Thursday, January 29, 2009

အဖေတူသား..


ဖေဖေ..
“ဌက်ကလေးတွေက ဘာကြောင့် ဖိနပ်မစီးသလည်း”
မောင်လူမွှေး က မောင်လူအေးကို မေးဖူးတယ်။

ဖေဖေ
“ကြယ်တွေမှာ..နာမည်ရှိသလားဖေဖေ” တဲ့။
ကျနော် လမင်းဝေး က ဖေဖေ ဦးအောင်ဝေး ကို မေးတယ်။

မှိန်တုတ်တုတ်ကြယ်တွေ က စကားမပြောကြပါဖူး။
အမှောင်ကိုခွင်း အလင်းဘဲပြတယ်။

အလင်းကို မဖလှယ်ဘဲ
စကားဘဲ ပြောတတ်တဲ့ ကြယ်..
တကဲ့ ကြယ်စင် အစစ်မဟုတ်ပါဖူး။
အပြောသန်သူ..အဆန်မပြည့်တတ်ဖူး။
တော်လှန်ရေး သံစဉ်ဆိုတာ မညိမ့်ညောင်းပါဖူး။
ခွပ်ဒေါင်းဆိုတာ သေသွားထိတိုင်
အတောင် မညောင်းတတ်ပါဖူး။

အဖေက...ကဗျာဆရာ..
အမေ့  အိမ် မှာ ထမင်း နပ်မမှန်ပါဖူး။
အမေ ကဗျာဆရာ ကတော်..
ဆရာစော ကတော် လောက်မပြောင်ပါဖူး။
ကဗျာ ဆရာသား ကျနော်..
လူမွဲသား ကျောင်းမှာ အဖက်မလုပ်ချင်ကြဖူး။

သာသနာ့  အရေး ထိတဲ့အခါ..
နှလုံးသားနဲ့  ရင်းရေးရတဲ့ ကဗျာဆရာ
မနေသာ.. ကပြာကယာ
အဖေက လွယ်အိပ်လွယ်..
“ငါ.. ဘုန်းကြီးတန်းနောက် လိုက်တော့မယ်။
နိုင်ငံရေးသမား မယား ဆိုတာ..
မင်း ကြည့်သာ ရှာဖွေစား..မခင်ဦးစပါယ်။
သားရေ..အဖေ ခဏ အပြင်သွားမယ်။။
သိပ်မကြာဖူး ပြန်လာမယ်”

အဲဒီနေ့ က နောက်ဆုံးဘဲ..
အဖေ့ မျက်နှာမြင်လိုက်ရတယ်။..

ညညမှာ..ကျနော်
ကောင်းကင်ကို မော့ကြည့်တဲ့အခါ…
အဖေရယ်..ဘယ်မှာလည်း
မိသားစုနဲ့ အဝေး.. ဘယ်ရောက်နေတာပါလည်း။

ထမ်းပိုးမဲ့ .အဖေ့ ပုခုံးတွေပေါ်.
ကျနော် အပြစ်စင်စွာ ရယ်မောချင်သေးတယ်။
မြစ်ကမ်းနဖူးက လေပြေအေးတဲ့ အခါ..
အဖေရင်ခွင်ကြားတိုးခွေ့ 
ပုံပြင်တွေ ကြားချင်သေးတယ်။

အဖေပြောတဲ့ ကျနော့နံမည်နဲ့  ကြယ်။။
ကောင်းကင် တနေရာမှာ ရှိချင်ရှိမယ်။
ကြယ် ဘ၀ လျှဉ်းလျှဉ်း မရောက်သေးတဲ့ ကြယ်..
တနေ့ တော့ ထွန်းပပါလိမ့် မယ်။

ကောင်းကင်ပေါ် မှုန်စစ..
ယခု ထွန်းပနေတဲ့ ကြယ်..
ဒါ...အဖေ့ နံမည်နဲ့ ကြယ်..
အဖေက မပြောပေတဲ့..
ကျနော် တွေ့ တယ်…

ကြယ်တွေ က သမိုင်းကိုရေးတယ်။
အားအင်အပြည့်နဲ့ .ရောင်ခြည်အသွေး.
အောင်ဝေးဆိုတဲ့  နာမည်နဲ့ ကြယ်
ကောင်းကင်ယံမှာ လင်းလက်နေတယ်။.

အဝေးရောက်နေလည်း.
အဖေ့  အတွက် တမ်းတ ဂုဏ်ယူဆဲ..
ကျနော့ လက်ထက် လည်း .ဆက်ကြိုးစားမယ်။
ကျနော်ဟာလည်း အဖေတူသား
တနေ့ မှာ ထွန်းလင်းပမဲ့  ဇာနည်ကြယ်။

မသဒ္ဓါ ( ၁။ ၂၈။ ၂၀၀၈)

တူကလေး..လမင်းဝေးသို့ ..

သေရိုးမရှိ.တဲ့ မျိုးချစ် အာဇာနည်...
သမိုင်းဆီ ပန္နက်ရေးထိုး..
အဖေတူ.အဖတူ မျိုးရိုး.
တိမ်ဖုံးသော်လည်း..
တောက်ပမဲ့ ကြယ်..
အမှောင်မှာ...လင်းလက်နေပါတယ်။

အပြည့်အစုံသို့ 

Wednesday, January 14, 2009

မိတ်ဆွေကောင်းဆိုသည်မှာ


မိတ်ဆွေ သူငယ်ချင်း ဆိုသည်..
စည်း ကလနားတွေ မရှိဖူး..
အသက်အရွယ် မလိုဖူး.
အသားအရောင်တွေ မလိုဖူး
ကိုးကွယ်ရာ သာသာ အရေးမကြီးဖူး
စည်းစိမ်ပကာသန ရွေးချယ်မှူမရှိဖူး..
ပညာ အရည်အချင်းတန်းညှိခြင်းမရှိဖူး
လူတိရိစ္ဆာန် အမျိုးမခွဲခြားဖူး။

ခန္ဓာချိုတဲ့ ၊ စိတ်ဘဲ နုံနဲ့ 
ခြေထောက် ပါပါ မပါပါ..
မျက်စိပါပါ မပါပါ..
အသဲနှလုံးနဲ့ ထိတွေ့ တဲ့အကြင်နာ..
နားလည်မှု။ စာနာမှု
မေတ္တာကိုသာ ဗဟိုပြုတယ်။

တကဲ့စစ်မှန်တဲ့ သူငယ်ချင်းဘဝ
စာနာတတ်သော စေတနာ
စင်္ကာပူသားနှစ်ဦး ဆန္ဒပြပွဲက
သက်သေပြုတယ်။

တရားဥပဒေ မမျှတ
မြေနိုမ့်ရာ လှံစိုက်ခံရတဲ့..
ပြည်နှင်ဒဏ်ခံရ..
လူသတ်ကွင်းဆီ ပြန်ကြရမဲ့
မြန်မာ သူငယ်ချင်း နှစ်ဦးအတွက်.

စတေးခံရဲ တဲ့
Seelan Palay နှင့် Chong Kai Xiong
လူသိရှင်ကြား ဆန္ဒပြရဲ..
ဖမ်းချင် လည်း ဖမ်းပစေ
အသေးအဖွဲ လေးဘဲဖြစ်ဖြစ်..
ဘာကလေးဘဲ ဖြစ်ဖြစ်
ကူညီပါဝင် လုပ်ပေးရပါစေ။
ကယ်တင်ချင်တယ် သူငယ်ချင်းရဲ့အသက်
လုပ်နိုင်သမျှ အားလေးတွေ စုခြစ်
တရားသောအရာကို လှန့် နိုးခဲ့တဲ့ အဖြစ်.
ရာဇ၀င် တွင်ကျန်ရစ်ပါတယ်။

လေးစားပါသည်။
မွန်မြတ်သော သူငယ်ချင်းနှစ်ဦး..
လူမျိုးမတူ..ဘာသာမတူ..
အသွင်ပြင်မတူ..
တူညီသောနှလုံးသား
မြင်မရတဲ့ သံယောဇဉ်ကြိုးများ
စစ်မှန်သော သူငယ်ချင်းရဲ့တန်ဖိုး
အဆိုးတွေ ရောက်ခါမှ
သိခဲ့ရပြီ။

မိတ်ဆွေစစ် ဆိုသည်မှာ..
တသွေး တသားထဲ
အမှောင်လမ်း၌ အတူမကွဲကွာ
ကန္တာလမ်း၌ လက်ကမ်းရဲသူသာ။


မသဒ္ဓါ။ (၁။၁၃။၂၀၀၉)
ဂုဏ်ယူလေးစားပါသည်။
ဖြူစင်သော မိတ်ဆွေကောင်းတို့ ၏ ဂုဏ်ရည်.

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=592:2009-01-13-12-25-35&catid=1:news&Itemid=2

အပြည့်အစုံသို့ 

Monday, January 12, 2009

တရားခံ ဘယ်သူလည်းဟေ့


ခါနွေဆန်းစ
ဥသြတွန်သံလေးကြားရတဲ့ အခါ..
မေ့ မရ အညာကိုလွမ်းတယ်။

တံလျှပ်ခိုးဝေ
ထန်းညို့ တန်းတွေ.
မကျည်းပင်ရွက်ကြွေ
ဖုံလှိုင်းလုံးထ
နွေလေပွေ အစ..
ကျမ ချစ်တဲ့အညာ…
အရင်က လိုပါဘဲလား..

လွန်ခဲ့တဲ့ ၂၅ နှစ်..
မြန်မာနိုင်ငံစာတတ်မြောက်ရေး..
အရေးအဖတ် အတွက်ဆိုတဲ့ အ သုံးလုံး
ကျောက်သင်ပုန်းမရှိ.
ထမင်းစားပွဲခုံ ထောင်ပြီးရေးရသည့်
ဝ ထ က လ သ.
အမေစိန် ကို မသဒ္ဓါ စာသင်ပေးခဲ့တာ..
တွေးမိရင်
မနေ့ တစ်နေ့ ကလိုပါဘဲ။

မသဒ္ဓါတို့ ခေတ်
အမေစိန် စာဖတ်ဖြစ်ခဲ့ပေမဲ့.
အမေစိန့်  မြေးကလေး "နုထွေး"
သေစာ ရှင်စာလေးမှ မတတ်..
ရှိသောလယ်ပွဲ..စစ်တပ်ကသိမ်းဆည်း
ယာမြေ လည်းပြုတ်
ထန်းတောလည်း မီးလောင်ငုတ်
လုပ်စားရန် အလုပ်ရှား
ပညာမရှိ နုံအ တောသား
လူပွဲစား က မစ တဲ့ အခါ
ထိုင်းနို်င်ငံက နိုက်ကလပ်ထဲ..
လုံးတီးကိုယ်ချွတ် တိုင်ပတ်ကခုန်ဆဲ။
အမျိုးစောင့်ရှောက်တာ မြန်မာ တဲ့ နအဖ ညာဖြီးဆဲ
ယုံကြမလား…ပုံကြမလား..

အော်
နအဖ လက်ထက်
တိုးတက်ပါတယ်ဆိုတဲ့ မြန်မာ..
မဆလ ခေတ်ထက် ဆယ်ဆသာပေါ့.
တပြည်လုံးလည်း ဖာ..
တိုးတက်နေဆဲ AIDS ရောဂါ..
ဘယ်သူလည်း…
လက်သည် ဘယ်မလဲရှာပါ။

မသဒ္ဓါ (၁။၁၁။၂၀၀၉)

အပြည့်အစုံသို့ 

ဖောက်ထွက်မှုသည် ထွက်ပေါက်ဆီသို့ 


ပိန်းပိတ်မှောင်တဲ့ လှိုဏ်ဂူတွင်း
ထောင်ချောက်လို ပိတ်မိနေတဲ့ ဒို့ လူသားတွေ
ဒီိအတိုင်းဘဲ ငူတူတူ ထိုင်နေမလား..
ဝိဝါဒကွဲ..ရန်ဖြစ်ချည်းဘဲမနေနဲ့ 

ကြိုးစား ကြိုးစား..
ဆင်ခြင် စဉ်းစားကြ။
ဘယ်လို ဆုံးဖြတ်ကြမလဲ။
ဘာတွေ ဆက်လုပ်ကြမလဲ။

ကျောက်တုံး နှစ်လုံးကိုခတ်..
ထင်းချောင်းကလေးတွေထပ်
အရင်ဆုံး မီးမွေးတတ်ရမယ်။

မှောင်ထဲကအလင်း.
ဒုတိ. အဆင့်က ရေရှာခြင်း
ဂူခေါင်မိုးက စမ်းကျနေတဲ့ ကျောက်စက်ရေ..
ဒါ ဒုတိယ ခြေလှမ်းလေ။

မီးနဲ့ ရေရ..အစာရှာရမယ်.
လှိုင်ကျောထဲခိုနေတဲ့ယုန်ဒရယ်
စားနပ်ရိက္ခာ ရမယ်။

လွတ်လပ်ခြင်းရဲ့ အရသာ
အဖုံးပိတ်ထားတဲ့အခါ မှအလိုလိုသိ
နေရောင်၏ နွေးထွေးတဲ့အထိ
အေးစက်အမှောင်ထဲမှ တန်ဖိုးရှိ
အမှောင်ထဲ တသက်လုံးမနေနိုင်ဖူး။
မွန်းကြပ်စွာ တသက်လုံးမနေနိုင်ဖူး။

ထွက်ပေါက် ရှိအောင် ရှာဖွေ..
လုံ့ လထုတ်မနားမနေ။
မဆုတ်မနစ် ကြိုးစားချင်းသည်သာ
ယောက်ျားကောင်းတို့ ၏ ဂုဏ်ကျက်သရေ။

ထွက်ပေါက်က မရေရာ.
အကြိမ်ခါခါ ကြိုးပမ်း
ဒို့ တတွေ ပင်ပန်းပြီ။
လွန်ခဲ့တဲ့ ၄၆ နှစ်.
သင်ခန်းစာလည်းကျန်ရစ်ခဲ့ပြီ။

ကဲ
ထွက်ပေါက် မရှိရင်…
နောက်ဆုံးရဲ့ လက်နက်..
ဖောက်ထွက်ဖို့ ဘဲပြင်
ဘုရင့်နောင်ရဲ့ ဖောင်တွေဖျက်..
နောင်ရိုးအောင်ပွဲက..သက်သေပြလျှက်.
ကိုယ်လွတ်လပ်ချင်…ကိုယ်တိုင်ဝင်ရုန်း…
အားလုံး ပျံချီမ မှ
လွတ်လပ်ကြမဲ့ ဒီပိုက်ကွန်များ..
ချီမကြစမ်း ဒေါင်းအပေါင်းတို့ 
ပျံသန်းကြစမ်း ဒေါင်းအပေါင်းတို့ 

အလုံပိတ် ထွက်ပေါက်မဲ့တဲ့ လှိုဏ်ဂူအခန်း
ထွက်ပေါက်ဖြစ်လာမဲ့ ဖောက်ထွက်တဲ့လမ်း..
လွတ်လပ်ရေးအတွက် ဒို့ ကြိုးပမ်း။
မနှေးဧကံ အောင်ရမည်။
စည်းလုံးညီညာ အောင်ပွဲချီ

မသဒ္ဓါ (၁။၁၁။၂၀၀၉)

ဘဘဦးဝင်းတင်၏ တန်ဖိုးမဖြတ်နိုင်သောအဆို အမိန့် အားကိုးကားပါသည်။

လူငယ်တွေအနေနဲ့ အနာဂတ်ကို ရင်ဆိုင်တဲ့အခါ ထွက်ပေါက်ထက် ပိုပြီးအရေးကြီးတာက ဖောက်ထွက်ဖို့ ပဲဖြစ်ပါတယ်။ ဖောက်ထွက်ဖို့ကို စဉ်းစားကြပါ။ ဖောက်ကိုထွက်ရမယ့် အနာဂတ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ အမြဲတမ်း ထွက်ပေါက်ကို ချည်း စဉ်းစားမနေဘဲ ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။...
အဘဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲချုပ်)

အပြည့်အစုံသို့ 

Thursday, January 8, 2009

မင်္ဂလာဆုတောင်း..နှစ် ၁၀၀ ပေါင်းဖို့ 

မြန်မာ့ ရိုးရာဓလေ့ မင်္ဂလာ
ထိမ်းမြားတဲ့ အရာ..
စာချုပ်တွေ မလိုဖူး။
တရားသူကြီးပါမှ မဟုတ်ဖူး။
တရားရုံးတော် တံဆိပ်မလိုပါဖူး။

ရှေု့အိမ်..နောက်အိမ် ခုနှစ်အိမ်
မြင်ရုံနဲ့ ..
နှစ်ဘက်သော မိဘအစုံနဲ့ 
ပုဆိုးတန်းတင်လိုက်ရုံ
အကြင်လင်မယား အရာမြောက်..
ကြင်စုံဖက် ဘ၀ရောက်တယ်။

မသဒ္ဓါတို့  အဖိုး..
အဖွားကို ခိုးတာ
စာချူပ် မပါ။ ဘာမပါ
လှူတံတိုင်းနံရံမှာ
အဖွားအမည် ကဗျည်းထိုးကျန်ရစ်
သူမဟာ အဖိုးရဲ့ ဇနီး
နံမည်ကျော် ကျောင်းအမကြီးအဖြစ်

အရေးကြီးတာက သစ္စာ.
တူတူ တအိပ်ယာထဲအိပ်မှမဟုတ်။
စာချုပ်စာတမ်း..ထိမ်းမြားမှမဟုတ်။

အချစ်မပါ။ အနှစ်မပါ
ဟန်ပြ ရွှေမှုန်ကြဲ အိမ်ထောင်များ
လင်နဲ့ မယား
တအိပ်ယာထဲအိပ်သော်ငြား..
အသဲနှလုံးများ တစစီဝေး..
ဒါ တရားဝင်တဲ့ တရားမ၀င်အိမ်ထောင်ရေး

မောင်ငယ် ကိုခင်မောင်ဝင်း နဲ့
မပန်းဖြူ ချစ်ညီမလေး
အဆင်မပြေတဲ့
မင်္ဂလာဦးညကစ
တမြို့ နဲ့တနယ်
တအိပ်ယာစီဝေးချင်ဝေးမယ်..
ပြည့်ဝတဲ့ နှလုံးသားရဲ့ အချစ်
နီးစပ်နေတာ ညီမလေးတို့ ရဲ့ ဂန္ဓ၀င်အချစ်..
မှတ်တမ်း သမိုင်းတွင်ရစ်ပါတယ်။
ဝမ်းမြောက်ပါ ညီမငယ်။

တရားရုံး အပေါက်ဝ
တရားရုံးမှ ခွင့်မပြုတဲ့
အညတြ မင်္ဂလာပွဲကလေးက
မြန်မာ့လူထု အမြင်မှာ
တရားဝင် နေဆဲ
" ဒီလင်နဲ့ ဒီမယား ကျမ်းမာ ရွှင်ပျော်
အိုအောင် မင်းအောင် ပေါင်းကြရစေသောဝ်"


မသဒ္ဓါ ( ၁။၇။၂၀၀၉)

မောင်ငယ်နဲ့ ညီမငယ်
အချစ်ကိုယုံကြည်ပါ.
သစ္စာဟာ အိမ်ထောင် ရဲ့ လက်နက်..
(၁၀) နှစ်ဆိုတာ မကြာပါ
မနက်ဖြန်ရဲ့ မနက်..
ဖြစ်ရပ်မှန်သတင်းမှာ.

နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်း ဒုက္ခသည်များကို အကူအညီပေးနေရင်း ဖမ်းဆီးခံခဲ့ရသူ တောင်ဒဂုံ မြို့သား တဦးကို ယမန်နေ့က ဒဂုံတောင်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁၀ ချမှတ်လိုက်သည်။

တောင်ဒဂုံတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုခင်မောင်ဝင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က တရား မ၀င် အသင်းအဖွဲ့ ဖွဲ့စည်းခြင်း နှင့် နယ်စပ် ဖြတ်ကျော်မှုတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချလိုက် ခြင်း ဖြစ်သည်။

"ကိုခင်မောင်ဝင်းကို အသင်းအဖွဲ့ပုဒ်မ ၅ နှစ်နဲ့ လ၀က (လူဝင်မှုကြီးကြပ်ရေး) ပုဒ်မနဲ့ ၅ နှစ်၊ ပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ချ လိုက်တယ်" ဟု အဆိုပါ အမှုနှင့် နီးစပ်သူ ရန်ကုန်မှ ရှေ့နေ ကိုညီညီလှိုင်က မဇ္ဈိမကို ပြောသည်။

တရားရုံးမှ အင်းစိန်ထောင်သို့ ပြန်ခေါ်သွားရန် ထောင်ကားပေါ်သို့ တက်သည့်အခါ ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးသားခဲ့သည့် 'ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံစိုက်မယ်' ဟူသည့် ကဗျာကို အော်ဟစ် ရွတ်ဆိုသွားခဲ့သည်ဟု မျက်မြင်များက ပြောပြကြသည်။

ကိုခင်မောင်ဝင်းသည် စစ်အစိုးရကို ဆန့်ကျင်သည့် အဖွဲ့တခုဖြစ်သော မျိုးဆက်သစ် လှုပ်ရှားမှုအဖွဲ့ဝင်ဖြစ်ပြီး ပြီး ခဲ့သည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့က လေဘေးဒုက္ခသည်များအား ကူညီနေစဉ် ဖမ်းဆီးခဲ့ရသည်။ မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် တသိန်းလေး သောင်း နီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံး ဖြစ်ခဲ့ရသည်။

ကိုခင်မောင်ဝင်းသည် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့၍ မြန်မာ နိုင်ငံတွင်းသို့ နယ်စပ်မှတဆင့် ဖြတ်ကျော် ၀င်ရောက်ခဲ့သည်။

ကိုညီညီလှိုင်က "ပြောရမယ်ဆိုရင်ပတ်စ်ပို့ ပျောက်သွားတဲ့လူ တော်တော်များများကအောက်လမ်းကနေ ပြန်ဝင် လာတာပဲ။ ကိုခင်မောင်ဝင်းကျတော့ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့အတွက် ဖြစ်တယ်" ဟု ပြောသည်။

တရားမျှတရေးအတွက် မျိုးဆက်သစ် လှုပ်ရှားမှုအဖွဲ့ကို ၂၀၀၈ ခုနှစ် မတ်လအတွင်းက ရန်ကုန်ရှိ လူငယ်အချို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး အနီရောင်ကင်ပိန်း၊ ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ထည့်ဝင်ရေး NO လှုပ်ရှားမှု တို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုလို ပြစ်ဒဏ် စီရင်ချက် ချသည့်နေ့မှာပင် အင်းစိန်ထောင်ဗူးဝ၌ နှစ်ဖက်မိဘများရှေ့မှောက်တွင်တောင်ဒဂုံ မြို့သူ အသက် ၂၉ နှစ်အရွယ် မပန်းဖြူဖြူပွင့်နှင့် လက်မှတ်ရေးထိုးကာ လက်ထပ်ခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/2225-2009-01-06-13-19-27.html

အပြည့်အစုံသို့ 

Wednesday, January 7, 2009

ရိုသေထိုက်သူသာ အလေးပြုပါမည်။


ကလေးဘဝ ကျနော်
အဖေပြောတဲ့ ညအိပ်ရာဝင်ပုံပြင်
ရဲဘော်သုံးကျိပ်ရဲ့ ဂျပန် ခရီးစဉ်
စွန့် စားဝံ့စား တော်လှန်ရေးသားကောင်းများ
အသဲထဲထိ ရင်းနှီူးရတဲ့ အာဇာနည်ဘွား။
ကျနော် ဗိုလ်ချုပ်ကို လေးစားတယ်။

ကျောင်းတက်တိုင်း
ကျောင်းမှာအလေးပြု
အလံတိုင်ရှေ့ က မြန်မာ့အလံ
ကျောင်းအုပ်ဆရာကြီးတိုင်တဲ့ အသံ
“ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ ကျဆုံးလေသော
အာဇာနည်ခေါင်းဆောင်ကြီးများ အား အလေးပြု”

ဦးညွှတ် ဂါရ၀ ပြု
“ နေမြဲ ” အသံ မကြားမချင်း မလှုပ်ရဲ
ရိုသေစွာ အလေးပြုရမြဲ
ကျုပ်ရဲ့ ကျောင်းသားရက်များ..
အခုတော့ အိမ်မက်တွေ အလား..
ကျုပ်တပည့်မြေးများက
မယုံဖူးဆိုတာ အပြစ်ဆိုရမလား။

၁၉၉၃ ခုနှစ်က ကေအဲန်ယူအဖွဲ့တွေ
မြစ်ဝကျွန်းပေါ်ကို ၀င်တိုက်တဲ့အချိန်
၃ ရက်ကြာ အချုပ်ကျ
၃ နှစ်ကြာ ခံဝန်အကျယ်ချုပ်နဲ့ ဘဝ
ကျုပ် နေခဲ့ရဖူးပါတယ်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့
ငယ်ဘ၀က လို ဗိုလ်ချုပ် ရဲ့ မွေးနေ့မို့ 
ကလေးတွေနဲ့အတူ သီချင်းဆို။
ကျုပ် တပည့်တွေ နဲ့ 
လွတ်လပ်ရေးကျောက်တိုင်မှာ အလေးပြု
ဒါ ရာဇ၀တ်မှုတဲ့။
အပြစ်ရှာ ၃ နှစ် ထောင်ချထား
ဗိုလ်ချုပ်ကို လေးစားတဲ့အမှုတဲ့ ဗျာ။

၂၀၀၈ ၊ မေလ ၂၇ ရက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဘက်ကို
လမ်းလျှောက်ချီတက်မှုကြောင့် တစ်ကြိမ်။
၂၀၀၈ ဇူလိုင်လ ၁၈ ရက်
အာဇာနည်နေ့ မရောက်ခင်က တကြိမ်၊
၈-၈-၂၀၀၈ ရှစ်လေးလုံးနှစ်ပတ်လည်
အလံထူ၍ စက်ဘီးစီးလို့ တကြိမ်
၂၀၀၈ အမျိုးသားနေ့ မှာ
အချုပ်ခန်းတွင် ထိန်းသိမ်းခဲ့တာတစ်ကြိမ်။
မရေနိုင်တဲ့ ဖမ်းဆီးမှူများ အခါခါနဲ့ အကြိမ်ကြိမ်။

'NO' နိုးအင်္ကျီ ၀တ်ဆင်မှု
မဲရုံ မှာ မဲလိမ်လည်မှုကို ကန့်ကွက်မှု
ဘာမှု ညာမှု။ အမြင်ကပ်တဲ့ အမှုများ
ယားတောင် တုတ်တုတ်မျှ မလှုပ်နဲ့ 
ခြေချုပ်နဲ့ တစ်နှစ်တိတိနေတဲ့။

ပုဇော်ထိုက်သူတွေ ပူဇော်
ရိုသေထိုက်သူတွေ ရိုသေ
အာဇာနည်တွေ ကျုပ်လေးစား..
စွပ်စွဲနေ ကျုပ်ကို ရူးများနေသတဲ့..
အော် သနားမိပါဘိ
စစ်ဗိုလ်များရဲ့ ရှေ့ ရေး။

၆၁ ကြိမ် မြောက်ပြီတဲ့ လွတ်လပ်ရေး
ရယ်စရာတွေ သိပ်မပြောကြပါနဲ့ 
ကျုပ်လက်တွေ မှာ နှောင်ကြိုးတွေ ရှိနေဆဲ
ကျုပ်ခြေထောက်များ သံခြေကျင်းတွေ ရှိနေဆဲ
ကျုပ်ဘယ်သွားသွား.မျက်လုံးတွေက ကြည့်နေဆဲ။
ကင်မရာတွေ ချောင်းရိုက်ဆဲ
ကြံဖွတ်တွေ အိမ်ပြင်က ရှောက်ပြန်သံပေးဆဲ။

ထိုင်ရင် ထိုင်ပြန်ပြီ
ထရင် ထပြန်ပြီ။
စက်ဘီး စီးစီးပြန်ပြီ။
အလေးပြုရင် ပြုပြန်ပြီ
သီချင်းဆို ဆိုပြန်ပြီ။
လမ်းလျှောက်လည်းလျှောက်ပြန်ပြီ။
ကလေးတွေ စာသင် သင်ပြန်ပြီ
အလံထူ ထူပြန်ပြီ။
ဘယ်မလဲလွတ်လပ်ရေး..
ဘယ်မလဲ မျှတရေး..
ဘယ်မလဲ တရားဥပဒေ
ရေးရေးလေးတောင် ထင်မနေ။

ကျုပ်တို့  မြန်မာပြည်သား
လှောင်ချိုင့်ထဲက ဌက်များ
ပုလိုင်းထဲက ငါးများ
ပတ်ကြားအက်ထဲကဖားများ
နွံနစ်နေသော နွားများ
ခြောက်သွေ့ ငတ်မွတ် ကန္ထာရသား
ဆူးကြားထဲက ဘူးသီး.
ကျုပ်တို့ ဘဝ လွတ်လပ်ရေးနဲ့ မနီး။
အဝေးကြီးကွာခြားတယ်။
ဗိုလ်ချုပ်အသက်ပေးခဲ့တဲ့
မြန်မာ့လွတ်လပ်ရေး..
နအဖ လက်ထဲကျမှ..
အာဏာရှင် အုပ်စိုးရေးတဖြစ်လဲတယ်။

ဒီမှာ ကျုပ်ကို ကြည့်
ကျုပ်က ကလေးတွေ စာပြဆရာ ဦးအောင်ဖေ။
ကျုပ်ကလေးတွေ ကို အလိမ်တွေ မသင်ဖူး။
လျှာမြက်ပေါက်ပစေ။ ဖားတာတွေ မဆိုဖူး

ဥစ္စာရင်လို ဥစ္စာရင်ခဲ။
တိုက်ရဲမှ ရမယ်။
တူတူ တွန်းမှသာ ရွေ့ မယ်။
လင်းလက်မဲ့ လွတ်လပ်ရေးရင်ပြင်..
သွေးသစ်ဆင်လော့
နိုးထလော့

မသဒ္ဓါ (၁။ ၆။၂၀၀၉)

ရန်ကုန်တိုင်း တွံတွေးမြို့တွင် ကျူရှင်ဆရာဦးအောင်ဖေ၏ မျိုးချစ်စိတ်နှင့် သတ္တိအားလေးစားစွာဂုဏ်ပြုပါသည်။ ဆရာ..ကျန်းမာပါစေ။ ဗိုလ်ချုပ်သီချင်းသံများ ကလေးများရဲ ရယ်မောသံများ။ ကျောင်းခေါင်းလောင်းသံများ တနေ့ မှာ လေ၌ တဖန်ပြန်လွင့်ပျံစေရပါစေ့မည် ဆရာ။

အပြည့်အစုံသို့ 

Monday, January 5, 2009

အညှိတက်နေသော ရွှေရည်စိမ် လွတ်လပ်ရေး


ဇန္နဝါရီလ ၄ ရက် ၁၉၄၈
လင်းအာရုံတက် မနက်
လွတ်လပ်ခဲ့ပါသည်..
ဂျပန် လက်ဆီမှ..
ဗြိတိသျှ ကိုလိုနီမှ..

ကျမ အဖိုး..
အစောကြီးအိပ်ရာထ..
အိမ်အရှေ့ ဖက်ဆီမှ..
မြန်မာ့ အလံ လေတလူလူလွင့်..
လွတ်လပ်ခဲ့ပြီ မျှော်လင့်။

ကျမ အဖေလက်ထက်..
သူဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ
ပြာပုံကျ ချိန်မှာ..
သိလိုက်တယ်။
မြန်မာပြည်ရခဲ့ တာ..
ရွှေရည်စိမ် လွတ်လပ်ရေးသာရယ်

အလောင်းဘဝ အိမ်ပြန်လာတဲ့ ဦးသန့် ..
သေနေတာတောင် ဦးနေ၀င်းကလန့် .
ကျောင်းသားမှန်..မှန်အောင်သာပစ်
စစ်တပ်ဆိုတာ..မိုးပေါ်ထောင်မပစ်
အကိုကြီးတွေက လှန့် ခဲ့တဲ့ တပ်
၈၈၈၈ အရေးတော်ပုံ အောင်မြင်မှုတစ်ရပ်။

ကျမ ရဲ့ သက်တမ်း ၄၀ ကျော်..
ကိုလိုနီခေတ်မှာကံကောင်း လို့ လူမဖြစ်..
မဆလ..နအဖ လက်ထက် ကံဆိုးပြီးလူဖြစ်တယ်။
ခုထိတိုင် အမှောင်ထုထဲ မြန်မာပြည်မျက်နှာငယ်။

ကျွန်ခေတ်ထက်ဆိုးတဲ့ အဓမ္မ လုပ်အားပေး
ကျွန်ခေတ်ထက်ဆိုးတဲ့ ရွှေ့ ပြောင်းဒုက္ခသည်.
ကျွန်ခေတ်ထက်ဆိုးတဲ့ လိင်ညှင်းပမ်းခံ လူသားများ
ကျွန်ခေတ်ထက်ဆိုးတဲ့ မြန်မာ့ သတင်းမီဒီယာ
ကျွန်ခေတ်ထက်ဆိုးတဲ့ ကုမရရောဂါဆိုးများ
ကျွန်ခေတ်ထက်ဆိုးတဲ့ သဘာဝဘေးဒုက္ခသည်များ
ကျွန်ခေတ်ထက်ဆိုးတဲ့ လုပ်သားပြည်သူ
ကျွန်ခေတ်ထက်ဆိုးတဲ့ တောင်သူလယ်သမား
ကျွန်ခေတ်ထက်ဆိုးတဲ့ အစိုးရလခစား
လွတ်လပ်မှုကို ဗိုလ်ချုပ်က ခြူပေး..
ဗိုလ်ချူပ် မရှိတဲ့အခါ ဗိုလ်ချုပ်ရဲ့စစ်တပ်..
တိုင်းပြည်ဘက်မရပ်. တရားဥပဒေဘက်မရပ်
မြန်မာကို မြန်မာ အချင်းချင်းက သတ်တယ်။

ကိုလိုနီ ခေတ်က လွတ်မြောက်ပေမဲ့..
စစ်အာဏာရှင်လက်..
ရွှေရည်စိမ်လွတ်လပ်ရေးနဲ့ မြန်မာ..
ယခုတိုင် ကိုယ်အိမ်ထဲတောင်
မြန်မာ ပြည်သူတွေ ထောင်ကျနေဆဲ
မျက်စိနား ပါးစပ်..
ကိုယ် လက် အသိဥာဏ်
ဘယ်အရာမှ မလွတ်လပ်
ဝေးနေဆဲ စစ်မှန်သော လွတ်လပ်ရေးရယ်..
ဒို့ တတွေ ရှာလေလေ ဝေးတယ်။

မသဒ္ဓါ (၁။၎။၂၀၀၈)
ကြေကွဲမိပါသည်။.
လွတ်လပ်ရေးနေ့ ရောက်တိုင်း အိမ်ရှေ့ အလံထူသော အဖိုးအားသတိရစွာဖြင့်

အပြည့်အစုံသို့ 

Saturday, January 3, 2009

တော်လေးဝမိန်းမ မဖြစ်ရသော်လည်း


အမရာ ကိန္နရီ..
ဒေဝီမဒ္ဒီ သမ္ဗူလ..
တော်လေးဝမိန်းမတွေ ရဲ့ နံမည်ကြား..
ကျမ ကေသီအောင် နံမည်..
ပါချင်မှ ပါမယ်။
ကျမဟာ သာမာန်လူသား
ခင်ပွန်း လင်ယောက်ျားကို
ယုံကြည်ကိုးစား
မြတ်နိုးသစ္စာထားသော ဇနီးသည်။

ကျမချစ်တဲ့မောင် ကိုထွန်းထွန်း က
အမျိုးသားလွတ်မြောက်ရေး
နိုင်ငံအတွက် ကြိုးစားနေသူ
တော်လှန်ရေးရဲ့ အမာခံလူ။

ကျမ က
စီးလေတဲ့ ရေကို ဆည်ရတဲ့ကန်သင်း
ချစ်လင်သားကို အသက်ပုံအပ်ရင်း
ချစ်ဖို့ ဘဲနားလည်တဲ့ အိမ်သုသက်နှင်း။

နိုင်ငံရေးသတိ ရှိရှိ မရှိရှိ
နိုင်ငံရေး အသိ သိသိ မသိသိ
နိုင်ငံရေးဝါသနာ ပါပါ မပါပါ
ဇနီးမည်သည် ခင်ပွန်းအား
ပံ့ပိုးရမဲ့ ၀တ္တရား..ကျမနားလည်တယ်။

စစ်ရဲသား မောင့်အားရှာဖွေချိန်..
ကျမ ကိုဖမ်းဆီး..နှိပ်စက်မြည်တီး
“နင့်ယောက်ျား ဘယ်မှာလဲ” မေးတဲ့ အချိန်
" ကျမ မသိဖူး..
သူဘယ်မှာရှိလဲ မသိဖူး.
သိလည်း သေတောင် မပြောဖူး
"

ရိုက်ချင်ရိုက် သတ်ချင်သတ်.
မပြောနိုင်ဖူး.။ နာချင်းနာ
တယောက်ဘဲအနာခံမယ်နော့

ကျမထက် စာ..
မောင် အသက်ရှင်ရင်..
တိုင်းပြည်အတွက် ပိုသာ.
ကျမ လွယ်ထားတဲ့ သားသမီးရှေ့ရေး..
တိုင်းပြည် ကောင်းစားရေးက..
ကျမ ထက် ပိုအရေးပါတယ်။
ကျမ သေချင်သေပါစေ။
လင်ယောက်ျားအပေါ်
ဘယ်မပျက်မဲ့ သစ္စာရေ။

တဖြေးဖြေး ကြီးထွား..
ကျမ မှာ မောင့် သန္ဓေသားရှိတယ်။
ကျမ အသက်ရှင်နေသ၍
ဒီရင်သွေး..ဘယ်ရောက်ရောက်
ကျမရှင်အောင်မွေးမယ်..
မောင်ရေ..အားမလျှော့နဲ့ 
ကျမ တို့ ရင်သွေးအနာဂတ်တွေ အတွက်
နိုင်အောင်သာ တိုက်လှဲ့ ။

တနေ့ ပြန်တွေ့ မှာပါ။
သံကွန်ခြာထဲ.ကကျမနဲ့ ကလေး
မောင် နဲ့အနေဝေးပေမဲ့..
သေချာတယ် တနေ့ ပြန်တွေ့ မယ်။

ကျမနဲ့ ကလေးဘဝ..
ထောင်ဘယ်နှစ်နှစ်ဘဲ ကျကျ။
ဘယ်လောက်ဘဲ စတေးရပစေ။
နိုင်ငံနဲ့  လူမျိုးအတွက်..အနိုင်လူမဲ့ပွဲ
အသေးအမွှားကျမရဲ့ဘဝ
မငဲ့ကွက်ပါနဲ့ မောင်။

မောင်ရေ..တကယ်လို့ များ
ကျမ တာဝန်မကျေ.
တစုံတခု အကြောင်းကြောင့်
ကျမ သေရင်သာ..
ကျမနဲ့ မမြင်ဖူးလိုက်တဲ့မောင့်ရဲ့သား
လွတ်လပ်တဲ့ အခါများမှ အမျှဝေ။

မသဒ္ဓါ ( ၁။၂။၂၀၀၉)

စိတ်ဓါတ်ကြံ့ခိုင်. သစ္စာခိုင်သော ကိုထွန်းထွန်း၏ ဇနီးသည် မကေသီအောင် (သူမ၏ လင်ယောက်ျားအား မဖမ်း မိခြင်းကြောင့် ဓါးစာခံအဖြစ် ထောင် အနှစ် (၂၀ )ကျော် ကျခံလိုက်ရသော ကိုယ်ဝန် သုံးလဖြင့် ဇနီး သည်) အား ဂုဏ်ယူပါတယ်။ အမရာ ကိန္နရီ..တော်လေးဝတွေ ထဲ ညီမငယ်လည်း ပါပါတယ်။ အားရ ဝမ်းမြောက်ပါ ညီမငယ်.။

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */