏ်ယူဆဲ
အာဇာနည်ကို မွေးရသည့် မိခင်
အာဏာရှင်ကို မွေးထားတဲ့
မိခင်ထက် ကိုးဆယ်ဆသာတယ်။
ကျမတို့ ဖြေသာတယ်။

( ထောင်ဒဏ် ၆ နှစ်ခွဲချမှတ်ခံရသူ ကိုကြည်ဖြူ၏ မိခင် ပြောကြားချက်အရ)

မသဒ္ဓါ (၅။၁၀။၂၀၀၉ )
အမေ များနေ့ မှာ ထောင်ကျ ကျောင်းသားများ ရဲ့အမေ များအား သားများရဲ့ကိုယ်စား ဂုဏ်ယူ ပါတယ်။ အာဇာနည် အမေတို့ ရဲ့ စေတနာမေတ္တာ ကို မြန်မာတည်သ၍ ကျမတို့ အားလုံး ဂုဏ်ယူနေကြမှာပါ။

မင်းကိုနိုင်။ ကိုကိုကြီး။ ကိုဂျင်မီ။ ကိုမင်းဇေယျာ တို့ ၏ မိခင်များ။ ကိုဇာကနာ့ မိခင် ဒေါ်ကြည်ဦး။ ကိုပြုံးချို ကိုသက်ဝင်းအောင် ၏ မိခင် ဒေါ်မြမြအေး ။ ကိုဌေးကြွယ်၏ မိခင်ကြီး ဒေါ်မိမိလေး။ ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦး၊ ကိုစည်သူမောင်၏ မိခင် ဒေါ်နုနုဆွေ
ကိုနေဘုန်းလတ်၏မိခင် ဒေါ်အေးသန်း။ ကိုသက်ဇင်၏ မိခင် ဒေါ်တိုးတိုး ။ ဦးဂမ္ဘီရ၏ မယ်တော် ဒေါ်ရေး။ G.Wave အဖွဲ့ မှ ကိုအောင်ဇေဖြိုး၏ မိခင် ဒေါ်ကျင်စန်း။ မြေသြဇာ အဖွဲ့ဝင်ကိုတင်ထွဋ်ပိုင် ၏ မိခင် ဒေါ်ငယ်။ ဇေယျာသော်၏ မိခင် ။ မောင်ရဲမြတ်ဟိန်း၏မိခင် ၊ ကိုကြည်ဖြူ၏ မိခင် (အမည်မသိတာခွင့်လွှတ်ပါ) စတဲ့ အာဇာနည်မိခင်များသို့  အမှတ်တရ မှတ်တမ်းတင်ပါသည်။

အပြည့်အစုံသို့ 

Sunday, May 3, 2009

အမှန်တရား..လေးစား..တရားခံဖြစ်သွားတဲ့ ရှေ့ နေများ..

တရား ဥပဒေ ဆိုတာ..
အပေါက်ရှာ ထွက်စရာ
ဆီစက်တွေ မဟုတ်ဖူး။
ဝမ်းရေး အတွက်ရောင်းစား
ဖြတ်စားလာဘ်စား မဟုတ်ဖူး။
အယုတ်အလတ် အမြတ်မရွေး.
တရားခံ တရားလို..
ဘယ်ဘက်ကမဆို
အမှန်တရားရဲ့ သက်သေ.
ကျောသား ရင်သား မျှမျှတတ
လျှောက်တင်ပြသရမဲ့ အရှေ့ ကနေ..
သိက္ခာ သမာဓိ လေးစားတဲ့
ကျွန်တော်တို့ ဘ၀ ရှေ့ နေ

ချိန်ခွင်ကိုင် မျက်လုံးစည်းထားတဲ့
အမှန်တရားရဲ့ နတ်သမီး..
ဘက်လိုက်ခြင်း မရှိဖူး
တူတူညီညီ..
နှစ်ဖက်မျှမျှတတ
ဆုံးဖြတ်ကြစတမ်းလေ..

ရာဇ၀တ်သမား လူသတ်ကောင်၊
ဒါးပြ။ မုဒိမ်း သူခိုး
ခါးပိုက်နှိုက် လူဆိုး
ကြာကူလီ၊ အနူကြမ်းသမား
ပြန်ပေး ပြည့်တန်ဆာ.
ပြည်သူ့ ဘဏ္ဍာ အလွဲသုံးစားသမား.
လိမ်လည်သူများ၊
အိမ်ယာမြေမှု၊ ကွဲကွာ ထိမ်းမြားမှု။
ကုန်ကုန် ပြောမယ်ဗျာ
အကြီးကြယ်ဆုံးသော
နိုင်ငံတော်လုပ်ကြံအာဏာသိမ်းမှု..ဆိုတဲ့အမှုထိ
ဘာမှုဘဲ လာလာ..
ကျုပ်တို့ ရှေ့ နေတော့ အကျိုးဆောင်ပါတယ်။
အမှန်အကန် ဖြစ်စေရမယ်။

ခု ကျနော်တို့ လိုက်တာက နိုင်ငံရေးဆန္ဒပြမှု
စာရွက်ဝေ. ဘုရားတက်ဆုတောင်းမှု
ဘုရားပန်းကပ် ဘုန်းကြီးဆွမ်းကပ်မှု
အင်တာနက်စာပို့ မှု။ ခိုဌက် ငါးတွေ လွတ်တဲ့အမှု
အယ်ဒီတာ နိုင်ငံခြားဂျာနယ်ဖတ်မှု
ဘုန်းကြီးလမိးတလျှောက် မေတ္တာစာရွတ်မှု
ကားခချွေတာ လမ်းလျှောက်..လမ်းပိတ်ဆို့ စေမှု
ကမ္ဘာမကြေ သီချင်းဆိုမှု
ဗိုလ်ချုပ်ဓါတ်ပုံ အလေးပြုမှု
ဝရမ်းမပါ အိမ်တံခါးမဖွင့်တဲ့အမှု
မြေသိမ်းအလျှော်မရ ငွေတောင်းမိတဲ့အမှု
အဓမ္မ အလုပ်သမား နစ်နာကြေးရလိုမှု
ကလေးစစ်သား မိဘပြန်ခေါ်လိုမှု
ဘုန်းကြီးရေဆာ ရေလှုမှု
သွေးစွန်းဆွမ်းအကပ်မခံ ဘုန်းကြီးရဲ့ အာဏာဖီဆန်မှု
AIDS ရောဂါသည်များ ပြုစုယုယမှု
နာဂစ် အလောင်းပုပ် မြေမြှုပ်ပေးမှု
နာရေးဒုက္ခသည် ကူညီ ဆွမ်းသွပ်ပေးမှု
ဒီလို ဆွဲစေ့တဲ့ နိုင်ငံရေးမှုတွေ..
လိုက်ရတဲ့ ရှေ့ နေ..
အစကတည်းက စွန့်လွှတ်ရဲ
လိုင်စင်ဆိုတာလည်း မမြဲ
ထောင်ကျရေး မကျရေးလည်း မသဲကွဲ
တရားမှန်နေသူ..ထောင်ထဲဆွဲတဲ့ ပွဲ
ရှေ့ နေတောင် ဆွဲမှတော့ဗျာ
မျှတတဲ့ တရားစီရင်ရေး ..
အဟမ်း…အဟမ်း
သိပ်တော့ မဝေးဖူးဗျာ..
ဘုရားကို စူးစေ့
မိုးနဲ့  မြေပြင်လောက်ကလေးပါ။

ရှေ့နေကိုယ်တိုင်တောင် ခုခံချေပခွင့်မဲ့
မမှန်မကန် လုပ်ကြံသက်သေရေး..
ဝန်ခံတယ်လည်း လုပ်ရဲ့..
လက်ရှိ တရားစီရင်ရေးကို
ရှေ့ နေ ကိုယ်တိုင်တောင်
အယုံအကြည် မရှိနိုင်တဲ့အရာ..
ပြည်မြန်မာ မှာတရားဥပဒေ အငွေ့ ပျံနေခဲ့ပြီ

နအဖ ရေးတဲ့..အာဏာရှင် အကြိုက်
ရှေ့ နေတောင် မျက်စေ့ မမှီလိုက်
ဆွဲသုံးတဲ့ ဥပဒေ…အမြင်ကပ်သူဆွဲ ဥပဒေ
ဆွဲပစေလေ..
ရှေ့ နေ ထောင်ကြောက်ရမလား။
အဆင်သင့် အထုတ်ပြင်
ထောင်ထဲဝင်ဖို့  ပြင်ဆင်ထားတယ်.

ကျနော်..တို့ အားလုံး
တရားခံဖြစ်သွားတဲ့ ရှေ့ နေ
ဦးအောင်သိမ်း၊ ဦးခင်မောင်ရှိန်
ကိုဖိုးဖြူ နဲ့ ကိုစောကျော်ကျော်မင်း
လိုင်စင်ပြုတ်ရှေ့ နေ ကိုညီညီထွေး၊

အမှန်တရားဆို လက်မနှေးဖူး
လိုင်စင်ပေး မပေးရင်နေ
လိုင်စင်ပြုတ်ချင်ပြုတ် မပြုတ်ချင်နေ
တရားမျှတမှုဟာ နှလုံးသားထဲမှာရှိတယ်။
အားနည်းသူများအတွက် ကူညီမဲ့သူတွေဖြစ်တယ်။
တရားဥပဒေ အတွက်ဆို..
အသက်တောင် စွန့် ရဲတယ်။

လာဘ် အကျိုးကို မဆောင်ဖူး..
အာဏာရှင်ကို ဖား..အမြီး မထောင်ချင်ဖူး
အမျိုးဂုဏ်ဆောင်တဲ့ ကျက်သရေ
ထာဝရ ရာဇ၀င်ထဲ..
ဂုဏ်သိက္ခာ..ကျန်နေခဲ့တဲ့ ဒို့ ရှေ့ နေ

မသဒ္ဓါ (၅။၂။၂၀၀၉)

ရှေ့နေ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် ပြန်လွတ်
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဥပဒေအကျိုးဆောင်ပေးနေရင်း ဖမ်းဆီးခံရတဲ့ ရှေ့နေကြီး ၂ ဦး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ ရန်ကုန်မြို့က ၀ါရင့် ရှေ့နေကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ဟာ ထောင်ဒဏ် (၄) လစီ အသီးသီး ပြစ်ဒဏ်ကျခံနေရာက ဒီကနေ့ ပြည့်မြောက်ခဲ့တဲ့ အတွက် သူတို့ကို ဖမ်းဆီးထားတဲ့ နယ်ထောင်တွေက ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ဒီအထဲက ရှေ့နေကြီး တဦးဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီး ၂ ဦး ဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ ၂ ဦး ကို တရားရုံးကို မထေမဲ့မြင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လထဲတုန်းက ထောင်ဒဏ် (၄) လစီ အသီးသီး အပြစ်ပေးထားရာက ဒီနေ့မှာတော့ ထောင်ဒဏ် ရက်ပြည့်လို့ ပြန်လွှတ်ပေးလိုက်တာပါ။ အတိုက်အခံအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီရဲ့ ဥပဒေ အကျိုးဆောင်တွေလည်း ဖြစ်ကြတဲ့ ဦးအောင်သိန်း က ဧရာဝတီတိုင်း ပုသိမ်ထောင်၊ ဦးခင်မောင်ရှိန် ကတော့ မြောင်းမြထောင်တွေကနေ လွတ်မြောက်လာခဲ့ကြတာပါ။ ထောင်ကလွတ်တဲ့နေ့၊ ရှင်လိင်ပြန်တဲ့ နေ့၊ မင်္ဂလာဆောင်တဲ့ နေ့တွေဟာ လူတယောက်အတွက် အပျော်ဆုံးနေ့တွေလို့ မြန်မာ့ဆိုရိုးစကား ရှိပေမဲ့ နဂိုကတည်းက ပြစ်ဒဏ်နဲ့ မထိုက်သူတွေဖြစ်တာမို့ အခုလို လွတ်လာပေမဲ့လည်း အထူးတလည် ၀မ်းမသာနိုင်ဘူး ဆိုပြီး ရှေ့နေကြီး ဦးအောင်သိန်း က ထောင်ကလွတ်လာတဲ့ နေ့မှာပဲ ပြောလိုက်ပါတယ်။

ရှေ့နေ ဦးအောင်သိန်း
“လျှောက်လဲချက်ပေးတော့လည်း ထောင်ကျမယ်ဆိုတာ စိတ်ထဲမှာ သံသယ ရှိတော့ ကိုယ့်ဘာသာ ဆေးနဲ့ အင်္ကျီ အ၀တ်အစားတွေ အကုန်လုံး အဆင်သင့်လုပ်ထားတာပေါ့နော်။ တရားစီရင်မှုက ငါနဲ့ပတ်သက်တဲ့ တရားစီရင်မှုဟာ very speedy ဖြစ်နေတယ်ဆိုရင် ငါ့ကို ထောင်ချဖို့အတွက် အစီအစဉ်တော့ ရှိနေပြီဆိုတာ တွက်ထားတာပေါ့နော်။ အဲဒီအတွက်လည်း ထောင်ကျသွားလို့လည်း ကျနော့်အတွက်လည်း ဘာမှ အထွေအထူး အံ့သြမှု မရှိပါဘူး။ အယ် - နောက်တခုက ထောင်ကထွက်လာတော့လည်း ကျနော့် ရက်ပြည့် လပြည့် နေ့ပြည့် ထွက်တဲ့သူတွေလိုလည်း ဘာမှ ၀မ်းသာစရာ အကြောင်းတရားမရှိပါဘူး။ ဒါ သမားရိုးကျ ပါ။ ဒီလိုပဲခံစားပါတယ်။”
နောက်တခုက တခြားထောင်တွေမှာ ဒီလိုပဲ ရောက်သွားတဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ဆက်စပ်ဖမ်းဆီးခံရတဲ့လူတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ကြားရတာတွေ ရှိပါ တယ်။ ထောင်တွင်းတွေမှာ ဖိနှိပ်မှုတွေ ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တွေ မကောင်းဘူး။ စသဖြင့် သတင်းတွေ ကြားတယ်ဆိုတော့ အန်ကယ့် အတွေ့အကြုံတွေကရော ထောင်ထဲမှာ ဘယ်လို ကြုံခဲ့ရလဲ ခင်ဗျ။ -
“ကျနော် ရောက်လာတဲ့ ပုသိမ်ထောင်မှာဆိုတော့ ဆရာဝန်မရှိဘူးပေါ့နော်။ မရှိတော့ တခါတလေကျရင် အပြင်က ဆရာဝန် တို့ ဆေးရုံက ဆရာဝန်တို့ကို ခေါ်ပြီးတော့ ဒီ တလတကြိမ်တို့၊ သုံးပတ် တကြိမ်တို့ ခေါ်ပြတာလေးတွေ တော့ ရှိပါတယ်။ ကျနော်တို့အတွက် လာလည်း ကြည့်တာပေါ့ဗျာ။ ဒါပေမယ့် ခက်တာက ကျနော်တို့ သာမန်ရောဂါမျိုးကျတော့ ဘာမီတွန်လေး ပေး၊ ပါရာစီတမော့လေး ပေးတဲ့ဟာမျိုးတွေက များနေတယ်ပေါ့ဗျာ။ တကယ့် ဆေး ဘာညာလည်း မရှိဘူး။ နောက်ပြီးတော့ ဆေးမှူးဆိုတာကလည်း ကျနော်တို့သိတော့ ဒီ ဆေးတပ်က ထောင်ကျတဲ့ အကျဉ်းသားတွေကို ပြန်ပြီးတော့ ဆေးမှူးအဖြစ် သူတို့ကနေ သွေးပေါင်ချိန်တယ်။ ဒီလောက်ပဲ လုပ်နိုင်တာကိုးဗျ။”
နောက်တခုကလည်း အန်ကယ်ကတော့ ပြန်လွတ်လာတယ်။ ဒါပေမယ့် အစောပိုင်း ဒီလိုပဲထောင်ကျခံလိုက်ရတဲ့ ရှေ့နေတွေလည်း အပါအ၀င်ပေါ့နော်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ထောင်နဲ့ချီပြီးတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ရှိနေသေးတယ် ဆိုတော့ ဒီအပေါ်မှာရော အန်ကယ် ခံစားချက် ဘယ်လိုရှိလဲခင်ဗျ။ -
“ကျနော် စိတ်မကောင်းဖြစ်တာကတော့ လိုက်လက်စ၊ လုပ်လက်စအမှုတွေပေါ့ဗျာ။ အထူးသဖြင့် အင်းစိန်ထောင် ဗဟိုမှာ ၂၀၀၇ ခုနှစ် သြဂုတ်လ ကျောင်းသားတွေ ဒီ မင်းကိုနိုင် တို့ လမ်းလျှောက်ဆန္ဒပြတာက အစ၊ နောက် စက်တင်ဘာမှာ သံဃာတွေ မေတ္တာပို့တဲ့အမှုတွေ ကျနော် လိုက်ပါဆောင်ရွက်ပေးရတာ အကုန်လုံး တိုးလို့တန်းလန်းတွေ ဖြစ်သွားပြီးတော့ သူတို့ ဒုက္ခတွေရောက် ထောင်တွေကျသွားတယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော် ကျသွားပြီးတော့ တခြား ရှေ့နေတွေ မလိုက်ဘူးလား ဆိုတော့ တခြား ရှေ့နေတွေ၊ ကျနော်နဲ့ပြောတဲ့ ရှေ့နေတွေ၊ ဆက်လိုက်ပေးမယ်ဆိုတဲ့ ရှေ့နေတွေ အကြောင်းအမျိုးမျိုးကြောင့် အဟန့်အတားတွေခံပြီး တရားခွင်မှာ သူတို့ တက်ရောက်ခွင့် မရတော့ဘဲနဲ့ သူတို့က ထောင်ထဲမှာဝင်ပြီးတော့ တရားရုံးကို ၀င်ခွင့်တောင်မရဘူး။ တားဆီးခံရတယ်ဆိုတာ ကျနော် သိတယ်။ ဒါ ကိုကျော်ဟိုး တို့၊ ကိုမောင်မောင်လတ် တို့ဆိုတာ အဲဒီလိုတွေ ဖြစ်လာတယ်ဗျ။ အဲတော့ ကျနော်လည်း ဘယ်လို နားလည်ရမှန်း မသိဘူးပေါ့နော်။ ကျနော်တို့ ရှေ့နေတွေအပေါ်မှာထားတဲ့ သဘောထားကို။”
နောက်တခုက အန်ကယ် ပြန်လွတ်လာပြီဆိုတော့ ဒီဥပဒေရေးရာ အလုပ်တွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို လိုက်လက်စတွေလည်း ရှိတယ်ဆိုတော့ ဆက်လိုက်ဖို့ရော ရှိလားခင်ဗျ။ -
“ကျနော် ဆောင်ရွက်မှာပါ။ ကျနော့်မှာ ဒီဟာ ဆောင်ရွက်ပေးရမယ့် အတိုင်းအတာ တာဝန် ရှိတယ်လို့ ကျနော် ခံယူထားပါတယ်။ ကျနော် ဆုံးခန်းတိုင်အောင် ကျနော် လုပ်ပေးရမယ်။ ကျနော် တိုးလို့တန်းလန်း ဖြစ်သွားကတည်းကတော့ ကျနော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ မဟုတ်ဘူးပေါ့ဗျာ။ ကျနော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ထောင်ထဲ ထည့်ထားတဲ့အချိန်မှာ ကျနော် ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် စိတ်ထဲကတော့ ကျနော် အမှုလိုက်နေဆဲပါပဲ။”
ဒီကနေ့ပဲ ဧရာဝတီတိုင်း ပုသိမ်ထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း ပါ။ အလားတူ စွပ်စွဲချက်နဲ့ပဲ ထောင်ဒဏ် (၆) လ အပြစ်ပေးခံခဲ့ရတဲ့ လူငယ်ရှေ့နေတဦးဖြစ်တဲ့ ကိုညီညီထွေး ကတော့ အခုအချိန်အထိ ရန်ကုန် အင်းစိန် အကျဉ်းထောင်ထဲမှာ ပြစ်ဒဏ်တွေကို ဆက်လက် ကျခံနေရဆဲလည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/2009-03-06-voa4.cfm

ကိုညီညီထွေး ၏ အင်တာဗျူး
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 17:51 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံတော်က ပေးအပ်ခဲ့သည့် ဥပဒေဘွဲ့ဖြင့် ရှေ့နေလိုက်ခဲ့သူ တဦးသည် ပြစ်ဒဏ်စေ့သဖြင့် အကျဉ်းထောင်က ပြန်လွတ်လာသော်လည်း ရှေ့နေလိုင်စင် ရုပ်သိမ်းခံလိုက်ရသဖြင့် ဝမ်းမသာနိုင်ကြောင်း ယနေ့ ပြောဆိုသည်။

တရားရုံးအား မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၆ လ ချခံရသူ ၃၃ နှစ်အရွယ် လူငယ်ရှေ့နေ ကိုညီညီထွေးသည် လွတ်ရက်စေ့သဖြင့် ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွတ်လာခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းသူ ကြည့်မြင် တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦးအတွက် တရားခွင်တွင် ခုခံကာကွယ်ပေးရာမှ မြောက်ပိုင်းခရိုင် တရား ရုံး က ရုံးတော် မထီမဲ့မြင်မှုဖြင့် ပြစ်ဒဏ်ချခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် ထောင်ဒဏ် ချခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ စတင်ကာ အမှုလိုက်လာခဲ့သော်လည်း ယခုအခါ ရှေ့နေ လိုင်စင်ပါ အသိမ်းခံလိုက်ရသည်။

သူ၏ ထောင်တွင်း အတွေ့အကြုံနှင့် ခံစားချက်၊ အတွေးအမြင်တချို့ကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

ဘယ်တုန်းက ပြန်လွတ်လာတာလဲရှင်။

ကျနော် မနေ့က ပြန်လွတ်လာပါတယ်ခင်ဗျာ။ မနက် ၁ဝ နာရီလောက်က ထွက်လာခဲ့တာပါ။ ရိုးရိုးအရပ်ဝတ်နဲ့ပဲ ထွက်လာခဲ့ပါတယ်။ ဘာဝန်ခံလက်မှတ်မှ မထိုးခဲ့ရပါဘူး။ ရောက်ကတည်းကနေ ပြန်ထွက်တဲ့ အချိန်အထိ အင်းစိန်ထောင်မှာပဲ နေရတာပါ။

ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲရှင့်။

ကျန်းမာရေးကတော့ သိပ်မကောင်းဘူးခင်ဗျာ။ ကျနော်က အပြင်မှာ ကတည်းက ဖြစ်တာပါ။ ကျနော်က နှလုံး သိပ်မကောင်းဘူး။ အခုတော့ ဆေးစားဆေးသောက် နေရတယ်ပေါ့လေ။

အခုလို ထောင်ဒဏ် ချမှတ်ခံရတဲ့ အမှုအကြောင်းကို ရှင်းပြပေးပါလား။

အဲဒီ အမှုကတော့ လှိုင်သာယာမြို့နယ် တရားရုံးမှာ ကျနော် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ သန့်ဇင်ဦး အပါအဝင် ၁၁ ဦး အမှုကို ပထမဦးဆုံး ရောက်သွားတဲ့ ရုံးချိန်းပါပဲ။ ကျနော် စစ်ဆေးရမယ့် အချိန်မှာ စစ်တယ်။ ကျနော့် စစ်ဆေးမှု မတိုင်ခင်မှာ ကျနော့် အမှုသည် မဟုတ်တဲ့ ကိုရန်နိုင်ထွန်းက သူ့အလှည့်မှာ ပြောတာက လက်ရှိ တရားစီရင်ရေးကို သူ့အနေနဲ့ လက်မခံနိုင်ဘူး။ အယုံအကြည် မရှိဘူးလို့ ပြောပါတယ်။ ဒါကို တရားသူကြီးက ကျနော် တရားခံတွေ ပြောဆိုတာကို ထိန်းသိမ်းပေးပါလို့ ပြောတယ်။ ထိန်းပေးပါပေါ့။ ကျနော်နဲ့ ဦးစောကျော်ကျော်မင်းကို ပြောတယ်။ အဲဒီအချိန်မှာ ကျနော် ပြောလိုက်တယ်၊ ကျနော်တို့ဟာ အမှုသည်တွေရဲ့ တင်ပြလျှောက်ထားချက်အရ လိုက်ပါဆောင်ရွက်ရတာ ဖြစ်ပါတယ်။ သူတို့ကို ဒါတွေကို မလုပ်နဲ့ဆိုပြီး တင်ပြ ပိတ်ပင်ခွင့် မရှိဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီအပေါ်မှာ တရားသူကြီးက သူတို့အမှုသည်တွေကို တာဝန် မယူဘူး ဆိုပြီးတော့ မှတ်တမ်းတင်ပါတယ်။ အဲဒါကို နေ့ချင်းပဲ အမှုတိုင်တမ်းပြီးတော့ ဖမ်းလိုက်တာပါ။

အခုလို ပြစ်ဒဏ် ချတဲ့အပေါ် ရှေ့နေ တယောက်အနေနဲ့ ဥပဒေအကြောင်းအရ ဘယ်လို မြင်လဲရှင့်။

တရားခွင်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အမှန်မဟုတ်ဘူးခင်ဗျာ။ တချို့ အစိတ်အပိုင်းတွေ မှန်သော်လည်း တချို့ အစိတ်အပိုင်း မှာ မမှန်ဘူး။ ဒါပေမဲ့ ဒီတရားခွင်မှာ ပေါ်နေတဲ့ မှတ်တမ်းတွေအရ ကျနော်တို့ကို တိုင်တာ စတင်မှတ်တမ်းတင် ကတည်းကိုက မမှန်ဘူး။ ကျနော်တို့ တာဝန်မယူဘူးလို့ မပြောဘူး။ ဒါပေမဲ့ တာဝန်မယူပါဘူးလို့ ပြောတယ်ဆိုပြီး မှတ်တမ်းနဲ့ အမှုစွဲခဲ့ပါတယ်။

ကျနော့်အမှုက အာမခံ ရတဲ့ အမှုပဲ။ အဲဒါကို ကျနော် အာမခံ လျှောက်ဖို့ မပြောလိုက်ရဘူး။ ကျနော် အပြင်ထွက်မယ် လုပ်တော့ ကျနော့် ကို ရဲက ဖမ်းဆီးသွားတယ်ဗျာ။ ကျနော် လျှောက်ထားခွင့် ရှိတယ်။ အဲဒီ အခွင့်အရေး ရှိတယ်။ မရခဲ့ပါဘူး။

နောက်တရက်မှာလည်း ရုံးပြန်ထုတ်ပါတယ်။ လုံခြုံရေးတွေနဲ့ ပိတ်လိုက်ပြီးတော့ အမှုဖြစ် အကြောင်းအရာကို မေးတယ်။ တရားသူကြီးက တယောက် ၆ လ ချလိုက်တယ်။ ခုခံ ချေပခွင့် မရဘူး။ ကျနော် ပြန်ထွက်လာတဲ့ အချိန်မှ ကျနော် အမှုတွဲ ပြန်လေ့လာကြည့်တဲ့အခါမှာ ကျနော်တို့ဟာ အပြစ်ရှိကြောင်း ဝန်ခံထားတာကို ဒီမှတ်တမ်းတင် စာအုပ်မှာ တွေ့ရတယ်ခင်ဗျာ။ အမှန်က ကျနော် အပါ ၄ ယောက်ဟာ လုံးဝ ဝန်မခံခဲ့ပါဘူး။ ဒါဟာ ကျနော်တို့အနေနဲ့ ခုခံချေပခွင့် မရခဲ့ဘူး။ အခွင့်အရေး ချိုးဖောက်ခံရတာပါဗျာ။

ထောင်ထဲမှာ နေထိုင်စားသောက်ခဲ့ရပုံကို ပြောပြပါအုံး။

စရောက်ရောက်ချင်း ထောင်ထဲမှာ တခြားအကျဉ်းသားတွေလိုပဲ ကျနော့်ကို ထားတယ်ဗျာ။ တိုက်ခန်းတွေလိုမှာ နေရတယ်။ ကျနော့်ကို တပတ်လောက်ကြာတဲ့အခါ အထက်က ညွှန်ကြားစာ ဝင်လာတဲ့အတွက် ကျနော့်ကို ပြန်ပိတ်ထားရမယ်လို့ ပြောတယ်။ အချုပ်သားတွေလိုပဲ ထားပါတယ်။ အချုပ်သားတွေ နေရတာကတော့ မနက် ၇ နာရီ မထိုးခင် ၁၅ မိနစ်လောက် အပြင်ထွက်ခွင့် ရတယ်။ ပြန်ပိတ်တယ်။ နေ့လယ် ၁၂ နာရီ ပြန်ဆင်းခွင့် ရှိတယ်။ နောက် ၁ နာရီကနေ ၅ နာရီထိ တိုက်ထဲ ပြန်နေရတယ်။ အဲဒီနောက် ၆ နာရီမှာ ပြန်ဝင်ရပါတယ်။ တနေ့ ၂ နာရီ ၁၅ မိနစ်လောက် အပြင်မှာ နေခွင့် ရှိပါတယ်။ ကျန်တဲ့ ၂၂ နာရီ နီးပါး တိုက်ထဲမှာ နေရပါတယ်။

စားတာကတော့ ကျနော်တို့ နိုင်ငံရေးအမှုနဲ့ အကျဉ်းသားတွေကိုတော့ ဆန်ကြမ်းထမင်း ကျွေးပါတယ်။ ပဲဟင်း ပေးပါတယ်။ ဆား မပါ ဘူး။ အချိုမှုန့် မပါဘူး။ ဒါပေမဲ့ တပတ်တကြိမ် ဆား ပေးပါတယ်။ တာလပေါ ခေါ်တဲ့ ဟင်းရွက်နဲ့ ချက်ထားတဲ့ ဟင်း ပေးပါတယ်။ တရက်ကို ထမင်းက မနက်တကြိမ်၊ ညတကြိမ် ကျွေးပါတယ်။ ဟင်းကတော့ တရက်ကို တကြိမ်ပဲ ကျွေးပါတယ်။ အသားဟင်းက တပတ်ကို နှစ်ကြိမ် ပေးတယ်။ အမဲသားစားသူ အမဲသား ကျွေးတယ်။ အမဲသား မစားသူကို ကြက်ဥ ကျွေးပါတယ်။

အချုပ်ထဲ မရောက်ခင်က ဘယ်လို အမှုမျိုးတွေ လိုက်ပါဆောင်ရွက်ခဲ့လဲ။

ကျနော်က စက်တင်ဘာ အရေးအခင်း မတိုင်ခင် ကတည်းကနေ သာမန်အမှုတွေ လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအမှုတွေ ရှိလာတဲ့ အချိန်ကျတော့ နိုင်ငံရေးအမှုတွေ၊ အကြမ်းဖက်မှုတွေ ကျနော် လိုက်ခဲ့ပါတယ်။ အရပ်ဘက် အမှုတွေ လိုက်ပါနေတဲ့အခါမှာ မြင်တွေ့လာတဲ့ နိုင်ငံရေးအမှုမှာ ရှေ့နေ တော်တော်များများက မလိုက်ကြပါဘူး။ ဘယ်လိုသဘောနဲ့ မလိုက်ကြဘူး ဆိုတာကိုတော့ ကျနော် မပြောလိုပါဘူး။ အဲဒီမှာ ရှေ့နေ ရှေ့ရပ်တွေရဲ့ ရသင့်ရထိုက်တဲ့ ခုခံချေပခွင့်တွေ ဆုံးရှုံးနေတာကို တွေ့ရတဲ့အတွက် ကျနော် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။

ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ စိတ်ကူးထားပါသလဲ။

ကျနော် ရှေ့ဆက်လုပ်ဖို့ လိုင်စင် သိမ်းလိုက်ပါပြီ။ သိမ်းတာက ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ ကျနော် ထောင်ထဲ ရောက်နေတုန်း ကျနော့်အိမ်ကို စာပို့လိုက်တယ်။ ဘယ်လိုစာလဲဆိုတော့ ကျနော်ဟာ ပြစ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ၂၂၈ အရ အလုပ်ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခြင်း ခံရပြီးတော့ အဲဒီအမိန့်ဟာ ယနေ့တိုင် အတည်ဖြစ်တယ် ဆိုပြီးတော့ ဖော်ပြထားတာ တွေ့တယ်။ ကျနော် ရှေ့နေ ဦးညီညီထွေး ကို ရှေ့နေလိုက်ခွင့် မရသည့် ဥပဒေ ပုဒ်မ ၁၃ (စ) အရ ဒီထုတ်ပြန်သည့်နေ့မှ စ၍ ရှေ့နေ လိုက်ပါဆောင်ရွက်ခွင့် ရပ်ဆိုင်းလိုက်သည် ဆိုပြီး အမိန့်ထုတ်လိုက်ပါတယ်။

အခုလို ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး တခြား ဘာပြောချင်သေးလဲရှင့်။

ကျနော် ပြန်လွတ်လာတာကိုတော့ ဝမ်းမသာနိုင်ပါဘူးခင်ဗျာ။ ငယ်ကတည်းကနေ ကျနော် ကြိုးစားခဲ့ရသမျှ၊ အားထုတ်ခဲ့ရသမျှ၊ ရင်းနှီးခဲ့ရသမျှ ကျနော် ရရှိခဲ့တဲ့ ရပ်တည်ချက်လေးတခု အထက်တန်း ရှေ့နေ တယောက်၊ ဥပဒေ ပညာရှင်တယောက် အဖြစ်က ကျနော် ရပ်ဆိုင်းခံလိုက်ရပါတယ်။ ကျနော်တို့ ရှေ့နေ လူငယ်တွေကို အညွန့်ချိုးခံရတာပါ။ ဒီ့ထက် ကျနော် ဘာမှ မလုပ်နိုင်ပါဘူးခင်ဗျာ။

ကျနော်က နိုင်ငံတော်က ပေးအပ်တဲ့ ဥပဒေဘွဲ့နဲ့ ကျောင်းပြီးထားတာပါ။ နိုင်ငံတော်က ပေးထားတဲ့ ဥပဒေ၊ ရှေ့နေလိုင်စင် ပေးထားတဲ့ ဥပဒေ အတတ်ပညာရှင် တယောက်ဖြစ်တဲ့အတွက် နိုင်ငံတွင်းမှာ ရှိနေတဲ့ သာမန်အမှုတွေ လိုက်ခဲ့တယ်။ ခွဲခြားခြင်း မရှိခဲ့ပါဘူး။

အပြည့်အစုံသို့ 

Saturday, May 2, 2009

ပုပ်သိုးနေသော ပန်းချီကားတချပ်....


အဘရေ..
တနှစ်တောင် လည်ပြီတော့..
ခုထိတော့ ဆွမ်းမသွတ်အား..
အမျှမဝေအားတာ ခွင့်လွှတ်ပါတော်..

မနှစ်က နာဂစ်..
တမိသားစုလုံး ရေမြောရစ်တော့..
၁၄ နှစ်သမီး ကျမ..
တကောင်ထည်းထီးထီးကျန်
သေကံမရောက်
သက်မပျောက်ပေတဲ့
ပညာတပိုင်းတစ.
ဘာလုပ်စားရမလည်း..
ဘယ်လို ၀မ်းကျောင်းရပါ့မလည်း.
လယ်စိုက်စားမယ် ကြံလည်း
လယ်ယာ မြေမဲ့
အဌားလိုက်စားမယ် ကြံလည်း
လယ်စိုက်သူမဲ့
အိမ်ဖော်လုပ်စားမယ် ကြံလည်း
ဌားမဲ့သူမဲ့
လင်ယူစားမယ် ကြံလည်း
ယူစရာလူမဲ့
တောင်းစားမယ်ကြံလည်း
သူတောင်းစား ကဋေကဋာနဲ့ 

ဝမ်းမီးက တောက်
သောက ရောက်တော့.
အဘရယ်..ကျုပ်မှာရောင်းစရာ..
ဟိုဟာ တစ်ခုဘဲရှိတယ်..
လပွတ္တာရဲ့ ဇိမ်ခန်းထဲ
ကျုပ် အလုပ်ရနေတယ်။

အဘ မျှော်မှန်းသလို..
ကျောင်းကြီးကအောင်
ဆရာဝန်ကြီးမဖြစ်
လင် သားကောင်းရ..
ကျောင်းအမကြီး လည်းမဖြစ်
သားကလေးကို ရှင်ပြုပေး
သာမန် လယ်သူမလေးတောင် မဖြစ်..

တစ်နေ့  တစ်နေ့ 
တစ်ည တစ်ည
အယောက်မရေနိုင်တဲ့ ယောက်ျား
နှစ်ပါးသွားရတဲ့ ကျုပ် လေ..
ကာမရောင်းစားရတဲ့ သူ..
စကားလုံးလှလှခေါ်ရင် "ပြည့်တန်ဆာ"
ရိုင်းရိုင်းခေါ်ရရင်တော့ "ဖာ"
အောက်တန်းကျတဲ့ လူဘဝ
အဘရယ် မဆူပါနဲ့ တော်..

သေသူများက ၀ဋ်ကျွတ်.
ရှင်သူများက ငရဲမီးထဲက ၀ဋ်တွေ..
သေတာထက် ဆိုး..
အပိုင်းပိုင်း အစစ ဘ၀တွေ..ကျိုးခဲ့ပြီ..
နာဂစ်ရဲ့ နှစ်ပတ်လည်..
ပုပ်သိုးဆေးမဲ့ ဒီပန်းချီ။

မသဒ္ဓါ (၅။၂။၂၀၀၉)
နှစ်ပတ်လည်..နာဂစ် အတွက်

မြစ်ဝကျွန်းပေါ်မှာ ပြည့်တန်ဆာ ပိုများလာ
Monday, 16 March 2009 18:40 အောင်သက်ဝိုင်း .
နာဂစ်မုန်ုတိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော လပွတ္တာ မြို့နယ်တွင် ယခုအခါ ပြည့်တန်ဆာ လုပ်ငန်းများ ကြီးထွားလာပြီး ဒေသခံများ သာမက မြောင်းမြနှင့် ပုသိမ်မှ ပြည့်တန်ဆာ များပါ လပွတ္တာသို့ ရွှေ့ပြောင်း လုပ်ကိုင် လာကြ ကြောင်း ဒေသခံများထံမှ သိရသည်။

နာဂစ်မုန်တိုင်း မဖြစ်ပွားခင်ကပင်၊ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် လပွတ္တာမြို့တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတို့ များပြားခဲ့ပြီး နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် ပြည့်တန်ဆာအဖြစ် အသက်မွေး ၀မ်းကြောင်း လုပ်ကိုင်သည့် အမျိုးသမီး အရေအတွက် ပိုများလာပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းများ ပိုမို တွေ့လာရကြောင်း လပွတ္တာမြို့နယ်တွင် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူများက ပြောသည်။

“လပွတ္တာမှာ အရင်က မိသားစုတည်းခိုခန်းတို့၊ မြနန်းသစ္စာ တည်းခိုခန်းတို့၊ ဧရာစတား တည်းခိုခန်းတွေနဲ့ တခြား တည်းခိုခန်းတွေမှာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ ပြည့်နေခဲ့တာ။ အခု ဒီ တည်းခိုခန်းတွေကို ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ငှားထားတော့ ပြည့်တန် ဆာလုပ်ငန်းတော့ မလုပ်ကြဘူး။ ဒါပေမယ့် လူအ၀င်အထွက် များတော့ ပြည့်တန်ဆာလုပ်ငန်း ပိုများလာတယ်” ဟု စွမ်းအားရှင် တဦးဖြစ် သူ ရန်ကုန် - လပွတ္တာ ကားဂိတ်အနီးရှိ ဆိုင်ကယ်တက္ကစီဂိတ်မှ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောပြသည်။

ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူများနှင့် ဆိုက်ကားသမားတချို့မှာ ပြည့်တန်ဆာခေါင်းများနှင့် ဆက်သွယ်ပြီး ပျော်ပါးလိုသူများ ရှာဖွေပေး ခြင်း ကို အလုပ်တခုသဖွယ် လုပ်ကိုင်လာ သကဲ့သို့ ပြည့်တန်ဆာများကို သယ်ယူပို့ဆောင် ပေးခြင်းများ လုပ်ကိုင်လာကြကြောင်း လပွတ္တာမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

“မြောင်းမြက ပြည့်တန်ဆာတွေ၊ ပုသိမ်က ပြည့်တန်ဆာတွေလည်း လပွတ္တာကို ဆင်းလာကြတယ်” ဟု လပွတ္တာမြို့ခံ ကဏန်းလုပ် ငန်းရှင်တဦးက ပြောသည်။

ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူအများစုသည် လပွတ္တာမြို့နယ်ရဲများကို လိုင်းကြေးပေးကြရပြီး လပွတ္တာမြို့ပေါ် ၁ ရပ်ကွက် စည်ပင် သာယာ ဘုန်းကြီး ကျောင်းအနီး၊ ရေကန်ကြီးဘေးရှိ ထန်းပင်စုဟု ခေါ်ဆိုသည့် နေရာတွင် ပြည့်တန်ဆာတန်း တခုသဖွယ် ဖြစ်ထွန်း နေကြောင်း လပွတ္တာ ဒေသခံများ၏ အဆိုအရ သိရသည်။

“၁ ရပ်ကွက် ရေကန်ဘေးက တဲတွေမှာ ပြည့်တန်ဆာလုပ်ကြတဲ့ အမျိုးသမီးတွေ များတယ်။ ကန်ဘောင်ဘေးမှာ အဲဒီ တဲလေးတွေမှာပဲ ပြည့်တန်ဆာ အမျိုးသမီးတွေနဲ့ ပျော်ပါးလို့ရတယ်” ဟု အသက် ၄၅ နှစ်အရွယ် လပွတ္တာမြိုခံ ဆိုင်ကယ်ကယ်ရီသမား တဦးက ပြောသည်။

လပွတ္တာမြို့ပေါ်တွင် ပြည့်တန်ဆာများနှင့် ပျော်ပါးသည့် ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိပြီး ယခင်က တကြိမ်ပျော်ပါးလျှင် ငွေ ၂၀၀၀ ကျပ်၊ တညတာ ပျော်ပါးလျှင် ၈၀၀၀ ကျပ်သာရှိခဲ့ သော်လည်း ယခုအခါ တကြိမ် ပျော်ပါးလျှင် ငွေ ၃၅၀၀ ကျပ်၊ တညတာပျော်ပါးလျှင် ငွေ ၂၀၀၀၀ ကျပ် ပေါက်ဈေး ရှိလာကြောင်း သိရှိရသည်။

“မြောင်းမြနဲ့ ပုသိမ်က ပြည့်တန်ဆာတွေဆိုရင် တည်းခိုခန်းမှာတည်းပြီး ဖောက်သည် ရှာကြတယ်။ လပွတ္တာမှာ ရတဲ့ကြေးက မြောင်းမြနဲ့ ပုသိမ်မှာရတဲ့ ကြေးထက် အများကြီးမြင့်လို့” ဟု လပွတ္တာ ၉ ရပ်ကွက်နေ လူငယ် တဦးက ပြောသည်။

ပြည့်တန်ဆာများနှင့် ပျော်ပါးကြသူများတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၌ အလုပ် လုပ်ကြသည့် အမျိုးသား များလည်း ပါဝင်ပြီး ရေ လုပ်သားများ၊ အလုပ်ကြမ်း အလုပ်သမားများ အပါအ၀င် လူတန်းစားအသီးသီး ပါဝင်ကြောင်း ဒေသခံများ၏အပြောအရ သိရသည်။

“နာဂစ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးသေတယ်။ ရွာတွေမှာ မိန်းမသေသွားတဲ့ ယောက်ျားက တော်တော်များတယ်။ အဖွဲ့ အစည်းတွေမှာ လုပ်ကြတဲ့ အမျိုးသားတွေလည်း တော်တော် များများ ရှိနေတာ ကြောင့် လပွတ္တာရဲ့ ပြည့်တန်ဆာလုပ်ငန်းက ကြီးထွား လာတာ” ဟု လပွတ္တာမြို့ခံ စီးပွားရေးသမား တဦးက ရှင်းပြသည်။

ယခုလက်ရှိ အခြေအနေတွင် လပွတ္တာမြို့တွင် ပြည့်တန်ဆာ လုပ်ငန်း ကြီးထွားလာမှုနှင့် အတူ ခုခံအားကျဆင်းမှု ရောဂါ ကူးစက်နိုင်မှု အခြေအနေ မှာလည်း စိုးရိမ်စရာ ကောင်းလောက်သော အခြေအနေတွင် ရှိကြောင်း ခုခံအား ကျဆင်းမှုရောဂါ ပညာပေးရေး အဓိက လုပ်ဆောင်နေသော လပွတ္တာမြို့နယ်အခြေစိုက် ဆွစ်ဇာလန် AFXB အဖွဲ့မှ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်း တဦးက ပြောသည်။

“လပွတ္တာမြို့နယ်မှာ လာနေကြတဲ့ သူတွေကလည်း ရပ်ဝေးက၊ ပြည့်တန်ဆာတွေကလည်း ရပ်ဝေးရပ်နီး အကုန်ပဲ။ သူတို့နဲ့ ပျော်ပါးကြတဲ့ သူတွေက လပွတ္တာမှာတင် နေကြတာမဟုတ်ဘူး၊ သူတို့ရဲ့ နေရပ်ရင်း ဒေသတွေဆီ ပြန်သွားကြတာဆိုတော့ လပွတ္တာက ခုခံအား ကျဆင်းမှုရောဂါ ဖြန့်ဖြူးတဲ့ ဆုံရပ်ကြီးတခုလို ဖြစ်လာတယ်။ ဒါ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အချက်ပဲ” ဟု AFXB ၀န်ထမ်း ကသုံးသပ်ပြောပြသည်။

ပြည့်တန်ဆာ လုပ်ကိုင်ကြသည့် အမျိုးသမီးများတွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးများ ပါဝင်လာပြီး တချို့မှာ နာဂစ်မုန်တိုင်း ကြောင့် မိဘဆွေမျိုးသားချင်း သေဆုံးသွားကြသည့် အမျိုသမီးငယ်များ ဖြစ်ကြောင်း လည်း စုံစမ်းသိရှိရသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=840:2009-03-16-11-41-51&Itemid=2

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */