Saturday, March 28, 2009

အမျိုးကို ချစ်စေ..စောင့်ရှောက်စေ


လွန်ခဲ့တဲ့ ၆၄ နှစ်ကပေါ့..
မြူခြေထတဲ့ တပေါင်းလမှာ..
ဥသြတွေ မြည်.
စူးရှတဲ့နေခြည်
အညာ အောင်မြေဆီ

အနီးကပ်ဆုံး ရန်သူကိုတော်လှန်..
ဗိုလ်ချုပ်ရဲ့ သေသနဗျူဟာ မိန့် ခွန်း ကအဖိုးတန်
တပြည်လုံး တချိန်ထဲ အုံကြွ
တော်လှန်ကြတဲ့အချိန်…

ထန်းတောကြားထဲ ပုန်းအောင်း
ကျေးလက် မျိုးချစ်သားကောင်းများ
ဒါး။ ဒါးမ ပေါက်ဆိန် ပေါက်ချွန်း
စူးခွ လှံ။ ဒူးလေးမျှား လက်နက်က ရရာ။
တပ်ပျက်အပြေး ဂျပန်တွေ အဆုတ်
အမြစ်ဖြတ် သုတ်သင်ခဲ့တယ်။

လက်နက် မရှိလည်း.
ထိုးထွင်း ဥာဏ်၏ သတိ
သတ္တိ ကအရင်းခံ
လက်ဦးသူ အောင်ပွဲခံ
အဘတို့  ဖက်ဆစ်ကိုတော်လှန်ခဲ့တယ်။
မြန်မာပြည်ကို ကယ်တင်ခဲ့တယ်။

ခုအချိန်..အရင်တွန်ခဲ့တဲ့ ဥသြ
သူမျိုးဆက်က ဆက်တွန်နေဆဲ…
တနောင်းပင်ထက်မှာ။

ဒို့ တတွေလည်း အာဇာနည်တို့ ရဲ့မျိုးဆက်
ဒို့ ခေတ်ကျမှ အမျိုးဂုဏ်ပျက်ရမလား..
ဒို့ ရဲ့သွေး အနီရောင်မရဲတော့ဖူးလား..

ဤစာသည် ဒို စာ
ဤမြေသည် ဒို့ မြေ..
ဤရေ သည် ဒို့ ရေ.
ဤအမျိုးသည် ဒို့ အမျိုး.

မိမိ စာပေကို မိမိကာကွယ်
မိမိ မြေကို မိမိကာကွယ်
မိမိ ရေကို မိမိကာကွယ်
မိမိ အမျိုးကို မိမိကာကွယ်
ဒါမှသာ အာဇာနည်မြေးမြစ်..
အာဇာနည် အဖိုးအဖွား သာဓုခေါ်ရစ်မယ်။

ရဲနေသေးတဲ့သွေး.
ကျန်ရစ်သေးတဲ့ သတ္တိ..
နှမ်းစေ့ များစုစည်း..
ဆီပွတ်နိုင်တာ သတိ
မြန်မာ မြေကို လွတ်လပ်စေ
ဆက်လက်တိုက်စို့ လေ။

မသဒ္ဓါ (၃.၂၇.၂၀၀၉) ၆၃ နှစ်မြောက် တော်လှန်ရေးနေ့ သို့ 
ကျဆုံးခဲ့သော ၀ိဥာဉ်များကောင်းရာ သုဂတိလားပါစေသား။

အပြည့်အစုံသို့ 

Monday, March 23, 2009

အမေအို ဆိုပေမဲ့ သတ္တိတော့ ပျိုတယ်..


ဗိုလ်ချူပ်မှုးကြီးဆိုသူ ဦးသန်းရွှေ..
ကျုပ် မသိလို့ မေးပါရစေ။
ကျုပ်မြေးကလေး စည်သူမောင်..
ဘာကြောင့်ထောင်ထဲထည့်ထားပါသလည်း။

ညနက်သန်းခေါင်

အရပ်လူကြီးမပါ
အိမ်လာ ကျုပ်မြေးကိုလာဖမ်းစဉ်..
တရားဥပဒေ အရ
ဝရမ်းပါမပါ မေးမိတဲ့ ကျုပ်သမီးနဲ့သား.
ဦးပီတာနဲ့ ဒေါ်နုနုဆွေ
ဘာအပြစ်နဲ့ များ ထောင်ထဲထည့်ထားပါသလည်း။

ကျူပ်မြေးက ကျောင်းသား
ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်း..
နေလည်စာစားဖို့ မုံ့ ဖိုး သူမသုံးနိုင်ဖူး
တက်တက်လာတဲ့ လောင်စာဈေးနဲ့ ကားခ
မပေးနိုင် ဆန္ဒပြတာ..
နို့ ဆာတဲ့ ကလေး ငိုတာမျိုးဘဲ..
လူကြီးမင်း လုပ်နေသူသူများ စာနာ
တိုင်းပြည်မင်းလုပ်သူရဲ့ ထားရမဲ့ ဂရုဏာ
လူကြီးလုပ်ချင်…လူကြီးလို တွေးပါ။

ပြည်သူဆန္ဒဆိုတာ
သမိုင်းအစဉ်ဆက် ဖော်ထုတ်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေအရသာမက၊
ပြည်တွင်း မှာ ပြဌာန်းထားတဲ့ ဥပဒေ ၁၂၄(က)
ဘုတ်အုပ်ထဲမှာ ရှိပါ့တော်.
ပြန်များဖတ်ကြည့်လှဲ့ ပါ ဘိုးတော်။

ငါ ပိုင် ငါနိုင်။
ငါလက်နက်ရှိ ငါအာဏာရှိ.
တရားဥပဒေက မျက်နှာမရှိ.
ငါလုပ်ချင်တာ လုပ်မည့်
အာဏာရှင် အလိုဘဲသိတာ..
ရှက်ဖူးလားတော်.
ရှင့်နာမည်ဆိုးကကျော်

ရှင့်မြေးနဲ့ ကျူပ်မြေး..
မတိမ်းမတိမ်း ရွယ်တူ..
ရှင့်မြေးက မုဒိန်းသမား..လူယုတ်မာ
သူတပါး သားသမီးပျိုဖျက်ဆီးသူ။
ရှင့် သမီးနဲ့ ကျုပ်သမီးရွယ်တူ..
ရှင့်သမီးက လင်ရှိရက်တေဇနဲ့ ဖောက်ပြား..
ပြည်တန်ဆာထက်ဆိုးတဲ့သူ..

သူတပါးသိုက်မြုံကိုဖျက်..
ကျုပ်သားသမီး မြေးတွေကို ကျုပ်ရင်ကခွဲပြီး.
အဖေက လွိုင်ကော်ထောင်
အမေ က မြောင်းမြ အကျဉ်းထောင်
မြေးလေးက စစ်တွေထောင်၊
အသက်(ရ၀) ကျော် ကျုပ်က အိုမင်းအဖွား..
လူမမည်မြေးကလေး ၂ယောက် အပါး.
ဘယ်လို လုပ်စားမလည်း.
တယောက်တစ်နေရာ..
ကျုပ်ဘယ်လိုထောင်ဝင်စာ တွေ့ ရမလည်း။

ဒါပေမဲ့ ကျုပ်မငိုဖူး။
ပြုသူအသစ် ဖြစ်သူအဟောင်း။
လုပ်ထားနိုင်တုန်း..
လုပ်ထားပေါ့ ကောင်းကောင်း
မြေမဆိုင်းတဲ့ သံသရာ..
ရှင် ပြေးမလွတ်ပါဖူး..
အလှည့်ကျ မနွဲ့  ကျစတမ်း။
ကံကံ၏အကျိုး..ရှင်လုပ်သောဝန် ရှင်ထမ်း..
ရုပ်ကြမ်းကြီးနဲ့  လာငိုပြမနေနဲ့ 

ကျုပ်တို့  မြေးအဖွား သုံးယောက်
ဆင်းရဲချင် ဆင်းရဲမယ်။
ထမင်းရည်ပူရက် ရရင် ရက်ရမယ်။
မြေးလေးတို့ ရယ် အားမငယ်ပါနဲ့ .
အဖွားတယောက်လုံးရှိပါသေးတယ်ကွဲ့ 

မင်းတို့  အဖေ အမေ နဲ့
အကို အတွက်သာ ဂုဏ်ယူလှဲ့ 
အဖွားတော့ သေသည်အထိ
ဘယ်တော့ မှ အားမငယ်ဖူး.
နှစ်အစဉ် သမိုင်းအဆက်..
အာဇာနည်ဆိုတာ လောကဓံရိုက်ချက်
သွေး မပျက်ဖူး..
နောက် မဆုတ်ဖူး..
အမြဲလွင့်မဲ့ ဒေါင်းအလံ..
တနေ့ မှာနေခြည်ထဲက
တွန်ကျူးမဲ့ ငြိမ်းချမ်းဌက်သံ.
အာဏာရှင်၏ နိဂုံး..
မဝေးတော့ တဲ့ ဒို့ အောင်သံ

မသဒ္ဓါ (၃။၂၂။၂၀၀၉)
အဖွားရယ် အားပေးပါတယ်။ သားသမီးမြေးတွေ အတွက် ဂုဏ်ယူရတဲ့အဖွား လေးစားပါတယ်။
(မြေးမ ၂ယောက်နဲ့  အပြင်တွင် ကျန်ရစ်သောကိုစည်သူမောင်၏ ဖွားအေသို့ )

သတင်းအပြည့်အစုံ
ဗကသ အဖွဲ့ချုပ်ဝင် ကိုစည်သူမောင်၏ မိဘနှစ်ပါးကို အမူ (၃) ခုဖြင့် တရားစွဲ
ဒီဗွီဘီ ၊ ၁၄ ၊ ဒီဇင်ဘာ ၊ ၂ဝဝ၇
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် စည်းရုံးရေး ကော်မတီ အဖွဲ့ဝင် ကိုစည်သူမောင်ကို ဖမ်းဆီးခဲ့စဉ်က အဖြစ်အပျက်နဲ့ စပ်လျှဉ်းပြီး သူ့ရဲ့ မိဘနှစ်ပါးကို မြို့နယ် ရဲစခန်းက အမှုသုံးခုနဲ့ တရား စွဲဆိုထားပါတယ်။

စက်တင်ဘာ ဆန္ဒပြပွဲတွေ အပြီး အောက်တိုဘာလမှာ ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ ကိုစည်သူမောင်ရဲ့ မိဘနှစ်ပါး နေထိုင်ရာ နေအိမ်ကို ညသန်းခေါင်ကျော်မှာ ဖမ်းဝရမ်းမပါ သက်ဆိုင်ရာ ရယက တာဝန်ရှိသူတွေ မပါဘဲ ရဲအဖွဲ့က ကိုစည်သူမောင်ကို လာရောက် ရှာဖွေရာ ဖမ်းဆီး ရရှိခြင်း မရှိခဲ့ပါဘူး။

အဲဒီလို လာရောက် ဖမ်းဆီးစဉ် ရုတ်တရက် တံခါး ဖွင့်မပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လှိုင်မြို့နယ် ရဲစခန်းမှူးက တရားစွဲခဲ့တာ ဖြစ်ပါတယ်။ စွဲဆိုထားတဲ့ အမှု သုံးခုကတော့ ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ (၂၃၂) ၊ ဖမ်းဆီးစဉ်မှာ အနှောင့်အယှက်ပြု ဟန့်တားတယ်ဆိုတဲ့ ပုဒ်မ ငြိမ်ဝပ် ပိပြားမှုကို ထိပါးအောင် လုပ်တယ်ဆိုတဲ့ ပုဒ်မ စတဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ကိုစည်သူမောင်ရဲ့ မိဘ နှစ်ပါး ဖြစ်ကြတဲ့ ဦးပီတာနဲ့ ဒေါ်နုနုဆွေတို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီး မခံရခင် စွပ်စွဲခံရတဲ့ ပုဒ်မတွေဟာ အာမခံယူလို့ရတဲ့ ပုဒ်မတွေ ဖြစ်ပေမဲ့ လှိုင်မြို့နယ် တရားရုံးကို တင်တဲ့အခါမှာတော့ အာမခံပေးလို့မရတဲ့ ပုဒ်မတွေနဲ့ ကြီးလေးတဲ့ ပုဒ်မတွေနဲ့ ပြောင်းလဲ တရားစွဲဆိုခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကိုစည်သူမောင်ရဲ့ မိဘတွေဖက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူက အခုလို ပြောပါတယ်။

“(၂၉၄) လို့ခေါ်တဲ့ ဆဲဆိုတဲ့ အမှုကနေ (၅၅ဝ) ပုဒ်မကို ပြောင်းသွားတယ်။ (၂၉၄) ဆိုတာ သာမန် ဆဲဆိုတာ။ ဆဲဆိုတဲ့ အတွက်ကြောင့်မလို့ဆိုရင် အလိုအလျှောက် အာမခံရနိုင်တယ်။ သာမန် ဆဲဆိုတဲ့ အမှုကနေ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်အောင် ၊ ရပ်ရွာအေးချမ်းသာယာနေတာတွေကို ဆူပူသွားအောင် လုပ်တယ်ဆိုတဲ့ ပုဒ်မကြီး အကြီးကြီးဆီကို ပြောင်းလဲသွားပါတယ်ခင်ဗျ။ ဥပဒေရုံးကနေတဆင့် ဥပဒေအကြံပေးကနေ တဆင့် ပြောင်းလဲသွားတာပါ။ တနည်းအားဖြင့်တော့ အာမခံ မရစေနိုင်မဲ့ပုဒ်မကို ပြောင်းလဲစွဲဆိုခြင်းလို့ အဓိပ္ပါယ်ဖြစ်ပါတယ်ခင်ဗျ။”

ဦးဖိုးဖြူ ပြောပြသွားတာ ဖြစ်ပါတယ်။ နောက် ရုံးချိန်းတွေမှာ ဦးဖိုးဖြူက ဒေါ်နုနုဆွေတွေအတွက် အကြိမ်ကြိမ် အာမခံ တောင်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ တရားစွဲပြီးတဲ့နောက် ပြစ်မှုပုံစံ (၁ဝ၄) ကို မသွင်းရသေးတဲ့ အတွက် ရုံးချိန်းနှစ်ခုမှာ သက်သေတွေကို ခေါ်ယူစစ်ဆေးတာ မပြုလုပ်နိုင်ခဲ့ဘူးလို့လဲ ဦးဖိုးဖြူက အခုလို ဆက်လက် ပြောပြပါတယ်။

“(၁၉) ရက် နိုဝင်ဘာကတည်းက အမှု စွဲတင်တာဖြစ်တယ်ဆိုရင် နောက် ရုံးချိန်းဖြစ်တဲ့ (၂၁) ရက်နေ့ နိုင်ဝင်ဘာမှာ ဒီပုံစံကို ပြန်သွင်းရတယ်။ အဲဒီတော့ အဲဒီဟာကို ကျနော်တို့ကို ပြန်မသွင်းထားတဲ့ အတွက်ကြောင့်မလို့ သက်သေတွေကို ဆင့်ခေါ်လို့မရဘူး။ အဲဒီတော့ (၂၁) ရက်နေ့ နိုဝင်ဘာမှာ တချိန် (၂၄) ရက်နေ့ နိုဝင်ဘာမှာ တချိန် လုံးဝ သက်သေတွေကို မစစ်ဖြစ်ဘဲနဲ့ ရုံးချိန်းတွေကို ပေးလိုက်ရတယ်။ အဲဒီတော့ သက်သက်တွေကို စစ်ဆေးတဲ့ အခါမှာ အမှုကို နှောင့်နှေး ကြန့်ကြာခွင့် မရှိ စစ်ဆေးခံပိုင်ခွင့် ရှိရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့ အလိုအလျှောက် ချိုးပို့လိုက်တာပဲ ဖြစ်ပါတယ်။”

ဒါပေမဲ့ အခုလ (၆) ရက်နေ့မှာ တရားလို စခန်းမှူးနဲ့ သက်သေတဦးကို စစ်ဆေးခဲ့ရမှာ ဖမ်းဝရမ်း မပါ သက်ဆိုင်ရာ ရယက တာဝန်ရှိသူတွေ မပါဘဲ ဝင်ရောက် ဖမ်းဆီးတာ ပေါ်လွင်စေတယ်လို့ ရှေ့နေ ဦးဖိုးဖြူက အခုလို ပြောပါတယ်။

“တရားလို လုပ်တဲ့လူကို စစ်တဲ့ အခါမှာ အမှုတွဲ ပေါ်ပေါက်ချက်တွေ ဆိုတာ ရှိတယ်။ ရယက သက်သေ လူကြီးကို စစ်တဲ့ အခါမှာ အမှုတွဲ ပေါ်ပေါက်ချက်တွေ ဆိုတာ ရှိတယ်။ အဲဒီတော့ နှစ်ယောက်ရဲ့ သက်သေတွေကို စစ်ဆေးလိုက်မယ်ဆိုရင် ဘာဖြစ်သလဲ ဆိုတော့ သက်သေတွေဟာ ရပ်ရွာလူကြီး သက်သေတွေ ပါမလာဘဲနဲ့ လာရောက်ပြီးတော့ သူမကို လာဖမ်းဆီးတာမျိုး ပေါ်ပေါက်တယ်။ နောက်တခါ ဒုတိယ အကြိမ်ကြရင်တော့ ရယက လူကြီးကို ခေါ်ခဲ့လို့ ပြောတဲ့ အခါကြတော့မှ ရယက လူကြီးကို သွားခေါ်တယ် ဆိုတဲ့ဟာမျိုးလဲ ပေါ်ပေါက်တယ်။ နောက်တခါ ရှာဖွေပုံစံ ဒါမှမဟုတ်ရင်လည်းပဲ ဖမ်းဝရမ်း ရှာဖွေ ဝရမ်းနဲ့ ပတ်သက်တာမျိုးလည်း ဝရမ်း တစုံတရာလည်း မပါဝင်ဘူး ဆိုတာမျိုးလည်း အမှု စစ်ဆေးတဲ့ အခါမှာပေါ်ပေါက်တယ်။ သူမကို ဖမ်းဆီးခြင်းဟာ ဥပဒေနည်းလမ်း တကျ ဟုတ်မဟုတ် ဆိုတဲ့ အချက်ကို အခြေခံပြီးတော့ ကျနော် အစဉ်တစိုက် မေးတယ်။ အဲဒီတော့ မေးတဲ့ အခါကျတော့ ဒီကိစ္စဟာ ဝတ္တရား နှောင့်ယှက်တာ ဟုတ်သလား မဟုတ်ဘူးလား ဆိုတာမျိုးလည်း ပတ်ဝန်းကျင်ကို ဆူပူအောင် နှောင့်ယှက်တာ ဟုတ်သလား မဟုတ်သလား ဆိုတာကိုပဲ မေးပါ။ မဆိုင်ပါဘူး ဒီ စည်သူမောင် ဖမ်းဆီးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မမေးပါနဲ့လို့ ပြောတယ်။”

ရှေ့နေ ဦးဖိုးဖြူ ပြောပြသွားတာ ဖြစ်ပါတယ်။ ဦးပီတာနဲ့ ဒေါ်နုနုဆွေတို့ နှစ်ဦးကို အခုအခါမှာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပြီး လာမဲ့ တနင်္လာနေ့ (၁၇) ရက်နေ့မှာ ရုံးချိန်း ထားပါတယ်။ ကိုစည်သူမောင်ကတော့ အောက်တိုဘာလအတွင်း အဖမ်းခံရပြီး အင်းစိန်ထောင်ထဲမှာ မိဘနှစ်ပါးနဲ့ အတူ အချုပ်ကျနေတာ ဖြစ်ပါတယ်။
အခုနောက်ဆုံး စစ်တွေထောင်ကို ပို့ဆောင်ခံခဲ့ရတဲ့ ကိုစည်သူမောင် ဟာ ဆိုရင်လည်း သူ့ကို ဖမ်းဆီးတုန်းက ချက်ခြင်း တံခါး ဖွင့်မပေးလို့ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်း ထောင်ဒဏ် ၆ နှစ် စီ ချမှတ်ခံခဲ့ရသူ မိဘတွေနဲ့ တကွဲတပြား ပို့ဆောင်ခံခဲ့ရတာပါ။ အခုဆိုရင် ကိုစည်သူမောင် က စစ်တွေထောင်၊ ဖခင်ဖြစ်သူ ဦးပီတာ က ကယားပြည်နယ် လွိုင်ကော်ထောင် နဲ့ မိခင်ဖြစ်သူ ဒေါ်နုနုဆွေ ဟာ ဆိုရင် ဧရာဝတီတိုင်း မြောင်းမြ အကျဉ်းထောင်တွေကို ပို့ဆောင်ခံနေရတာပါ။ နောက်ပိုင်းမှာ ညီမငယ် ၂ ဦး နဲ့ အသက် (၇၀) ကျော် အဖွားသာ ကျန်ရစ်တဲ့ ကိုစည်သူမောင်ရဲ့ မိသားစု အနေနဲ့ အခုလို အခြေအနေမှာ ထောင်ဝင်စာတောင်တွေ့ဖို့ အခက်ကြုံနေရတယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။ ကိုစည်သူမောင် ရဲ့ ရင်းနှီးသူ မိသားစု မိတ်ဆွေ တဦးလည်းဖြစ်တဲ့ ဦးမင်းဆွေ ကတော့ အခုလို ဆိုပါတယ်။

“သူတို့ မိသားစုတွေကို တကွဲတပြားထား ထားတယ်။ ရုံးထုတ်တဲ့အချိန်မှာတော့ သူ့အဘွားလာတယ်လေ။ အဘွားနဲ့ပဲ တွေ့ရတာပေါ့။ အဘွားကြီးဆို အသက် ၇၀ကျော်လောက် ရှိပါပြီ။ ဒုက္ခရောက်ပါတယ်။ ရုံးထုတ်တုန်းက လာရင် မောမောနေတယ်။ နောက်ပိုင်း မ၀င်ရတဲ့အခါကျတော့ အဲဒီ အဘွားနဲ့လဲ မတွေ့ရပါဘူး။”

အပြည့်အစုံသို့ 

Sunday, March 22, 2009

သားတော်မောင် အတွက် အမေ့ စာ

စိတ်ချထားခဲ့မယ် သား…
အမေ သွားတော့မယ်။

စိတ်မကောင်းလို့ ဆို..မငိုနဲ့ မေ့သား
အမေ့ သက်တမ်း အမေ့ဘ၀..
လူတန်းစေ့ နေခဲ့ပြီးပြီ။
လူ့ တာဝန် ကျေပြွန်ခဲ့ပြီးပြီ
မရပ်တံ့တဲ့ မွေးဖွားကြီးပြင်း
အိုနာ သေခြင်း..သဘာဝတရား
တရားနဲ့ သာဖြေ။

ဘယ်နေရာရရ..ကျရာထောင့်ကနေ
လူ့ ဘောင်ကောင်းကျိုးသယ်ကာပိုးခဲ့
သခင်မကြီး ဒေါ်လှကြည်၊( သို့ မဟုတ်)
ယုဝတီ ၏ ကလောင်ရှင်ကြည်ဦး.
မြန်မာမှုစာရေးဆရာနန်းညွန့် ဆွေရဲ့ ကြင်ဖော်
နာမည်ကျော် လူရွှင်တော်ဇာကနာ၏ အမိ.
သေသော်တောင် အမည်မသေတဲ့
အာဇာနည် မျိုးရိုး ထင်ရှားပါ၏။

စာပေသမား၏ မျိုးရိုး
မြန်မာမှု ကိုမြတ်နိုး
စကားပုံ အစုံစုံ နဲ့ ရိုးရာ ဓလေ့.
စကားထာ..မြန်မာမှုအဖြာဖြာနဲ့ 
မြန်မာ့စာပေ ကို ထိန်းသိမ်း။
ကလေးများအတွက် စာပေကလောင်
ဝတ္တရားကျေတဲ့ ဇနီးသည်မ အိမ်ထောင်
ကြင်နာကြီးသည့် အမေဘဝ
လူဖြစ်လာရ..အမေ ကျေနပ်ပါတယ်။.

ကိုလိုနီ လက်အောက်မှာမွေး.
ရဲတဲ့ ဇာနည်သွေးကြောင့်
မတရားတာ ငုံမခံတဲ့ သတ္တိသွေး..
သားကလေးတွေကို လက်ဆင့်ပေးခဲ့တယ်။
နောက်မျိုးဆက်များသို့  ဝေမျှပေးခဲ့တယ်။

ဝဏ္ဍ. သူရ တေဇ..သား သုံးဦးထဲက
တမိပေါက်ရဲ့ တယောက်ထွန်း
သူရ ဆိုတဲ့ အတိုင်း သတ္တိရဲခဲ့.
ကြောက်မွေးပါရင် နှုတ်ခဲ့မဲ့..
နအမ အမြစ်ကို လှုပ်ကိုင် ချိုးနှဲ့ 
ဇာဂနာ ဆို တဲ့..အမေ့သားမောင်ရဲ့
သရော်ဆူး များ စူးရှထက်မြက်
နှုတ်လျှာ ဒါးသွား.ကလောင်တစ်ချက်နဲ့ 
ခိုင်မာသောလက် ပြည်သူ့ အတွက်
ပြည်သူကို..ရေ..
အာဏာရှင်ကို မီး..
သေသော်ထိ ဒူးမထောက်မဲ့ သားကြီး
အခုမြစ်ကြီးနားထောင်မှာ ရှိတယ်။

အဝေးကြီးက မြစ်ကြီးနားထောင်..
အမေ မရမက ရောက်တောင်
မတွေ့ ရတဲ့ ထောင်ဝင်စာ..
တမင် ပုဏ္ဍားညှင်းညှင်းတဲ့ နအဖ
အမေ စိတ်ပျက်မယ် ထင်သလား..

အာဏာရှင်က ရက်စက်
ဇရာက နှိပ်စက်..
သားမျက်နှာမမြင်ရဘဲ အမေ
ဘ၀တပါးသွားနှင့်တောင်..
ဘာမှ စိတ်မကောင်းနဲ့ သားမောင်..
လွတ်လပ်ပါမှ အမေ့ကို အမျှဝေ..
သားရဲ့ မေမေ ..ဘယ်ဘ၀ရောက်ရောက်
မြန်မာပြည်ကို ဆက်စောင့်ရှောက်မယ်။
သား အားမငယ်
အမေ သားအတွက် ဂုဏ်ယူတယ်။

မသဒ္ဓါ (၃။၂၁။၂၀၀၉)
အာဇာနည် သားများကို..မွေးခဲ့တဲ့အတွက် ကြီးကြီးကျေနပ်မှာပါ။ အစားထိုး မရနို်င်သော ဆုံးရှုံးမှု အတွက်မိသားစုနဲ့ထပ်တူ မသဒ္ဓါမှ နှမျောတသမိပါသည်။ ကြီးကြီးဒေါ်ကြည်ဦးကောင်းရာ သုဂတိလားပါစေ။

အပြည့်အစုံသို့ 

Sunday, March 15, 2009

သံစဉ်ဒါးသွားတို့ နဲ့ .. သီချင်းသည်

ငြိမ်းချမ်းရေးအတွက် ဂီတ
လောကနတ်၏ စည်းနဲ့ ဝါး..
ရန်ဒေါသ အလျှဉ်ကို ဖြေစေခဲ့တဲ့
သံစဉ်ရဲ့ခွန်အားကို.ယုံစားတဲ့ ကျနော်..
ရွှေသံစဉ်ဝိုင်းရဲ့ ဂီတမှုး ကိုဝင်းမော်

မြန်မာ့ တော်လှန်ရေးအဆက်ဆက်..
သံစဉ်ဂီတ ဟာ အသက်ဘဲ
ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်
“နဂါးနီ” ဆိုတဲ့ သီချင်းနဲ့ ကိုလိုနီခေတ်တော်လှန်ရေး..
"တူယှဉ်ကာတိုက်စို့ "သီချင်းနဲ့ 
တွန်းလှန်ခဲ့တဲ့ ဂျပန်တော်လှန်ရေး..
အနူပညာ ဆိုသည်
တော်လှန်ရေးအတွက်
အသုံးဝင်တဲ့ ဒါးသွားမြိမြိ..
ဂီတ ဆိုတာ
တော်ဝင်သော လေးမျှားတစ်လက်ဖြစ်၏။

ရင်နဲ့ အမျှ ခံစား
သုခုမ နဲ့  ဖေါ်ကျူးခဲ့
လွတ်မြောက်ရေးဌက်ရဲ့ တောင်ပန်ရိုက်သံ
ငြိမ်းချမ်းရေးဖွဲ့ ကြူးတေးသံ
သွဲ့ ပြောင်းတဲ့ ဂီတာကြိုးများရဲ့ကြား
နှလုံးသွေးနဲ့ ရေးထား သံစဉ်များရှိတယ်။
သံစဉ်ဖွဲ့ အလင်္ကာများရဲ့အား
ထက်မြက်တဲ့ ခွန်အားရှိတယ်။

တက်ကြွမှု၊ ယုံကြည်မှု၊
လွတ်လပ်မှု ပြည်စုံတဲ့
မြန်မာပြည်သားတို့ ရဲ့ အိပ်မက်ချိုချို
ကျနော်တို့ နေခြည်ကိုကြိုကြစို့ ။

အနူပညာသမား.ရဲ့. ဂီတ
လက်ချောင်းများရဲ့ အားအင်
လေကိုဆန်မဲ့ အသံလှိုင်း..
တောင်တံတိုင်းတွေ ဖောက်မဲ့နရီလှိုင်း
ကမ္ဘာတခွင် တိမ်တွေပေါ်ကပျံသန်း..
ကျနော့ ရဲ့ ရင်တွင်း တေးသံ
ဝေဟင်ထဲမှာ ကျန်ပါစေ။
ခွန်အားရ..တော်လှန်ရေးစကြစေ။

လွတ်မြောက်ရေးရဲ့အနီရောင်ဂီတ.
ဆေးခြယ်သမိတဲ့ အတွက်..
ကျရတဲ့ ထောင်ခုနှစ်နှစ်.
ကျနော် ဘာမှမဖြစ်ပါဖူး။
ကျနော့ သည်းပွတ်၏ဂီတ
ကျနော့ ပြည်သူတွေ အတွက်
လက်ဆောင်မွန်အဖြစ်..ပေးအပ်ခဲ့တယ်။
“ကျွန်တော် အဖမ်းခံခဲ့ရရင်တောင်မှ
စက်တင်ဘာနှစ်ပတ်လည် တစ်ညမှာ
ဒီသီချင်းလေး ပြည်သူတွေကြားခွင့်ရရင်
ကျေနပ်ပါပြီ”။


“သဇင်” ရယ် မောင့်အပေါ်နားလည်လှဲ့ ။
သမီးနဲ့ သားတို့ ရယ်
အဖေရဲ့ အနုပညာအတွက် ဂုဏ်ယူရစ်ပါတော့..
သီချင်းမသေသမျှ..အဖေ မသေ..
မြန်မာပြည် အတွက် အသက်ရှင်နေဆဲ။
မီးကို သတ်မဲ့ ရေ
သံမဏ္ဍိ စိတ်တံခိုးတွေနဲ့ 
ပျော့ပြောင်းတဲ့အနူပညာလက်များ..
ကိုဝင်းမော် သို့ မဟုတ်
ဂီတများ ကို ဖန်ဆင်းသူ။

မသဒ္ဓါ ( ၃။၁၄။၂၀၀၉)
ရွှေသံစဉ်ဂီတမှုး ကိုဝင်းမော် နဲ့ မိသားစု အတွက်..
သီချင်းများ ရှင်သန် နေသ၍ သင် ဆက်လက်ရှင်သန်ဆဲ…

အသေးစိတ် ကိုဝင်းမော် အကြောင်းသိချင်ပါက ဒီလိုပါ
သူ
Posted by ကိုအောင်(ပျူနိုင်ငံ)

“ဘီဘီစီ … ဘီဘီစီကို နားဆင်ပါ
သတင်းတွေ လေလှိုင်းကြားထဲမှာ”
ကျွန်တော်တို့၏ နရသိန် ပရ၀ှဏ်ထဲက လူတိုင်းပါးစပ်ဖျားမှာ
ရေပန်းစားခဲ့သော သီချင်းလေး တစ်ပိုင်းတစ်စ။

၁၉၉၅-ခု အန်တီစုလွတ်လာချိန်မှာ သူတို့အုပ်စုကသီချင်းလေးတစ်ခွေ ဖန်တီးပြီး အမှတ်တရ လက်ဆောင်ပေး ခဲ့ကြ သည်။
ဒီအတွက် အာဏာရှင်စစ်အုပ်စုမှ ချီးမြှင့်သော ဆုလာဒ်က “7 years in Prison” ။ ။

တကယ်တော့ သူသည် အနာဂတ်အတွက် အိမ်မက်လှလှလေးများ မက်ခွင့်ရှိသူ တစ်ဦး။

၉ ပေပတ်လည် အခန်းကျဉ်းလေးထဲက သောကဗျာပါဒများ ကြားမှာပင် သူ၏ ဦးနှောက်မှ လှပသောသံစဉ် လေးများ စိမ့်ယိုလျက်ရှိသည်။
အသားညိုညို၊ အရပ်အမောင်းကောင်းကောင်း။
ယဉ်ကျေးသိမ်မွေ့ပြီး ခင်မင်နှစ်လိုဖွယ်ရာ ဆက်ဆံရေး တစ်ရပ်ကို သူနှင့် ထိတွေ့မိသူတိုင်းနှင့် တည် ဆောက်နိုင်သူ။
လူပျိုပေါက် အရွယ်မှာပင် ဂစ်တာမှော် အောင်ခဲ့သူ။
မြန်မာပြည်၏ ထိပ်တန်းတီးဝိုင်းကြီး ဖြစ်သော The Aces တွင် ဦးဆောင်ဂစ်တာကို တီးခတ်ခွင့်ရခဲ့သူ။
န.အ.ဖ စစ်အုပ်စုကပင် သူ ဂစ်တာမှူးအဖြစ် ဦးဆောင်တည်ထောင်ခဲ့သည့်
“ရွှေသံစဉ်” တေးဂီတ၀ိုင်းကို မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များတွင် နေ့စဉ်လိုလို အသုံးပြုခံခဲ့ရသူ။
တက်ကြွမှု၊ ယုံကြည်မှု၊ လွတ်လပ်မှု၊ အိပ်မက်ချိုချိုလေးများကို သူ၏ Honda Prelude တံခါးနှစ်ပေါက်ကားလေးပေါ်တွင်
သယ်ဆောင်မောင်းနှင်းနေရင်းမှ ……..
ပြည်သူလူထု၏ ဆင်းရဲငတ်မွတ်မှု နေ့စဉ်ဘ၀ ဒုက္ခဝေဒနာများကို လှစ်လျူမရူနိုင်တော့သည့် မေတ္တာတရား ကြောင့် “မြန်မာပြည် ဒီမိုကရေစီရရှိရေး ဘက်တော်သားများ”၏ စုရပ်ထဲမှာ
သူ့ကားလေးကို စက်သတ်လိုက်ပါတော့သည်။

“7 years in Prison”
စစ်အုပ်စု၏လုပ်ရပ်က သူ့ကိုစိုးစဉ်းမျှ တုန်လှုပ်ခြောက်ချားစေနိုင်ခြင်းမရှိခဲ့။
ချယ်ရီအတွက် “ရနံမဲ့ ခရီးရှည်”
အန်တီ့အတွက် “အကယ်၍”
န.အ.ဖ အတွက် “Evil go away”
ပြည်သူလူထုအတွက် …….. သီချင်းလေးများစွာ
အိပ်မက်သစ်တွေအတွက် ….. သီချင်းလေးများစွာ
ရွှေဝါရောင်တော်လှန်ရေးကြီးကို ဂုဏ်ပြုသီဖွဲ့ထားသည့်
“ပြည်သူ့ ဆန္ဒပြည့်ဝပါစေ”
“ကျွန်တော်အဖမ်းခံခဲ့ရရင်တောင်မှ
စက်တင်ဘာနှစ်ပတ်လည် တစ်ညမှာ
ဒီသီချင်းလေး ပြည်သူတွေကြားခွင့်ရရင်
ကျေနပ်ပါပြီ”။ ။
အဖေအိုကြီးနဲ့ အပျိုပေါက်၊ လူပျိုပေါက် ရင်သွေးလေးယောက်
နှလုံးသည်းပွတ် “သဇင်”
သူတို့တွေရဲ့ အနာဂတ်ထက်
အမိမြန်မာပြည်ကြီး၏အနာဂတ်အတွက် သောကတွေပြည့်နေခဲ့တဲ့သူ။

“အလှူတွေကတော့ ချိမ့်ချိမ့်သည်းပဲ … …. … ရေ”
“ဒီတစ်ခါတော့ တွေ့ဆုံဆွေးနွေးရေးဖြစ်တော့မယ် ထင်တယ်”
နေ့မအား ညမနား
ဒီရေလှိုင်းတွေကြားမှာ လိုက်ပါစီးမျောရင်း
ဒီမိုကရေစီလိုလားပါတယ်ဆိုတဲ့ ကမ္ဘာကြီးအတွက်
ဒီမိုကရေစီလိုလားပါတယ်ဆိုတဲ့ အဝေးရောက် ရဲဘော်တွေအတွက်
မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့သဘောထားအစစ်အမှန်တွေ
စစ်အုပ်စုရဲ့ ယုတ်မာရက်စက်တဲ့ သရုပ်မှန်တွေ
စတုတ္ထမဏ္ဍိုင်ကို အားပြုပြီး
အကောင်းဆုံးနဲ့နောက်ဆုံးအခြေအနေတွေကို
စဉ်ဆက်မပြတ်အောင် ခိုင်မာတဲ့ အထောက်အထားတွေနဲ့
တင်ဆက်ပြသပေးခဲ့တဲ့ အဓိကလူ
သူ …. …. ….
သူ့အတွက် ဆုလာဒ်က
“7 years in Prison” နောက်တစ်ခေါက်နဲ့
တောင်ငူကိုပြန်ရောက်ခဲ့ရတာပေါ့။

ယုံကြည်ပါသည်။
သူ့သီချင်းလေးတွေ အမြဲရှင်သန်နေပါမည်။
သူ့စိတ်ဓါတ်တွေ မဖေါက်မပြန်၊ မတိမ်းမစောင်းပဲ
ရှိမြဲရှိနေပါဦးမည်။
သံတိုင်တွေကို ကိုင်ကာငေးရင်း
လှပအေးချမ်းသော
လူအချင်းချင်းနိုပ်စက်ချင်းကင်းဝေးသော
ငတ်မွတ်ကြောင့်ကြခြင်းကင်းသော
ပြုံးရွှင်ချိုမြ၊ အလိုကျသော မျက်နှာများဖြင့်
သွားလာလှုပ်ရှား စည်ကားလျက်ရှိသော
အနာဂတ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ်ကြီးကို မြင်ယောင်လျက်
အပြုံးလျှလျှ နုတ်ခမ်းတွေကြားက
သံစဉ်လှလှ၊ “အလင်္ကာ” ချိုမြမြလေးတွေ
ထာဝရ စီးကျလျက်ရှိနေပါဦးမည်။

ကျွန်တော်တို့ဘက်ကလည်း
ဒီမိုကရေစီလိုလားလှပါတယ်ဆိုတဲ့ ကျွန်တော်တို့ဘက်ကလည်း
သူ့ဘက်လို့ သူယုံကြည်ထားတဲ့ ကျွန်တော်တို့ဘက်ကလည်း
သူ့အတွက်ထိုက်တန်တဲ့ ဆုလာဒ်တစ်ခုကို ၀ိုင်းဝန်းဖန်တီးပေးကြလိမ့်မည်ဟု ယုံကြည်ပါသည်။

အာကာသြရ
(၁၉၆၅- … … … …)
http://pyustate.com/2008/12/blog-post_1453.html

အပြည့်အစုံသို့ 

Friday, March 13, 2009

မလာခဲ့နဲ့တော့ ။ မတွေ့ ချင်ဖူး..



သမီးငယ်..
ဘာမှစိတ်မပူနဲ့ 
အဖေနေကောင်းတယ်.
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။

သမီးငယ်..
ယောက်ျားကောင်းတို့ ဝါဒ
ဒေါင်ကျကျ ပြားကျကျ အဖေနေတတ်တယ်.
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။


သမီးငယ်..
ညည အာနာပါန..တရားထိုင်နေကျ
ကလေးထောင်က တိတ်ဆိတ်တယ်.
အဖေ ပျော်ပါတယ်.
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။

သမီးငယ်..
လောကဓံ ရှစ်ပါး..လူတိုင်းခံစားဖူးတယ်
ချစ်သူနဲ့ ကွဲ မိသားစုနဲ့ ကွဲ..
အဖေခံရ တစ်ယောက်ထဲပေါ့။
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။

သမီးခမျာတကဲ့ ဒုက္ခခံ
အဖေ့မျက်နှာ ၁၅ မိနစ်တွေ့ ရန်
ရေတတန် ကုန်းတတန်..
ရန်ကုန်ကနေ ကလေးဆီအထိဆန်လာရသတဲ့
သမီးတယောက်ထဲ ခန္တီးကအပြန်..
အဖေ စိတ်မချဖူး
လာတွေ့ ရန်မလိုတော့ဖူး..
ပြောနေတာ နားထောင်ကြားလား
နောက်မလာခဲ့နဲ့

အဖေ့ရဲ့ ယုံကြည်ချက်
အမှန်တရားရဲ့ သက်သေ အတွက်
ထောင်နှုတ်ခမ်းပေါ်လျှောက်..
တသက်တစ်ကျွန်း ထောင်ကျရောက်တောင်
အဖေ မကြောက်ပါဖူး။

ပါရမီဖြည့်တဲ့ သမီး..
ဘယ်ထောင်ရောက်ရောက်
လာလာအားပေးတဲ့သမီး..
အဖေ သာဓုခေါ်ချီးမွမ်းတယ်။
အဖေ ဘယ်ရောက်ရောက်..
ဘာစားစား..အကျင့်ပါနေပြီ..
စားလို့ ဝင်ပါသည်။
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။

အဖေ တို့ မတော်လှန်..
အဖေတို့ အမှားကို မပြင်ပြန်ရင်..
နောင် လာမဲ့မျိုးဆက်..
မြေးမြစ်တွေ
စစ်ကျွန် ငွေတွင်းနက်
ထောင်တွင်းမှာ အသက်ဆက်.
ပညာရေးပျက် ကျမ်းမာရေး ပျက်
ဘာအနာဂတ်မှ နေရောင် မထွက်တော့ဖူး.
မှောင်မဲမဲ လူရုပ်ပီမယ် မဟုတ်တော့ဖူး

ရင်းရမဲ့ ဘဝ
ကျရမဲ့ သွေး..စီးရမဲ့ မျက်ရည်..
အဖေ တစ်ယောက် အနာဘဲခံပါရစေ။
သမီးရယ် နားလည်တတ်ပါစေ။

တကိုယ်တော်ထဲကြဲ
ဘာပါတီမှ နောက်ခံမရှိ..
အင်အားရှိရှိမရှိရှိ..
အဖေ မသိဖူး..
အမှန်တရားရဲ့ လက်နက်ဘဲ အဖေ့ မှာရှိတယ်..
အုတ်တစ်ချပ် သဲကလေးတစ်ပွင့်
အဖေ့ ရာဇ၀င် အဖေ ရေးခဲ့တယ်.။

သမီးရယ် မလာခဲ့ပါနဲ့တော့
သေတစ်နေ့ မွေးတစ်နေ့ .
အဓမ္မတရားကို
အမှန်တရား နဲ့ စစ်ထိုးရဲတဲ့ အဖေ
ဒူးထောက်ပြီး အုန်းသန်း အသက်မရှင်ချင်ဖူး..
လက်မြှောက်ပြီး အုန်းသန်း မနေချင်ဖူး
ခေါင်းမော့ ရင်ကော့ပြီး..သေချင်သေ..
အမှန်တရားနဲ့နေမဲ့ သမီးရဲ့ အဖေ
နာမည်ဆိုးနဲ့ အသက်ရာကျော်မနေ.
နာမည်ကောင်းနဲ့  ဘဲသေပါရစေ။

မသဒ္ဓါ (၃။ ၁၁။၂၀၀၉)
ဘဘ ဦးအုန်းသန်း (သစ်တောဝန်ထောက်ပောာင်း) နှင့် ပါရမီဖြည့်ပေးသော သူ၏ မိသားစု။ ဘယ်ထောင်ရောက်ရောက် လိုက်ပါကူညီ အားပေးသော သမီးငယ် မအိအိမွန် အားဂုဏ်ပြုပါသည်။

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */