Thursday, April 30, 2009

ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အခါ

အဘ်ီက ပြောဖူးတယ်..
မြန်မာမင်းတွေ လက်ထက်
တံကျှင်သျိုသတ်တာ
ရက်စက်တယ်တဲ့ ။

အဘေးက ပြောဖူးတယ်..
ရတနာပုံ လက်ထက်.
လည်မျိုကို ၀ါးရင်းတုတ်ရိုက်တာ..
ရက်စက်တယ်တဲ့ ။

အဘိုးက ပြောဖူးတယ်..
ပါတော်မူ ကိုလိုနီလက်အောက်.
ခေါင်းဖြတ်သုတ်သင်တာ..
ရက်စက်တယ်တဲ့ ။

အဖိုးက ပြောဖူးတယ်..
ဂျပန် ငပုတွေ လက်ထက်.
လက်သည်းခွံ ခွါ နေပူလှန်းတာ.
ရက်စက်တယ်တဲ့

အဖေက ပြောဖူးတယ်..
နေ၀င်းရဲ့ ရဲ့ တော်လှန်ရေးအစိုးရ.
ဗုံးဖောက်ခွဲ ကျောင်းသားသတ်တာ
ရက်စက်တယ်တဲ့

အမေက ပြောဖူးတယ်..
မဆလ တွေ ဦးသန့် အရေးမှာ
ကျောင်းသားတွေ ဘူဒိုဇာနဲ့  ကြိတ်သတ်တာ
ရက်စက်တယ်တဲ့

ဦးလေးက ပြောဖူးတယ်
စစ်အစိုးရ က ၈. ၈. ၁၉၈၈ မှာ
ကျောင်းသားတွေ တည့်တည့်ပစ်တာ
ရက်စက်တယ်တဲ့

အကိုကြီးကပြောဖူးတယ်
ရွှေဝါရောင်တော်လှန်ရေးမှာ
ဦးပဉ္ဖင်းခေါင်းတွေ တုတ်ရိုက်သတ်တာ
ရက်စက်တယ်တဲ့

ကျနော်ခေတ်က ကျနော်
ငတ်မွတ်သော်လည်း သူခိုးမလုပ်ချင်
တရားမှုနဲ့  ၀မ်းစာရှာ..
နေကြဲကြဲ ကားလမ်းတွေပေါ်
ကျောက်ထုသမားလေးကျနော်
နာမည်က ဇော်လတ်ခေါ်တယ်။

မဆီမဆိုင်..ဒါးနဲ့ ချိုင်ခံရ
လက်ပံပင်သား
ကံဆိုးတဲ့ ကျနော်ဘ၀များ
ဆီထုတ်ရောင်းတဲ့ တပ်ကြပ်တွေ
ပေါရော့လို့  တပ်မီးလောင်တာ..
မတရားဖမ်းဆီး..
ကျနော်ရှို့ တဲ့ မီးတဲ့ 
စွဲချက်တင်..အဓမ္မ၀န်ခံခိုင်း..
တကယ်ရိုင်းတဲ့ စစ်သားတွေ။

တပ်ကြပ်ကြီး စိုးလွင်၊ အောင်ခင်စော၊
အောင်ချိုဦးလို့ ခေါ်သော
စစ်ကင်ပေတိုင် ပါးကွက်သားက
နှိပ်စက်ကြတာဗျာ။
ကျနော့ရဲ့ မွေးရာပါ..ငယ်ပါ..
မီးမြှိုက်ခံရတယ်..

တရားဥပဒေရယ်..ဘယ်မှာလည်း။
လူ့ အခွင့်အရေးဆိုတာ ဘယ်မှာလည်း။
လူ့ သားချင်းစာနာ မေတ္တာဆိုတာ ဘယ်မှာလည်း။
လူလူချင်း ကျွန်သဘောက်..
အမှန်တရားပျောက်နေတဲ့မြန်မာ..
ဘိုးဘွားဘီဘင် သူတို့ လက်ထက်
ရက်စက်မှုဆိုတဲ့ အရာ.
ကျနော့ အင်္ဂါ မျိုးတုန်းနှိပ်စက်မှုနဲ့ စာ..
နှိုင်းမယှဉ်သာ ရယ်စရာ
ဟာသတပုဒ် ပါဘဲ..

ကျနော် မသေရုံတမယ်..
လူဖြစ်ကျိုးလည်း နည်းခဲ့တယ်။
အဖတ်မရှိတဲ့  ဥပဒေနယ်ပယ်
ရေတိမ်မှာ နစ်ခဲ့တယ်။

မသဒ္ဓါ ( ၄။၂၉။၂၀၀၉)
ကြေကွဲစရာ ဇာတ်လမ်းလေးပါ။ တကယ်ဘဲ ပြစ်မှုထင်ရှားရင် မျက်မြင် သက်သေရှိခဲ့ရင် ထောင်ချပေါ့။ မတရားရိုက်နှက်။ ယောက်ျား၏ အင်္ဂါကို မီးရှို့ စစ်ဆေးဖို့  မလိုပါဖူး။ ဒါတရားဥပဒေနဲ့  လုံးဝ မညီပါဖူး။ သက်သေမရှိတဲ့အတွက် နာကျင်ကြောက်လန့် ပြီး ၀န်ခံ အောင် မတရားညှင်းဆဲတာ။။ဒါမြန်မာပြည်ပါတဲ့ ..မြန်မာ ဖြစ်ခဲ့တာ ရှက်မိပါရဲ့။

ဖြစ်ရပ်မှန်။။
ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအနီးရှိ စစ်အင်ဂျင်နီယာတပ် အမှတ် ၉၆၃ ရုံးခန်း မီးလောင်မှုနှင့် ပတ်သက်၍ ကျောက်ထုလုပ်သား တဦးကို မီးရှို့ခြင်း အပါအဝင် ရိုက်နှက် စစ်ဆေးခဲ့သည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့ရသူက ပြောသည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်က မီးလောင်ခဲ့ပြီး၊ ထိုနေ့ ညနေ ၆ နာရီခန့်တွင် ကျောက်ထုလုပ်သား ၂၂ ဦးကို လှည်းကူးမြို့နယ် ဖောင်ကြီး ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ပြီး ၂၂ နှစ်အရွယ် ကိုဇော်လတ်ကိုမူ ယောက်ျားအင်္ဂါကို မီးရှို့၍ ရိုက်နှက်စစ်ဆေးခဲ့ကာ အင်းစိန်ထောင်ထဲတွင် ယနေ့တိုင် ဖမ်းဆီးထားခြင်း ဖြစ်သည်။

''ကျနော်နဲ့ သူ့အမေနဲ့ သူငယ်ချင်းတယောက်ကို ပြတယ်။ မီးနဲ့ ရှို့ထားတယ် ခင်ဗျ။ ဧပြီ ၁ဝ ရက် ရုံးချိန်းနေ့က တွေ့ခဲ့တာပါ။ ၂၈ ရက်နေ့ ဖောင်ကြီးစခန်းမှာ ဖမ်းပြီးကတည်းက သူ့ကို အဲလို စစ်တာခင်ဗျ။ ချုပ်ရက် ရမာန်ကို ၃ဝ ရက်နေ့မှ ယူတယ်ဆိုပေမယ့် ၂၈ ရက်နေ့ ညနေကတည်းက ဖမ်းပြီး အဲလိုစစ်တာ'' ဟု တရားရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ကျောက်ထုလုပ်သား ခေါင်းဆောင် ဦးကြည်လှက မဇ္ဈိမကို ပြောသည်။

ကိုဇော်လတ်ကို ထိုကဲ့သို့ ညှဉ်းပမ်း နှိပ်စက်ခဲ့ပုံကို သူနှင့် အတူတကွ အဖမ်းခံရသူများကလည်း အတည်ပြု ပြောဆိုသည်။

“ကလေးတွေ မဖမ်းပါနဲ့ ကျနော့်ကို ဖမ်းပါလို့ ပြောတော့ ကျနော့်ကို မဖမ်းဘဲနဲ့ ထားခဲ့တယ်။ လေးအိမ်စု ရွာလေးမှာ။ နုံနုံအအ ၂၂ ယောက်ကို ဖောင်ကြီးရဲစခန်းကို ဆွဲခေါ်သွားတယ်။ ဖောင်ကြီးရောက်တော့ လေးအိမ်စုက အကြီးကောင်ဆိုတဲ့ တယောက်နဲ့ ဖောင်ကြီးက ဇော်လတ်ဆိုတဲ့ တကယ့်ကို နုံနုံအအ ၂ ယောက်ကို ခေါ်ထားလိုက်တယ်။ ၂၉ ရက်နေ့မှာ မင်းမင်းနဲ့ လင်းလင်းကို ထပ်ခေါ်တယ်။ ၃ဝ ရက်နေ့ကျ အားလုံးကို ပြန်လွှတ်တယ်။ ဇော်လတ်ကိုပဲ ဖမ်းထားလိုက်တယ်” ဟု ဦးကြည်လှက ပြောသည်။

အလုပ်သမား၊ လယ်သမားများ အမှုအခင်းဖြစ်လျှင် လိုက်ပါဆောင်ရွက်ပေးနေသော ပဲခူးမြို့ရှိ လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့် ကလည်း “ဒီလ ၂၇ ရက်နေ့ဆို ချုပ်ထားတာ တလပြည့်ပြီ။ အမှုလည်း မစစ်သေးဘူး။ အမှုတွဲလည်း မတင်သေးဘူး။ ရမာန်ကို ပထမ ၁၄ ရက် ယူလိုက်တယ်။ နောက်ထပ် ၁၄ ရက်ထပ် တောင်းတယ် သူတို့။ အခုချိန်ထိ စွဲချက်မတင်သေးဘဲနဲ့ ဘလိုင်းကြီးသက်သက် ဒုက္ခရောက်နေတာ။ ရမာန်ပြည့်တဲ့အပြင် ၂ ရက် ထပ်ချုပ်ထားတယ်” ဟု ပြောသည်။

ကိုဇော်လတ်ကို ပုဒ်မ ၆/၁ ၊ ၄၃၆ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု၊ မတရားဖျက်ဆီးမှုတို့ဖြင့် စွဲဆိုရန် လှည်းကူးရဲစခန်းက ပြင်ဆင် နေကြောင်း သိရသည်။

မီးလောင်စဉ်က ပဲခူးရိုးမအတွင်းရှိ ကျောက်မိုင်းတွင် မိုင်းခွဲရန်အတွက် မိုင်းများ ရုံးထဲတွင် ရှိနေသဖြင့် မီးလောင်သောအခါ ရုံးခန်းအနား သို့ မကပ်ရဲကြောင်း ကျောက်ထုလုပ်သားများ အဆိုအရ သိရသည်။

အလုပ်သမားများသည် အင်ဂျင်နီယာတပ်က တပ်မ ၆ဝ၅ နှင့် ၃၃၇ အတွက် လမ်းဖောက်ပေးရာ ဝင်ရောက် အလုပ်လုပ်နေပြီး တာဝန်ခံ တပ်ကြပ်ကြီး စိုးလွင်၊ တပ်ကြပ်ကြီး အောင်ခင်စော၊ အရပ်စည်း အရှည်ကြီး ခေါ် အောင်ချိုဦးတို့က ဦးစီးကွပ်ကွဲနေသည်။

“အောင်ချိုဦးက ညတိုင်း စစ်တပ်ထဲက ဆီခိုးထုတ်တယ်။ အဲလို မီးမလောင်ခင်ညက အလုပ်သမားခေါင်း ဦးကြည်လှတို့ ဆိုင်မှာပဲ ချိန်းကြ တယ်။ ခါတိုင်းဆိုရင် ဂိုထောင်ထဲက ဆီခိုးထုတ်ရတယ်။ ဒါပေမဲ့ အဲဒီနေ့က ရုံးခန်းထဲက ဆီကို ထုတ်ရမှာ ဖြစ်တယ်လို့ သူတို့ ပြောပါ တယ်။ အဲဒီနေ့မှာပဲ မီးလောင်တာဖြစ်တယ်လို့ သိရတယ်” ဟု ဦးအေးမြင့် က ပြောသည်။

လုပ်သားခေါင်း ဦးကြည်လှကလည်း “မီးလောင်တဲ့ အချိန်မှာ တပ်ကြပ်ကြီး အောင်ခင်စောဆိုရင် အိပ်ယာကနေ ထပြေးရတာ အဝတ် အစား မပါဘူး။ အဲဒီအချိန်မှာ အရပ်စည်း အောင်ချိုဦးကတော့ ကားတွေရော၊ ဆိုင်ကယ်တွေရော၊ ဆီပုံးတွေရော အကုန်ထုတ်နိုင်တယ်။ အဲဒီမှာ ရှိတဲ့သူတိုင်း ဒါကို သိတယ်။ မီးလောင်တဲ့ အချိန်မှာ သူက ကြိုသိနေတယ်” ဟု ဆိုသည်။

တပ်အနေဖြင့် ရုံးခန်း မီးလောင်မှုကို အရပ်သားများသို့ လွှဲချနေပြီး တပ်ဝန်ထမ်းများ အလုပ်မပြုတ်ရေးအတွက် လာရောက်ညှိနှိုင်းမှုများ လုပ်နေကြောင်းနှင့် လှည်းကူးမြို့နယ် တရားသူကြီး ဦးသိန်းဋ္ဌေး၊ ဥပဒေ အရာရှိ ဦးလှမြင့် အပါအဝင် ရဲစခန်းမှ တရားလိုပြ သက်သေပင် လက်မခံဘဲ အရပ်သားများက မီးရှို့ကြောင်း အတင်းအကျပ် ဝန်ခံခိုင်းနေသည်ဟု သိရသည်။

ဦးကြည်လှက “စစ်တပ် ဆောက်လုပ်ရေးက တာဝန်ခံ အရာခံဗိုလ် ဦးအောင်နိုင်က လာပြောတာပါ။ သူက အရက်မူးပြီး ရှို့မိပါတယ်လို့ ဝန်ခံပေးပါ။ အဲလို ဝန်ခံပေးမယ်ဆိုရင် ကလေးကို သက်သာအောင် သူတို့ စီစဉ်ပေးပါမယ်လို့ ပြောတယ်။ ဒီကလေးမှာ အပြစ်မရှိပါဘူးလို့ ရုံးတော်မှာ ၁၆၄ နဲ့ ကြိုတင်ထွက်ချက်ဆိုပြီး ကျနော် ပေးတယ်။ ပေးတဲ့ဟာကို မနေ့က ဥပဒေ အရာရှိကို သွားမေးတယ်။ ဒီဟာကို တရား လိုပြ သက်သေအဖြစ် ထည့်ပေးနိုင်သလားဆိုတော့ မထည့်ပေးနိုင်ဘူးတဲ့” ဟု ပြောသည်။

တပ်အာဏာပိုင်များက ယခုကိစ္စကို အကြောင်းပြု၍ ကျောက်ထုလုပ်သားများ၏ လုပ်အားခများကို ထုတ်မပေးဘဲ အချိန်ဆွဲထားသည်။

ဦးကြည်လှက “ကျောက်ထုရတာက ကျောက်တုံးတတုံးကို ယောက်ျားသုံးဖက်စာလောက် ရှိပါတယ်။ အဲဒါ ၁ဝ ဘီးကား တစီးကို ၈ဝဝဝ ကျပ် ရပါတယ်။ ကျောက်တုံးကြီးတွေကို ၉/၈ ၊ ၄/၆ ကျောက်တုံးကြီးတွေ ခွဲပေးရတယ်။ ၁၁ လပိုင်း ၂၇ ရက်နေ့ကနေ လုပ်လာရတာ ဒီအချိန်ထိပေါ့။ နောက်ဆုံးတော့ ကျနော်တို့က ငွေ သိန်း ၃ဝ - ၄ဝ လောက် ရစရာ ရှိပါတယ်။ ဒီပြဿနာဖြစ်လာတော့ ဒီပိုက်ဆံလည်း မပေးရရေး၊ သူတို့လည်း အမှု မပတ်ရေးဆိုပြီး ဒီကလေးကို လုပ်တာပါ။ ငွေမရလို့ မီးရှို့တယ်ဆိုပြီး လုပ်ကြတာ” ဟု ပြောသည်။

ကိုဇော်လတ်မှာ ကျောက်ထု အလုပ်စခန်းကို မီးမလောင်မီ ၂ ရက်ခန့်ကမှ ရောက်လာသည့် လူသစ်ဖြစ်ပြီး၊ နှိပ်စက်မေးမြန်းမှုကြောင့် စိတ်ကယောင်ချောက်ချား ဖြစ်နေကြောင်း သိရသည်။

http://www.mizzimaburmese.com/news/inside-burma/2828-2009-04-27-09-06-56.html

အပြည့်အစုံသို့ 

ခိုင်ကြည်စိတ်သန် အားမာန်များသို့ 


မျက်ရည်မကျနဲ့ 
ဖြစ်ပျက်မြဲ ကြုံတွေ့ လောကဓံ

မျက်ရည်မကျနဲ့ 
ဆုံတွေ့ ကွဲ မမြဲတဲ့ တရားမှာ။

စိတ်ခွန်အားတင်း..
ရဲရဲနဲ့  ရှေ့ ဆက်လျှောက်လေ..

အနာခံ စိတ်ဇွဲ
အမှန်တရားအတွက်
တောင်းဆိုတိုက်ချိန်..
ရင်ကို ကော့
မင်းခေါင်းတို့ မော့ထားလိုက်ပါ.

မျက်ရည်မကျနဲ့ 
ဓမ္မနဲ့  အဓမ္မ ပြိုင်စဉ်

မျက်ရည်မကျနဲ့ 
တရားမှုတို့ အုံ့ ဆိုင်းတဲ့ အချိန်

အမှောင်ယံရဲ့ အနောက်..
အလင်းတန်းတို့  အဆင်သင့်ရှိနေ..

ဝတ်ရည်တို့ ရှိတယ်..
အဆိုးဆုံးရဲ့ ခါးသီးမှုအလယ်..
လေပြေညှင်းရှိတယ်..
ကြမ်းကြုတ်တဲ့ မုန်တိုင်းနောက်ဝယ်..

မနက်ဖြန် ဟာ ဒို့ အတွက်.
လင်းတောက်တဲ့ နေခြည်အောက်မှာ..
နေ့ သစ်များသို့ ရည်ရွယ်..
ကိုယ့်ခြေပေါ် ကိုယ်ရပ်ကြမယ်။

မသဒ္ဓါ ( ၄။၂၉။၂၀၀၉)
အမှန်တရားနဲ့  တရားဥပဒေ မျှတရေးအတွက် နည်းပေါင်းစုံ ပါဝင်ဆင်နွှဲသူများသို့  အားပေးတာပါ။
ရောက်လုပါပြီ..ပန်းတိုင်ဆီသို့ ..ရှေ့ ဆက်စို့ 

အပြည့်အစုံသို့ 

Wednesday, April 15, 2009

ဂုဏ်ယူတယ်ဒေါက်တာနေ၀င်း။ ငါ၏ သူငယ်ချင်းသို့ 




ဖုန်ထတဲ့ ရေဆင်း တက္ကသိုလ်လမ်းမပေါ်
ကတ္တီပါသဲကြိုးနက် ဖိနပ်
ရှပ်အကျီ င်္အပြာ
လွယ်အိပ်နီ တအိပ်.
ပေါ့လိပ်တစ်လိပ်..
ညနေတိုင်း တွေ့ ရတတ်သူ

စိုင်းစိုင်းက ကျဆိမ့် တစ်ခွက်
အကြမ်းအိုးက တစ်အိုး.
မိန်းမ တွေ မကြည့်
စာအုပ် ကို ဘဲဖတ်
လေအလာ.ညောင်ရွက်လှုပ်သံ
နားထောင်ရင်း ..သူ ကဗျာစပ်
စာကျိုးစားတဲ့ သူ
ကျေးလက်ကို ချစ်တဲ့သူ.
နှလုံးသားအပြည့်နဲ့ သူ

ကျောင်းသားဘ၀ထဲက နင်.
လေသံ ချိုချို..
ငြိမ်းချမ်းရေးကိုလိုတဲ့သူ
စိုက်ပျိုးရေးနဲ့ တိမွေးကု ရိုက်ပွဲ.
သူကဘဲ ဖြန်ဖြေတတ်သူ..
ကျောင်းသားကိစ္စ အ၀၀
မခိုကပ် သူဘဲ ဒိုင်ခံယူ.

တခါတခါ ကျမ ညစ်ကျယ်ကျယ်ငြင်းလည်း
သူက လေသံချို ပြန်လည်ရှင်းရဲ့
ဦးမောင်မောင်စံရဲ့ စနေစာပေ၀ိုင်း..
တူတူ ပုံပြင်နားထောင်ခဲ့တာသတိရတယ်။

လမ်းဘေးက လှည်းကြိတ်ခံခွေးလေး.
ကလေးမမွေးနိုင်တဲ့ ၀က်ကလေး..
ယုယစွာ သူပြုစုပေးတယ်
သူက စေတနာ ဆရာဝန်
ရှာမှ ရှားတယ်တာ သူလိုလူ

မတွေ့ တာ အနှစ် (၂၀) ကျော်ပြီ။
တနေရာရာ သူရှိနေမှာဘဲ။
တိမွေးကုဆရာဝန် နိုင်ငံတာဝန်ထမ်းမှာဘဲ။
သူသာ ထောင်ထဲ မရှိ နိုင်ငံအကျိုးရှိမှာမလွဲ

နာဂစ် မုန်တိုင်းကာလ
သူဓါတ်ပုံ ဖျတ်ကနဲမြင်တယ်..
သာဓုခေါ်တယ်.
ဘယ်သူမလုပ်ချင်
ပုပ်ပွ အလောင်းကောက်တဲ့အလုပ်
မင်းမို့ သာ လုပ်နိုင်တာ။
မှန်တာလုပ်ရင်..မနာလို တဲ့ နအဖ
မင်းနဲ့  အဖေတူ သမီးကိုထောင်ချ..
မတရားလုပ်ကြံ ပုဒ်မတွေ။

ဖိလေလေ ပိုပိုကြွတဲ့ လေ..
ပူလေလေ ပိုပို စွမ်းတဲ့ ရေငွေ့ 
နင်းလေလေ ပိုပို သန်တဲ့ မြက်..
သူငယ်ချင်းရေ..
ဘယ်သူမှ မသတ်နိုင်တဲ့ မင်းစိတ်ဓါတ်
ငါတော့ ထာဝရယုံကြည်ထားတယ်မှတ်
ဖြိုးဖြိုးအောင်ဆိုတဲ့ 
ပါရမီ ဖြည့်ဘက်သမီးလေးရထားတာ..
မင်း ကံကောင်းတယ်။

စိတ်ဓါတ်မကျနဲ့  သူငယ်ချင်း
အလောင်းကောက်လို့ ထောင်ကျ..
ဘာဂုဏ်ငယ်စရာမှ မလိုဖူး
မြန်မာ သမိုင်းထဲက
အာဇာနည်နာမည်..
မင်းနဲ့  မင်းသမီးလေးပါတယ်။

တိမွေးကု ဆရာဝန် ဒေါက်တာနေ၀င်း
ငါ အလေးပြုတယ် သူငယ်ချင်း။
ရဲရင့်တဲ့ လူဟာ တခါဘဲသေတယ်။။
နာမည် ဘယ်တော့မှ မသေဖူး။
မြန်မာပြည်ရဲ့ ဧရာဝတီ ရှိသ၍
မင်း နာမည်ရှိနေတယ်။

မသဒ္ဓါ ( ၄။၁၄။၂၀၀၉)
လူသေသော်လည်း နာမည်မသေမဲ့ သူငယ်ချင်း ဒေါက်တာနေ၀င်း BVS နှင့် သမီးငယ် မဖြိုးဖြိုးအောင်တို့  အတွက်။

အပြည့်အစုံသို့ 

Sunday, April 12, 2009

ထွန့် ထွန့် လူး အစာရှာနေတဲ့ လောက်ကောင်များ

ခေတ်၊စံနစ် တိုင်းမှာ ရှိတဲ့
ဖောက်ပြန်ရေးသမားတွေ၊
အင်္ဂလိပ် အလိုတော်ရိ
ဂျပန် ကင်ပေတိုင်သတင်းပေး
မဆလ အမာခံ
နအဖ ကြံဖွတ်
မှန်ကန်ခြင်းကို အရောင်ချွတ်တဲ့လူတွေ..
ကိုယ့် လူမျိုးအချင်းချင်းသွေးသောက်
ဒါဟာလေ..
အသားထဲက လောက်..

အသားကို မျို..အဆီကို စား
သမိုင်းရဲ့ အမှိုက်သရိုက်များ.
ကိုယ့် ရာဇ၀င် ကိုယ်ရေး..
ဝမ်းရေးအတွက် ဂုဏ်သိက္ခာ စတေး.
အေးလွင် ရောင်နီဦး
နဲ့ လှည်းတန်း ကိုကိုလတ်
ကိုယ်နာမည်ကိုသတ်.ပုဆိန်ရိုးတွေ
အာဏာရှင်ရှေ့  လေးဘက်ထောက်
ခွေးသာသာ ကျွန်သဘောက်

ဟိုဘက်သာရင် ဟိုဘက်ယိမ်း
ဒီဘက်က သာ ဒီ ဖက်ယိမ်း
အညှီလိမ်းလိမ်း အရှက်မရှိ
ဖောက်ပြန်ရေးသမား အလိုမရှိ

ဒို့ တွေ ဟာ ဒဏ်ရာပလပွ..
အားတင်းပျံနေရတဲ့ မျှားထိဌက် တွေ
ကျနေတဲ့ သွေးစက်က သမိုင်းသက်သေ
နောက်လူတွေ လိုက်ရမဲ့လမ်း.
သွေးစက်ချရင် လမ်းပြတယ်.
လိုက်လာလေ..ညီမောင်တို့ ..
သစ္စာဖောက် လူမဆန်.
အပြုတ်နှံတွန်းလှန်ကြစို့ 

မသဒ္ဓါ ( ၄.၁၂.၂၀၀၉)

အပြည့်အစုံသို့ 

Sunday, April 5, 2009

အမွေ..


ငယ်ငယ်..သိတတ်တဲ့ အချိန်ကစ
အဖြူလား အမဲလား..
ဝေဝါးတဲ့ အရိပ်
အဖေ့ အနံ့ အသက်တောင်
မရှူရှိုက်ခဲ့ရဖူးတဲ့ သမီးပါ..

မေမေပြတဲ့ ဓါတ်ပုံတစ်ပုံ..
“ဒါ သမီးလေးရဲ့ အဖေ..
အဝေးတစ်နေရာ ရောက်နေဆဲ.
ပြန်လာရင်..ဒယ်ဒီလို့ခေါ်ရမတဲ့”

သမီး အသက် (၄)နှစ်
ကျောင်းကြီး မတက်ရသေးခင်
အ၀တ်အစား လှလှဆင်..
အဖေ့ ကိုတွေ့ ဖို တဲ့
သွားရမဲ့ လည်လည်..
ယူနီဖောင်းနဲ့  ထောင်ရဲတွေ ကြားမှာ..
သမီးမျက်လုံးကလေး..ကလည်ကလည်..
အဖေရယ်..ဘယ်မှာလည်း..
ဒီနေရာ သူဘာလုပ်နေတာပါလည်း။

သံတိုင်ရဲ့ အတွေ့ အေးစက်စက်..
အဖေ လူစိမ်း..နွမ်းဖတ်လျှက်..
အမေ့ မျက်နှာ..မျက်ရည်လက်စက်..
"ဒါ သမီးရဲ့ဖေဖေ..
တွေ့ ချင်တယ်ဆို နှုတ်ဆက်.."
အမေ ကမိတ်ဆက်ပေးတယ်။

“ကျမ ဝေနှင်းပွင့်သုန်.ပါ.
ဒယ်ဒီ နေကောင်းပါသလား..”
အမေ သင်ထားသလို ကျမပြောတဲ့အခါ..
သံတိုင်ကြားထဲက အဖေ..
ဝဲတဲ့ မျက်ရည်..တုန်ရီတဲ့ လေသံ
သမီးလက်ဖောင်းဖောင်လေးတွေ ကို
သူရဲ့ ညစ်ပေတဲ့ လက်တွေ နဲ့ ဆုတ်ကိုင်..
“သမီးငယ်
အမေ့ စကားနားထောင်.
လိမ်မာအောင်နေ..
ကကြီး ခခွေးကျက်..ကျောင်းကြီးတက်
အဖေ မကြာခင် အိမ်ပြန်တဲ့ အခါ
သမီးကို ပန်းခြံတွေထဲလိုက်ပို့ မှာပါ။”

ဆွေးမြေ့တဲ့ မျက်လုံးတွေ နဲ့ 
" မေရယ်..
သမီးကို မောင် ပွေ့ ဖက်
နမ်းကြည့်ချင်လိုက်တာ.."
မချင့်မရဲ အဖေပြောတဲ့ အခါ..
အမေ က ငိုချတယ်..

အိမ်အပြန်..
“မာမီ..ဒယ်ဒီက လူဆိုးကြီးလား..
ဘာလို့ များ ဒီအချုပ်ထဲ..
ညစ်ညစ်ပတ်ပတ် နေရတာ.”

မာမီက ဖြေတယ်..
“သမီး..လူဆိုးတွေ ကောင်းစားတဲ့အခါ
လူဆိုးတွေ ထောင်မကျ.
လူကောင်းတွေ ထောင်ထဲကျတယ်
သမီးကြီးလာရင်..နားလည်မယ်”

သမီး ၈ နှစ်
အဖေ ထောင်ပြင်ထွက်ခဲ့တယ်.
တဖြေးဖြေးနားလည်ခဲ့ရတဲ့ အဖေ့ နှလုံးသား
ကျမ လေးစားတယ် ဖေဖေ
“ ၈၈ မျိုးဆက် ကျောင်းသား အုပ်စု”
လွတ်လပ်ရေးတွေ ပုံဖော်နေတဲ့ သူတစု
အဖေ က တော့ ဆက်တိုက်ဆဲ
အမေ ကတော့ စိတ်ပူဆဲ
သမီး ဘ၀က..အနှိမ်ခံရဆဲ။
နိုင်ငံရေး လှုပ်ရှားသူ သာ စတေးခံ ရစမြဲ။

ခေါ်ရဲသူ ပြောရဲသူမရှိ။
သူငယ်ချင်းများ.လမ်းမှာရှောင်..
နိုင်ငံရေးသမားရဲ့ သမီးတဲ့..
မိသားစုလိုက်စတေး..
မြန်မာပြည်ကောင်းစားရေး..
သမီးတော့ ဂုဏ်ယူတယ်.
ထောင်ထဲ တသက်လုံးတော့ မကျနိုင်ပါဖူးအဖေ..

အဖေရယ်..
အားသာ တင်းထား..
အဖေရဲ့ မပြီးတဲ့ စစ်ပွဲ..
သမီးလည်း နွှဲနေသူ..
အဖေတို့  လွတ်မြောက်ရေး..
မြန်မာနိုင်ငံသား အားလုံး လွတ်မြောက်ရေး.
သွေးစက်ရှိသမျှ ပေးဆပ်မယ်အကုန်
ကိုမြအေး ရဲ့သမီး .. ကျမ ဝေနှင်းပွင့်သုန်

မသဒ္ဓါ (၄။၎။၂၀၀၉)
အာဇာနည် ကိုမြအေးနဲ့ သမီးငယ် ဝေနှင်းပွင့်သုန် တို့ အတွက်
၈၈ကျောင်းသား ကိုမြအေးဖြစ်ပါတယ်။


အဖေလျှောက်တဲ့ လမ်းပေါ်က သမီး
ဧရာဝတီ

မဝေနှင်းပွင့်သုန်သည် လက်ရှိ လွိုင်ကော် ထောင်၌ အကျဉ်းချခံ နေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေး၏ သမီးကြီးဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန် မြို့တွင် စီးပွားရေးပညာ သင်ယူလျှက် ရှိသည်။ ၎င်းသည် နိုင်ငံရေးနှင့် စီးပွားရေးပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန် လျှောက်ထားဆဲ ဖြစ်ပြီး ဖခင်ဖြစ်သူ ဦးမြအေး အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် တတပ်တအား ပါဝင် ဆောင်ရွက် နေသူ တဦးလည်း ဖြစ်သည်။ အသက် ၂၀ ရှိပြီ ဖြစ်သော မဝေနှင်းပွင့်သုန်သည် “လန်ဒန် အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့” (Burma Campaign UK) ၌ လှုပ်ရှားမှု တာဝန်ခံ တဦးအဖြစ် ဆောင်ရွက်လျှက်ရှိသည်။ သူ့ဖခင် ဦးမြအေးမှာ ၂၀၀၇ ခုနှစ် သြဂုတ်လက လောင်စာဆီဈေးနှုန်းများ တိုးမြှင့်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သဖြင့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ အပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့်အတူ အဖမ်းခံ ခဲ့ရသည်။ ၎င်းအဖမ်းခံရစဉ် ဇနီးသည်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ဖခင်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား တဦး ဖြစ်နေသော မဝေနှင်းပွင့်သုန်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ဘဝမှာ အဖေဆိုတာကို ဘယ်အချိန်မှာ မှတ်မှတ်ရရ စသိခဲ့ပါသလဲ။

ဖြေ။ ။ သမီးအဖေက သမီး ၅ လ အရွယ်ကတည်းက ၁၉၈၈ အရေးအခင်းကြောင့်ဆိုပြီးတော့ ထောင် ၈ နှစ် ကျသွားတယ်။ သမီးဘဝမှာ အဖေ့ကို ၄ နှစ် အရွယ်ကျမှ ပထမဆုံး ပြန်တွေ့ရတာရှင့်။ ဒီကြား ထဲမှာတော့ သမီးအမေက ဓာတ်ပုံပြပြီး “ဒါ နင့်အဖေ။ ဒယ်ဒီလို့ခေါ်” ဆိုပြီး အမြဲတမ်းသင်ပေးလို့သာ သမီးရဲ့ နှလုံးသားထဲမှာ ဒါ အဖေဆိုပြီးတော့ သိခဲ့ရတာ။ မျက်နှာချင်းဆိုင် တွေ့ရတာတော့ သမီး ၄ နှစ် ကျမှ၊ အဲဒါကလည်း အဖေက သံတိုင်ကြားထဲမှာ ဆိုတော့ သမီးတို့နှစ်ယောက်က လက်ချောင်းလေးတွေ ထိတာကလွဲရင် အဖေ့ကို သမီးကဖက်လို့ မရခဲ့ဘူး။ အဖေကလည်း သမီးကို ဖက်လို့ မရခဲ့ဘူး။ သမီး ၈ နှစ် အရွယ်ကျမှ အဖေ့ကိုသေချာ ပြန်တွေ့ရတာပါရှင့်။

မေး။ ။ အဖေက နိုင်ငံရေးသမားဆိုတာ ဘယ်အချိန်မှာ စ သိတာလဲ။

ဖြေ။ ။ ၄ နှစ်သမီးအရွယ်တုန်းက အမေက အင်းစိန်ထောင်ကို ခေါ်သွားတုန်းကတော့ အဖေ့ကို တွေ့မယ်ဆိုတာပဲ သိတယ်။ ဒီလိုနေရာမျိုးကို သွားရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အရမ်းကို ထူးဆန်းနေတယ်။ ဒါပေမယ့်လည်း အမေရှင်းပြတာတွေ အားလုံးသိခဲ့ရပြီးတဲ့ နောက်ပိုင်း သမီး အဖေ့ကို အရမ်းလေးစားတယ်။ ဘဝကို ပေးဆပ်ပြီးလုပ်ခဲ့တဲ့ အဖေ့ကိုသနားတယ်။

ထောင်က ထွက်လာတဲ့ နောက်ပိုင်း အဖေက နိုင်ငံရေးကို ဆက်လုပ်တယ်။ ၂၀၀၄ ခုနှစ်မှာ .. နိုင်ငံရေး အကျဉ်းသားတွေ ထွက်လာတဲ့ အချိန်ဆိုတော့ “ ၈၈ မျိုးဆက် ကျောင်းသား အုပ်စု” ဆိုပြီး ပြန်ဖွဲ့ပြီးတော့ လုပ်တယ်။ အဲဒီအချိန်မှာလည်း သမီးအဖေ ဘယ်အချိန် လာဖမ်းခံထိမလဲ ဆိုပြီးတော့ စိတ်ပူခဲ့ရတယ်။

၂၀၀၅ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲအောင်တော့ တက္ကသိုလ်တက်ဖို့ လျှောက်တယ်။ ဒါပေမယ့် သမီးလိုချင်တဲ့ ဘာသာရပ်ကို မရခဲ့ဘူး။ ဆိုတော့ သမီးအဖေနဲ့ သမီး မိသားစုက သမီးပညာရေး ကောင်းစားဖို့အတွက် ဆိုပြီး နိုင်ငံခြားမှာ ပညာသင်ဖို့လွှတ်ခဲ့တယ်။ သမီးအဖေကို နောက်ဆုံးအကြိမ်နဲ့ မြင်ခဲ့ရတာ လွန်ခဲ့တဲ့ ၂ နှစ်ကပေါ့။ လန်ဒန် ရောက်လာတဲ့ အထိ အဖေနိုင်ငံရေး ဆက်လုပ်နေတယ် ဆိုတာကို သိတယ်။

အဖေ ပြန်အဖမ်းခံထိတဲ့ ၂၀၀၇၊ သြဂုတ်လ ၂၂ ရက်နေ့ မနက်မှာ အဖေနဲ့ စကားပြောလိုက်ရတယ်။ အဖေလုပ်နေတာ အဆင်ပြေရဲ့လား … ။့ အဖေလုပ်နေတာတွေကို သမီး အရမ်းအားကျတယ်။ လူတွေ အများကြီး အဖေတို့ အဖွဲ့ကိုအားပေးတယ် .. ။ ဒါပေမယ့် နည်နည်းတော့ ဂရုစိုက်ဦး လို့ ပြောတော့ အဖေကပြန်ပြောတယ် “ငါတို့နိုင်ငံတော်ကြီး ပြောင်းလဲဖို့ နီးလာပါပြီ ဘာမှမဖြစ်ပါဘူး” တဲ့။ ညလည်း ရောက်ရော သမီးကို လူတွေက ဖုန်းဆက်တယ် နင့်အဖေပါသွားပြီ ဆိုပြီးတော့။

မယုံနိုင်ဘူး။ သမီးပြန်ပြောတယ် “မဟုတ်ပါဘူး ဒီနေ့မနက်ပဲ ဖုန်းပြောလိုက်ရသေးတယ်” လို့။ ဒါပေမယ့် ကြားလိုက်တဲ့ အချိန်မှာတော့ ဘာလုပ်ရမှန်းကို မသိဘူး။ အရမ်းကို shock ဖြစ်ပြီးတော့ တော်တော်ကို စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့်လည်း မျှော်လင့်ခဲ့ပြီးသား။ အဖေကလည်း မျှော်လင့်ထားဖို့ ပြောခဲ့ တယ်။ ဒါကြောင့် ကိုယ့်ဟာကိုယ် စိတ်ကိုပြန်တင်းပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နိုင်တယ်။

သမီးက ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလမှာ ရန်ကုန်ကနေ လန်ဒန် ရောက်ပါတယ်။ သမီးအဖေက အခု လောလောဆယ် ထောင်ထဲမှာ ၆၅ နှစ်ကျခံနေရတယ် ဆိုတော့ သမီးအဖေလွတ်မြောက်ဖို့ အပါအဝင် တခြားနိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ကို သမီးတတ်နိုင်သလောက် တစိတ်တပိုင်း ပါဝင်ကူညီ ဆောင်ရွက်နေပါတယ်။ ကိုယ့်ကိုယ်ကို တာဝန်ပေးထားတာကတော့ သမီးအဖေ လွတ်မြောက်ဖို့နဲ့ မြန်မာနိုင်ငံသား အားလုံး လွတ်မြောက်ဖို့ပါ။

မေး။ ။ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု လုပ်မယ် ဆိုတဲ့ အပေါ်မှာကော ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ သမီးအနေနဲ့ကတော့ လူတိုင်းက ဒီနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့အတွက် တတ်နိုင်သမျှ တစိတ်တပိုင်း ပါဝင်ဆောင်ရွက် နေတာတွေ့တော့ အရမ်းဝမ်းသာတယ်။ ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့သလို “နိုင်ငံတော် ပြောင်းလဲမှုကို လိုချင်တယ်ဆိုရင် နိုင်ငံရေးသမား အားလုံးကို အရင်လွှတ်ပေးမှ ရမယ်။ နိုင်ငံရေးသမား အားလုံး လွတ်မြောက်မှသာ နိုင်ငံတော်ပြောင်းလဲမှုရဲ့ အဆင့် ၁ ဆိုတာ ဖြစ်လာ မယ်” ဆိုတဲ့ အတိုင်းပဲ။ အဲဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသား အားလုံး နှိပ်စက်ညှဉ်းပန်း ခံနေရတာက လွတ်မြောက်ပြီး သူတို့ဘဝရဲ့ ယုံကြည်ချက်တွေကို ဆောင်ရွက်လို့ရအောင် သမီးတို့လည်း ကူညီဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်ရှင့်။

မေး။ ။ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ် ဆိုတာကို ဘယ်လို နားလည်ခဲ့လဲ။

ဖြေ။ ။ သမီး ဘဝမှာ အဖေဘာလို့ နိုင်ငံရေးလုပ်တယ်ဆိုတာရယ်၊ အဖေ နိုင်ငံရေး လုပ်ရတာဟာ သမီးတို့မြန်မာ လူမျိုးတွေ နှိပ်စက်ညှဉ်းပမ်း ခံနေရလို့ ဆိုတာရယ်၊ ဒီအစိုးရက ဘယ်လောက်ထိ ရက်စက် တယ် ဆိုတာရယ်ကို သိခဲ့တယ်။ ပြီးတော့ ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးကိုကိုကြီး တို့ရဲ့ စကားတွေအရ သူတို့လိုချင်တာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အဲလောက်ကို သမီးသိခဲ့တယ်။ ဒါပေမယ့် လူ့အခွင့်အရေး ဆိုတာကို ကိုယ်တိုင်မခံစားခဲ့ရတော့ ဘာကို ဆိုလိုချင်မှန်း မသိခဲ့ဘူး။

ဒီနိုင်ငံ ရောက်လာတဲ့ခါကျတော့ လူ့အခွင့်အရေး ဆိုတာကိုမြင်လိုက်ရတယ်။ လူ့အခွင့်အရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် ဆိုတာသိလာတယ်။ ဥပမာ - ဒီက ကျောင်းသား တွေဆိုရင် ကိုယ်သင်ချင်တာ သင်ခွင့် ရတယ်။ ကျောင်းသားဆိုတာ အသစ်အဆန်း တွေကိုလေ့လာချင်တယ်၊ ကိုယ်ယုံကြည်ရာကို လုပ်ချင်တယ်။ ဒါပေမယ့် ရန်ကုန်မှာ ကျောင်းသားဆိုတာက ကျောင်းဝန်းထဲ ဝင်လိုက်တာနဲ့ တကယ့် ထောင်အသေးလေး ထဲ ဝင်လိုက်ရသလိုပဲ။ စာကြည့်တိုက်မှာ ဘာမှမရှိဘူး၊ စာသင်ခန်းတွေဆို ပစ္စည်း အလုံအလောက်မရှိဘူး။
ကွန်ပျူတာလည်း မရှိဘူး။

မြန်မာနိုင်ငံသားတွေက ထောင်ထဲမှာ နေရမှ အကျဉ်းသား မဟုတ်ဘူး။ မြန်မာနိုင်ငံထဲမှာ နေရတာကိုက ထောင်ကျနေသလိုပဲ။ ဥပမာ - သူတို့ဖတ်ချင်တဲ့ စာအုပ်၊ သူတို့သုံးချင်တဲ့ အင်တာနက်၊ သူတို့ ယုံကြည် ရာတွေ ဘယ်လိုမှ လုပ်လို့မရဘူး။ မြန်မာနိုင်ငံသား တွေက အကျဉ်းထောင် ကျနေသလို ဖြစ်နေတယ်။ လူ့ အခွင့် အရေးဆိုတာ မြန်မာနိုင်ငံမှာ လုံးဝ မရှိတဲ့အတွက် သမီး ကြားဖူးခဲ့ပေမယ့်လည်း မခံစားခဲ့ရတော့ အဲဒီအရသာကို မသိခဲ့ဘူး။

မေး။ ။ အဖေက နိုင်ငံရေးသမား တယောက်ဆိုတော့ အထက်တန်း ကျောင်းသား ဘဝမှာ သူငယ်ချင်း အပေါင်း အသင်းတွေက ခွဲခြားဆက်ဆံတာမျိုး ရှိလား။ ဘယ်လို ဖြတ်သန်းခဲ့လဲ။

ဖြေ။ ။ ကျောင်းသား ဘဝမှာတုန်းက သမီးရဲ့ အဖေက နိုင်ငံရေးသမား ဆိုတာကို မသိကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သမီးအနေနဲ့လည်း ထုတ်ပြောလို့မရဘူး။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေက နိုင်ငံရေး အကျဉ်းသား ဆိုတာကို နားမလည်ဘူး။ ကြီးလာလို့ ရှင်းပြတော့လည်း သူတို့က လက်မခံချင်ဘူး။ လက်မခံဘူးဆိုတာ “နင့်ကိုတော့ ငါနားလည်တယ်။ နင့်အဖေကိုလည်း ငါလေးစားပါတယ်။ ဒါပေမယ့် ငါတို့ကိုတော့ မပြောပါနဲ့။ ငါတို့ မိဘတွေမှာလည်း စီးပွားရေးက ရှိသေးတယ်။ ငါတို့ဒါတွေ ဝင်မပါချင်ဘူး၊ ဒုက္ခရောက်လိမ့်မယ် ဆိုတာမျိုး သူတို့က တားဆီးတော့ ကိုယ့်မှာက သူငယ်ချင်းဆိုတာကို ဘောင် အကန့်အသတ် နဲ့ပဲ စကားပြောရတယ်။ သမီးမှာ တကယ်သူငယ်ချင်းလို့ ပြောလို့ရတာက အဖေရှိမယ်၊ ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးကိုကိုကြီး သူတို့တွေပဲ။ သူတို့အားလုံးဆီက နေပြီး သမီး ဗဟုသုတတွေရတယ်။ စကားပြောဖော် ရှိခဲ့တာဆိုလို့ သူတို့ အဖွဲ့ပဲ ရှိခဲ့တယ်ရှင့်။

သူတို့ မရှိတဲ့ အချိန်မှာတော့ အိမ်မှာ အမေနဲ့နေတယ်။ စာကြည့်ချိန်ကြည့်တယ်။ အပြင်လည်း သိပ်မထွက် ဖြစ်ဘူး။ သမီးတယောက်တည်း စာရေးပြီးဆော့တယ်။ သမီးငယ်ဘဝမှာလည်း သူငယ်ချင်း အများကြီးတော့ မရှိခဲ့ဘူး။

မေး။ ။ တခြား ဘာတွေများ ပြောစရာ ရှိသေးလဲ။

ဖြေ။ ။ အဖေ လွတ်မြောက်ရေး အတွက်ကော အားလုံးလွတ်မြောက်ရေး အတွက်ပါ တတ်နိုင်သလောက် သမီး ကြိုးစားလုပ်နေပါတယ်။ သမီးဘယ်တော့မှ အလျှော့မပေးဘူး။ သမီး ပြောချင်တာကတော့ ဗုဒ္ဓဘုရား ဟောခဲ့သလိုပဲ အရာအားလုံးဟာ တနေရာတည်းမှာတော့ မတည်မြဲနေဘူး။ အားလုံးကတော့ ပြောင်းလဲ သွားရမှာပဲ။ ပြောင်းလဲသွားတဲ့ အချိန်ကျရင် သမီးတို့တွေက ပျော်ပျော်ရွှင်ရွှင်နဲ့ နေရမယ်။ အဲဒီအခါကျရင် ခံရတဲ့ သူတွေက ခံရမှာပဲ။ လူတယောက်ဟာ အမြင့်မှာ အမြဲတမ်းတော့ ရပ်နေရမှာမဟုတ်ဘူး ဆိုတာပဲ သမီးပြောချင်ပါတယ်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&catid=4:interview&id=823:2009-03-12-10-58-13&Itemid=10 မှ

အပြည့်အစုံသို့ 

Friday, April 3, 2009

အစားလေး တစ်လုတ် အတွက်

တရားခံ (၁)

အမေရေ
ကျုပ်တော့ ဒုက္ခရောက်နေဘီ။

ကျုပ်အသက် ဆယ်ကျော်သက်
လူဖြစ်တာ သိပ်မကြာသေး
အဖေ လူမမာ..အမေ ကောက်စိုက်သမ..
နာဂစ် ကျတဲ့အခါကျ..
လယ်မရှိ ရေမရှိ.
နေမထိ သည့်မြေ..
ထိုင်ငတ် သေမလား..
လှုပ်ရှားရင်း နေမလား..
ကျူပ်လေ ယောက်ျား
လက်ရုံးအားစိုက်
ကျုပ် လှေထိုးလိုက်ခဲ့တယ်။

နေရောင်ထိုး ကျောပြောင်.
အကျီင်္လေးတောင် မကပ်နိုင်ဘဝ
ရွှေ့ ပြောင်းလုပ်သား တံငါသည်
တကဲ့ တပါးကျွန် သာသာရယ်
လူမျိုးခြားနိုင်ငံကလည်းရက်စက်တယ်။

တံငါလှေပေါ်က ထွက်ပြေး..
အစာရေ..မရတာ (၂) ရက်
မီးလို လောင်သည့်ဝမ်း..
ပြာမဲ ခြောက်သွေ့ နှုတ်ခမ်း
အမေ ရယ် တကဲ့ကို ငရဲလမ်းပါဘဲ။

မမျှော်လင့်ဘဲ
လှေသင်္ဘောလေး အတွေ့ .
အမှန်က အစာရေစာတောင်းဖို့  တက်ခဲ့တာပါ။

လှေပိုင်ရှင် အဖိုးကြီး..
သူခိုး သူခိုးအော်တဲ့နောက်..
အာရုံ မူးနောက်..
ကျုပ် လူစိတ်ပျောက်ခဲ့တယ်..
အမှန်က..ကျုပ် သူခိုးမဟုတ်ပါဘူးအမေရယ်..

ဝမ်းစာလေး တစ်လုပ်အတွက်
ဆာလောင်မွတ် မျက်ကြည်ကျွတ်
ဒေါသအရ လုပ်လိုက်မိတော့
သွေးသံအရဲသားနဲ့ လူ..
ကျုပ် လက်ထဲမှာက တူ..
ဘုရား..ဘုရား..
ကျုပ် မှားပြီ အမေ..
သွေးစွန်းတဲ့ ကျုပ်လက်တွေ

အမဲစက်ထင်တဲ့နောက်..
ပေါက်တဲ့နဖူး မထူး..
ရသမျှ ယူဖို့ စိတ်ကူးပေတဲ့..
မျက်မြင်သက်သေ..
အပြစ်မရှိတဲ့ သူ့ မိန်းမ ကို မသတ်ခဲ့ပါဖူး..
သဲလွန်စ ကျန်ချင်ဘဲကျန်..
လူမဆန်စွာ..
သွေးအေးအေးနဲ့ မသတ်ရက်..
အသက်ရှင်ရက်ထားခဲ့တယ်။

အမေ..ကျုပ်ကိုခွင့်လွှတ်ချင်မှခွင့်လွှတ်.
လူသတ်သမား မုန်းတီးဘဲသွားပစေ.
ကျုပ်လုပ်တဲ့အမှု ကျူပ်တာဝန်ရှိတယ်။
သေစားသေ..ကျုပ် ခံရဲပါတယ်။

တရားခံရဲ့ အစ..
ဆင်းရဲတွင်းနက်ဘ၀..
ကျုပ်သာ ပညာတတ်..
ကျုပ်တို့ ဖောင်စီးရင်း ရေမငတ်ဖူး.
တိုင်းတပါးမှာ အစာရှာစားဖို့ မလိုဖူး။
ဓါးပြသာသာ လူသတ်ဖို့  မလိုဖူး။

အမေရေ..
ဝမ်းရေစပ်အောင် မွေးမိတဲ့ သား
အဝေးကနေ အမေ့ကို ငွေရှာပို့ ချင်တဲ့ သား..
ထောက်ပံငွေမပေးနိုင်တော့တာခွင့်လွှတ်ပါ။
ကျုပ်တော့ လှေလှော်ရင်း တက်ကျိုးခဲ့တယ် ဒီမှာ.

ခုတော့ ထောင်ထဲမှာ..
ပြစ်မှူကျူးလွန် လူသတ်မှုနဲ့ ဗျာ..
ထမင်းလေး တစ်လုပ်ငတ်လို့ .
လူသတ်မိတဲ့ အမေသား..
အမျှတောင် အမေရယ် မဝေပါနဲ့ ..
အမေ မေတ္တာတောင် မထိုက်တန်တဲ့
ခေတ်ဆိုးထဲက ကျုပ်..
ငရဲလမ်းမှာ မြုပ်ခဲ့တဲ့ သူ.
ဓါးမြ လူသတ်ကောင် တဖြစ်လဲ.
လူဖြစ်ကျိုးနည်းခဲ့တဲ့ လူ။
ကျူပ်ရဲ့ အပြစ်ကြွေး..
ကျုပ်သွေးနဲ့ဘဲဆေးခဲ့တယ်။
မငိုပါနဲ့ အမေရယ်..
ကျုပ် သွားရတော့မယ်။

မသဒ္ဓါ ( ၄။၂။၂၀၀၉)
အသက်မပြည့်သေးသော ကလေးအရွယ် ဆယ်ကျော်သက်များကို ကျမတို့  မကာကွယ်နိုင် မစောင့်ရှောက်နိုင်ခဲ့တာ အများကြီးဝမ်း နည်းမိပါတယ်။ ဒီကလေးတွေ ဟာ မြန်မာပြည်သာကောင်းစားနေခဲ့ ရင် ပျော်ပျော်ရွှင်ရွှင် ကျောင်းမှာစာသင်နေမဲ့အရွယ်လေးတွေ ပါ။
အခုတော့
တကဲ့ ရင်ကွဲခန်းပါဘဲ။

သတင်း အစုံမှာ
Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
ရက်အနည်းငယ် ကြာ ရှာဖွေပြီးတဲ့ အခါမှာတော့ Mr Robertson ရဲ.အလောင်းကို ငါးဖမ်းသမား များက Satun ကျွန်းရဲ.တောင်ဘက် ၆ မိုင်လောက်အကွာမှာ တနင်္လာနေ. ညနေ ၃ နာရီ အချိန်လောက်တွင်ရှာဖွေတွေ.ရှိခဲ့ပါတယ်။မြန်မာသုံးယောက် အသက် ၁၇နှစ်၊ ၁၈နှစ်၊ ၁၉နှစ် အရွယ်ရှိသူများဟာ နီးစပ်ရာ ကျွန်းများဆီသို. ထွက်ပြေးရင်း ဆာလောင်မွတ်သိပ်နေသဖြင့် Mr Robertson တို.စီးနင်းရာ သဘောင်္ပေါ်သို.တက် ခဲ့ပါတယ်။Mr Robertson ရဲ.အလောင်းကို ရှာဖွေတွေ.ရှိခဲ့ခြင်းဖြင့် ထိုမြန်မာ ၃ယောက်အတွက် ထိုပြစ်မူမှ ရူန်းထွက်ဖို. မဖြစ်နိုင်တော့ပဲ လူသတ်မူ ကနေ သေဒဏ်အထိပေး ပြစ်ဒဏ်ကျခံ နိုင်ဖွယ်ရှိပါတယ်။ထိုမြန်မာ၃ယောက်ဟာ ၂ရက်ကြာ ဘာအစာမှ မစားရသေးသဖြင့် Mr Robertson ရဲ. သဘောင်္ပေါ်တက်ကာ အစားအသောက်များကို အငမ်းမရ ရှာဖွေခဲ့ပါတယ်။ မြန်မာ၃ယောက်ထဲမှ အကြီးဆုံးတစ်ယောက် က Mr Robertson ရဲ. ခေါင်းကို ရုန်းရင်းဆန်ခက် ဖြစ်နေစဉ် တူနှင့်ထုပြီး ရေထဲ ပစ်ချခဲ့သည်ဟု ထိုင်းရဲများကို ၀န်ခံခဲ့ပါတယ်။ Mr Robertson ရဲ. ဇနီး Linda ကလဲ တရားခံ များမှာ ထို မြန်မာ၃ဦး ဖြစ်ကြောင်း တရားရုံးမှာ ပြီးခဲ့တဲ့ သောကြာနေ.က ထွက်ဆိုခဲ့ပါတယ်။ သူဟာ ထိုအချိန်က ကြိုးဖြင့် တုပ်နှောင်ခံနေရပြီး မြန်မာ၃ယောက် ထွက်ပြေးသွားချိန် မှာ တော့ သူမဟာ သဘောင်္ ကျောက်ချထားတာ ကို ပြန်တင်နိုင်ခဲ့ကာ ၁၀ နာရီကြာ သဘောင်္ပေါ်မှာ သောင် တင် နေခဲ့ပါတယ်။နောက်တစ်နေ.မှာပဲ ထိုမြန်မာ၃ယောက် ထိုင်းရဲများဖမ်းဆီးနိုင်ခဲ့သည့်အတွက် သူမက ချီးကျူးခဲ့ပါ တယ်။ သူမရဲ. ပြောကြားချက်အရ တရားခံ ၃ယောက်ထဲမှ အငယ်ဆုံးတစ်ယောက်က Mr Robertson ရဲ. သေဆုံးမှု အတွက် အင်မတန် သောက ရောက်နေခဲ့ ပုံ ကိုတွေ.ရပြီး၊ ကျန်တဲ့ ၂ယောက်ဘယ်လို ဖြစ်နေ မယ် ဆိုတာတော့ သူမ မသေချာကြောင်း ထွက်ဆိုခဲ့ပါတယ်။ Mr Robertson နဲ.ဇနီး Linda ဟာ UK မှ တ ကမ္ဘာလုံး သို. ရွက်လွင့် ထွက်ခွာရန် လွန်ခဲ့တဲ့ ၁၀နှစ်ကတည်း ထွက်ခွာခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ ကို အင်မတန် ချစ်မြတ်နိုး သူတွေ လို.ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ လဲ သုံးနှစ်ကြာ နေထိုင်ခဲ့ပါတယ်။ ROYAL MYANMAR မှ

အပြည့်အစုံသို့ 

Wednesday, April 1, 2009

သစ္စာရှာဖို့ မြင်းစီးသွားတဲ့ လင်္ကာသည်


သူ…
ကြည်လင်သော မေတ္တာ..
သိဂါင်္ရ ရသကို ဖော်ကျူးသူ..
ထက်သန်တဲ့စေတနာ..
ရဲရင့်သော သတ္ထိ
ဝီရရသ၏ ကလောင်..
ကဗျာဆရာက၀ိ ဦးကြည်အောင်..

အင်းဝ သားစာဆို
သစ္စာတိုင် အချစ်ကိုလိုချင်ပါရဲ့.
ကျားဆိုးပေါတဲ့ ဒီတောင်ရိုး
မျှစ်ချိုးဖို့ လိုက်ရဲမဲ့ အချစ်
စိတ်ကူးတော့ ယဉ်ဖြစ်ခဲ့တယ်။
ယွန်းသေတ္တာတွင်းသော့ခတ်
ချစ်သူဖတ်ဖို့  မပေးရဲခဲ့တဲ့စာ
မျှော်တလင့်လင့် .. သူရဲ့ အုံ့ ပုန်း အချစ်

ထင်းခွဲနေတဲ့အဖိုး..
ရေချမ်းကမ်းတဲ့အဖွား..
အိုမင်းအောင်ပေါင်းတဲ့ အချစ်.
ဂန္ဓ၀င်တင်ဖြစ်ချင်တယ်။

၁၄နှစ် နဲ့ စောစီးစွာ
အိမ်ထောင်ကျတဲ့
၈၃နှစ် သူ့ အမေအို
စာပေမတတ်
အက္ခရာ စာတွေ မဖတ်နိုင်ပေမဲ့.
သားရဲ့ နှလုံးသွေးနဲ့ ကဗျာ
အမေ ဂုဏ်ယူဖြစ်မှာပါ။

မုဆိုးအလိုက်
ကလေး နှစ်ကောင်ပိုက်ပြေးတဲ့
ကိုင်းဖျားပေါ်ကမျောက်မ အို..
အမေ့  မေတ္တာကို ဖေါ်ပြဆိုခဲ့

အမြင်မတော် ကပြောင်းကပြန်ဘဝ
မျောက်က မင်းသားနဲ့
လူက သူတောင်းစား
လူတစ်ယောက်၊မျောက်တစ်ကောင်
သာသူစား လောကသား ကိုလှောင်

ရေတိမ်နစ်တဲ့ စာကလေးတစ်စောင်.

ထွေးမြ ရေတိမ်နစ်ရတဲ့ အဖြစ်.
ခေတ်ဆိုးချိန်..မြန်မာမြင်ကွင်း.
ရင်ကို ဟင်းလင်းဖြစ်ခဲ့တယ်။

ယမင်းရုပ်ကို အသက်သွင်းကာမှ
ဆရာမနိုင်..နှစ်ဆောင်ပြိုင်
အာဏာနဲ့  ပြိုင်တဲ့ အခါ.
မှော်ဆရာရဲ့ ထွက်ပြေးခြင်း အရှုံးပွဲ..
အိမ်စောင့် အစိုးရရဲ့ အာဏာလုပွဲ

ပင်လယ်ခေါ်သံ ကြားရင်..
တံငါသားကလှေပြင်..
ကျောက်ဆူးကိုနှုတ်..သံကြိုးဖြုတ်
တိုက်ပွဲခေါ်သံကြားလျှင်..
တော်လှန်ရေးသမား အထုတ်ပြင်
တရားမျှတတဲ့ အလုပ် ထောင်ထဲမှာဘဲ အရိုးထုတ်

ဟေ့ အသံကြားတယ် နားစွင့်ထား
ကျာ့း့ ကျား
သွေးနဲ့ သမိုင်း ရေးရမဲ့အချိန် -
ရရာလက်နက်ကိုင်..
အာဏာရှင် ကိုပေါင်းနှုတ်နိုင်ဖို့ 
သတ္တိသွေးတွေနီကြပါ
အားသစ်ပေးတဲ့ ၀ီရရသစာ
တော်လှန်ရေး အချက်ပေးတဲ့ ကဗျာ.

သတ်ကြပါစေ သူ မသေပေ၊
သေလည်းတခေတ် ပြည်သူချစ်၏

တိုက်ပွဲ ခေါ်သည့် သူ့ ကဗျာ၊

ငါ့နိုင်ငံရဲ့အလံတော်

တံခွန်လိုမော်ကြွားဖို့ 
အလံဆိုတာ လေထဲပျံဖို့ 
သံ.ရိုက်၊ သပ်နဲ့ ကပ်
ခြေနဲ့ မနင်းအပ်တဲ့ အတွက်
ရန်သူဆီ.ချီတက်
လဲကြရပစေ ဒို့ အသက်
ရဲရဲတောက်..သူ့ အမှာ

သူ…
ဘယ်လောက်လှိုင်းကြမ်း.
လှော်ခတ် ရဲတဲ့ လှေ..

သူ
ဘယ်သူတားတား
အမှန်တရားနဲ့ နေတဲ့ လူ.

လမင်းတစ်ရာ..
နေရာအနှံ့ သာသလို
ကြည်လင်တဲ့ ချိုးတေးသံ
မြန်မာပြည်ကိုလွင့်ပျံစေခဲ့သူ..

ကဗျာနဲ့ .တော်လှန်တိုက်.
အမာခံတပ်မှုးရဲ့ ခံစစ်လေးမြှား..
အလင်္ကာဆူးသွား..
အာဏာရှင် အတွက် အဆိပ်လူးထားတယ်။

သူ…သို့ မဟုတ်
ကျောက်ဖြစ်သွားတဲ့အင်ကြင်းပင်
ဂန္ဓ၀င်မျိုးဆက်တွင် ကျန်နေဆဲ.
စိမ်းလမ်းဆဲ ပင်ပျိုနူများ..
သူ့ ကိုယ်စားထားခဲ့တဲ့ ကဗျာဆရာ။
တော်လှန်ရေး မျိုးဆက်သစ်..
ကျမ တို့ ဆက်တိုက်ဖြစ်မည်ဆရာ..
တမလွန်ကသာ သာဓုခေါ်ပေါ့..
သင်သွားလိုရာသာသွားရစ်ပါတော့..

မသဒ္ဓါ ( ၄။၁။ ၂၀၀၉)
တော်လှန်ရေး၏ ကဗျာဆရာကြီးဦးကြည်အောင် (၁၉၃၇ - ၂၀၀၉) အား သတိတရအမှတ်ရစွာဖြင့် …ဂုဏ်ပြူချီးမြှင့်ပါသည်။ သင်တာဝန်ကျေခဲ့ပါသည်။ ငြိမ်းချမ်းစွာ အနားယူပါလော့

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */