Friday, February 29, 2008

“ဂုဏ်ယူပါတယ်..ဇင်မိသားစု”

မသဒ္ဓါ ဆယ်ကျော်သက်
ဆရာ့ ကျုရှင် တက်

အေ ဘီ စီ ဒီ.အလွတ်ကျက်..
ဆရာ့မိန်းမ မမတိုးက..တမင်းချက်
ဖွားဖွားကြီးက ပန်းပင်ရေလောင်းလျှက်

ဆရာ့ သားငယ်လေးများ.
အပြင်မှာ ဆော့ကစား..
ဂေါ်လီရိုက်နေတဲ့ မောင်သက်ဇင်၊
အရုပ်နဲ့ ကစားနေတဲ့ ကြက်ရိုးမရွှေဇင်
သားရေကွင်း ပစ်နေတဲ့ မောင်မင်းဇင်
ပုခက်ထဲက..အောင်ဇင်..
ပျော်ရွှင်စရာ မိသားစုပင်။

အဿပြာဆရာ မဟုတ်တဲ့ စေတနာဆရာ
မွဲပြာပြာ ပျဉ်ထောင်အိမ်စုတ်ကလေး
ဒါ..မသဒ္ဓါ စာသင်ရာ.ကျောင်းတင်းကုပ်ကလေး။
ကျောင်းလခပေးပေး မပေးပေး
တပည့်များ စာတတ်ရေး
ဆရာက..စာသင်ပေး။

အိမ်ရှေ့ခန်းမှာက ဆရာမှိုင်းပန်းချီကားချိတ်
မှိုင်းရာပြည့် ဦးသန့် အရေးအခင်း။
ဆန္ဒပြခြင်းကြောင့်..ထောင်နဲ့ အိမ်ဦးကြမ်းပြင်
ဝင်တခါ ထွက်တလှည့်
ဆရာဟာ..ဒေါင်း ၀ိညာဉ်သက်သက်..
ငြိမ်းချမ်းရေးအတွက် အသက်ဆက်။

နိုင်ငံရေးသမားရဲ့ ဇနီးမယား.
မာကျောခိုင်ကျည်တဲ့ နှလုံးသား
မမတိုးရဲ့ ၀ိညာဉ်..
ခလေးများအတွက် အမွေကောင်းပင်။

၈၈၈၈ ..တော်လှန်ရေးနှစ်တွေ ထဲ..
သားများကို.နိုင်ငံရေးအမွေ ပေး
သားနှစ်ယောက်..သမီးတယောက်
အဖေပါပေါင်း ၄ယောက်စလုံးက ထောင်ထဲ.

ထောင်ထွက်ပြီး သား ၂ ယောက်က အဝေးပြေး
သေသည်အထိ သားတွေနဲ့ ဝေး
နှလုံးသည်းပွတ် နာကြင်ဆွေးရတဲ့
ငြိမ်းချမ်းရေးဖခင် ဆရာ နဲ့ မမ။
တပည့်မ မသဒ္ဓါ ဦးချပါတယ်။

ကျောက်ကောင်းမှန် တဲ့ သားများ
ဘယ်နေရာ ရောက်ရောက်
ထွန်းလင်းတဲ့ ကြယ်ပွင့်အလား
ဆရာ့သွေးများယနေ့ ထိ နီနီ။
ကမ္ဘာအနှံ့ မှာရှိသည်။

အယ်ဒီတာချုပ်..ဦးသက်ဇင်.
ရွှေဇင်..မင်းဇင်..အောင်မော်ဇင်
ကျမချစ်တဲ့.ဇင် မိသားစု..
ဘယ်တော့မှ..လက်မမြှောက်..
ဒူးမထောက်ပါ ဘု..
ဆရာ ပေးခဲ့တဲ့..စိတ်သံမဏိ..
ဆရာ ပေးခဲ့တဲ့ သတ္တိ.ဗျတ္တိ.
ဆရာ့လို ရှိတဲ့ ဇွဲနဘဲ..
ဘယ်တော့မှ အလံ မလှဲ..
ဆက်တိုက်မြဲ ဆက်တိုက်ပါ..
မောင်ကလေး ဇင်.။

မသဒ္ဓါ ( ၂။၂၈။၂၀၀၈) သားဖေဖေရော..မေမေ ပါသိလျှင်..သားတွေအတွက် ဂုဏ်ယူမှာပါ ။ မမတို့ ဂုဏ်ယူနေ ပါသည်..သားငယ်..မြန်မြန် လွတ်မြောက်နိုင်ပါစေ

အပြည့်အစုံသို့ 

ဘယ်မလဲဟဲ့.. စာနယ်ဇင်းလွတ်လပ်ခွင့်


ပါးစပ်တွေ ပိတ်ထားကြ.
မျက်လုံးတွေ မှိတ်ထားကြ.
နားတွေပိတ် ထားကြ..
လူရဲ့ မွေးရာပါ အင်္ဂါ တွေ ဆုံး
လူလုံးမလှ..ဗမာပြည်သူများဘ၀။

စာနယ်ဇင်း..အလျှဉ်းလွတ်လပ်မှုမရှိ..
ကိုယ့်စစ်တပ် ကောင်းတာဘဲရေး
သူများအကြောင်း..နင်ဘဲငဆရေး..
နေ့ စဉ်ထုတ်သတင်းစာ..
မှတ်သားစရာ ဘာမပါ..

စစ်ဝတ်စုံနဲ့လူအကြီး..က..လက်ညှိုးတထိုးထိုး
ဒါ ဘာကြီးလဲဟဲ့  ဆိုတဲ့ ဓါတ်ပုံ
စီးပွါးရေးသမားဆီက ဓါးပြတိုက်
မသထာရေစာ..ငွေဘယ်လောက်..
ကြံ့ဖွတ် လက်ဖက်ရည်ဖိုးလှူရတဲ့ဓါတ်ပုံ
ကတော်ကြီးတွေ ပုဝါစုံချ..
အမျိုးသမီးရေးရာ..ဘာညာ
စိန်နားကပ်ရောင် ပြိုင်နေကြပုံ
ဒို့ တာဝန် အရေးသုံးပါး
ဆောင်ပုဒ်သာရှိ.မလုပ်ဖြစ်သည့် စာသား
အားလုံးဟာ.အာဖျံရွှီးသတင်းများ။

စစ်အာဏာရှင်စံနစ်
စာနယ်ဇင်းသမားတွေ..အမှောင်လွှမ်းတဲ့ခေတ်။
ဦးဝင်းတင် ထောင်ထဲကျတာ..၂၀ နှစ်
ကျည်သင့်တဲ့ ဂျပန်သတင်းထောက် ခန်းဂျီးဆန်
အချစ်ကဗျာရေးဆရာ ကိုစောဝေ.
ဓါတ်ပုံအနုပညာ ဘလော့ဂါ နေဘုန်းလတ်
မြန်မာနေရှင်းက အယ်ဒီတာ ဦးသက်ဇင်
ဦးစိန်ဝင်းမောင် နဲ့  အခြားမီဒီယာသမားများ..
မြတ်ခိုင် ကလွဲရင်..အားလုံးသာ ထောင်ထဲသွား..
မှန်တာများ ရေးရသလားဟဲ့..
မဖားတတ်ရင်..အချုပ်ထဲသာဝင်ဟဲ့

ကမ္ဘာသိတရားဝင်ကြေညာထား.
ပီညဲရိုး ရဲ့ ဗမာပြည် အစီရင်ခံစာ
လက်ဝယ်ထားကြောင်းအမှုတဲ့
ဗမာအကြောင်း.ကမ္ဘာ့အကြောင်း
စာနယ်ဇင်းသမားကောင်း မှန်ရင်မသိထိုက်ဘူးလား။

တခါလာ မဲပြာပုဆိုး.
ဟိုမင်းသားနဲ့ ဟိုအဆိုတော်.ဘာညာကွိကွဖြစ်
မော်ဒယ်ဂဲမျက်နှာ..၀က်ခြံ ဘယ်နှစ်ပေါက်ပွင့်
ဒီအကြောင်းတွေ ဘဲ ..ထပ်တလဲလဲ
သတင်းဂျာနယ်တွေထဲ..တဟင့်..ဟင့်
ခြင်ထောင်သံတွေဘဲ နားစွင့်
ဒါဘဲလား..စာနယ်ဇင်းရဲ့ သိက္ခာ..
ဒါတဲ့လား..စာနယ်ဇင်းသမားရဲ့သစ္စာ
ထွီ..စစ်အာဏာရှင်ဖိနပ်အောက်.
ဗမာမီဒီယာ..စုတ်ပြတ်ညစ်ပေစွာ။

ဘာသတင်းမှမရတဲ့ ဗမာ..
ဘာဓါတ်ပုံ မှမထွက်စေရ..
အင်တာနက် နှေးချက် လှုပ်တုတ်တုတ်သာ
ဘင်လာဒင် ရဲ့ ကျောက်လှိုင်ဂူထက်
မဲမှောင်နေတဲ့ ဗမာပြည်ဟာ.
ဘယ်သူမှ မကူ..
မိမိဖာသာ.. ထူ မှ..ထမယ်.။

အနာဂတ်တို့ တွေရဲ့ လူ..
ဒီထက် မဆိုးချင်
မဲမပေး..ဆန္ဒသာပြကြပါတော့ပြည်သူ
ဒို့ မလိုချင်ပါ…တူးတူးခါးခါးဘဲ
စစ်တပ်..အာဏာရှင်..အုပ်စိုးသူ။

မသဒ္ဓါ (၂။၂၇။၂၀၀၈)

အပြည့်အစုံသို့ 

Thursday, February 28, 2008

တို့ မီး ရှို့ မီး


ငါးပါးသော ဤသူ
ရေ မီး မင်းဘေး ခိုးသူ..
မချစ် မနှစ်သက်သောလူ
ဗုဒ္ဓ အဆုံးအမထဲက..ရန်သူ

သစ်ခုတ်..တောပြုန်းတီး
မြစ်သောင်တင် ရေကြီး.
ဒါ..ရေဘေးအန္တရာယ်ကြီး.

မီးဘေး က မလုံခြုံ
မင်းဘေးက (၂၄) နာရီ အချိန်ကုန်
တောမီးလောင်မှ.
တောကြောင် က လက်ခမောင်းခတ်။
မီးတင်ရှို့ ခါမှ..ပြာကျ..
နေရာကောင်း အစိုးရမြေကွက်ပြန်ရ
ဆောက်လုပ်ရေးလုပ်ငန်းပြ.လာဘ်လာဘရ။
သူ့ အမျိုးတွေ အတွက်..နေရာချမယ်
လုပ်ကိုင်စားနေသူ ဘေးဖယ်..

ကျူးကျော်ရပ်ကွက်တွေ ဖယ်ခိုင်းချင်..
နှစ်စဉ်..မီးရှို့ နေကျ.
သူတပါး မျက်ရည်ကျမှ.
စါးပါးဝ စစ်အစိုးရ..

ပြည်သူများ အံတိုနေချက်
မီးကို ပြ လုယက်..
မင်းအိမ် မပါချင်..
ငွေပေးမှ..ရေဖြန်းပေး
မီးသတ်ကရဲဘော်လေး.။

လို ချင်လို့ တို့ တဲ့ လူက တို့ ..
လို ချင်လို့ ရှို့ တဲ့ လူက ရှို့ 
ပြာကျ ပြည်သူ၊ စီးပွါးပျက် ဖို့ 
တဘို့ ဘဲစား..တနပ်ဘဲစား
သူခိုးက..ဒါးမိုး အုပ်ချုပ်နေမှ..
ရန်သူမျိုး ရဲ့ ငါးပါး..
စုပေါင်း တစ်ပါးထဲ ဖြစ်သွား..
မင်းကဘဲ.. ပြည်သု့ ရန်သူ
ပြည်သူကို နှိပ်စက်နေသူ။

ဆန္ဒပြပွဲ..မတိုင်မီ..
မ ဆူပူနိုင်အောင် မီးတင်ရှို့ 
ငါ့ဝမ်းပူဆာ..မနေသာတည့်
ငတ်နေမှ..ဆန္ဒပြစရာအချိန်အားမရှိ.
မွဲနေမှ..ပြန်တော်လှန်အားမရှိ.

မင်းဘေးသည်…မီးဘေးသာဖြစ်၏။

မသဒ္ဓါ ( ၂။၂၇။၂၀၀၈)

အပြည့်အစုံသို့ 

သူယုတ်မာနဲ့ သူတော်ကောင်း (ပုလိပ်ဆိုးနဲ့ ရိုးသား လှေထိုးသား)


ဝမ်းစာရေး ဘဲ လုပ်လုပ်.
နှစ်သက် လို့ ဘဲလုပ်လုပ်.
မိမိ.လုပ်ကိုင်တဲ့ အလုပ်.
စေတနာ ပါပါ..
တာဝန်ကျေအောင် လုပ်ကိုင်မှုဟာ.
ကြီးမြတ် လူသားဂုဏ်အင်္ဂါ။

မီးသတ်တဲ့ လူ..မီးသတ်
ဆရာဝန် ဆိုတာ အသက်ကယ်
ပုလိပ်ဆိုတာ..သူခိုးဖမ်းရမယ်
ရှေ့ နေဆိုတာ တရားခံကို..ဥပဒေ အရကာကွယ်ပေး
သမာသမတ်စီရင်ရေးက တရားသူကြီး
ကျောင်းဆရာ၊ ဆရာမ က စာသင်.
ဘုန်းကြီးက.. ဘာသာရေးလုပ်ငန်းတွင်
လယ်သမားဆိုရင် လယ်စိုက်..
စစ်သား ဆိုတာ.. နယ်ချဲ့ ရန်သူကိုတိုက်
အလုပ်သမား က နိုင်ငံဝန်ထမ်း
ပြည်သူ့ အစိုးရ..တရားမျှတ အုပ်ချုပ်စတမ်း

ပြည်သူ အခွန် ဘဏ္ဍာစား
သူတပါး လုပ်ခ ချွေးနည်းစာ စား.
တန်ရာ တန်ကြေး ပြန်မပေး..
ဒါ လူအမည်မတွင်သေး

ကာယ အရင်းပြုစား
နေပူ စပ်ခါးသွား
အရင်းမရှိ လှေထိုးလိုက်ခဲ့
ကြမ်းတမ်းဆင်းရဲလိုက်တဲ့ ဘ၀။
ကိုယ်ချင်းစာကြည့်ပါ..လူကြီးမင်း။
ဒို့ ဗမာတွေ အချင်းချင်း။

လှေသမား..လှေထိုးခရ..
ကူးတို့ ပို့ မိတာ..ဘာ အပြစ်..
သမ္မာအာဇီဝ အလုပ်သာဖြစ်။
လှေစီးသူ ဘယ်သူဖြစ်ဖြစ်.
စစ်သားလာလာ..ပြည်တန်ဆာဘဲပါပါ.
ဘုန်းကြီးဖြစ်ဖြစ်..NLD ဖြစ်ဖြစ်..
တန်ရာ တန်ဖိုး လှေခ ယူ.။
တဖက်ကမ်း ပို့ဆောင်ပေးသူ.
ဒါ သူ့ အလုပ်..ကိုယ့် လူ..

သက်ဆိုင်ရာ လူတွေ..
ပုလိပ်ရဲဝန်ထမ်း။ ကင်ပေတိုင်လုပ်သူ
ရှက်တတ်ရင်..ရှက်ကြစမ်း။
မင်းဗုဒ္ဓဘာသာ..မဟုတ်ဘူးလား..
မင်းဗမာ.. မဟုတ်ဘူးလား။
မင်း လူ မဟုတ်ဘူးလား။
လူသားရဲ့ သိက္ခာလေးစား။

မင်း ဗိုက်ဝဖို့ ဘဲ မင်းကြည့်
သခင်အားရ ကျွန်ပါးဝ ဖို့ ဘဲသိ
လှေထိုးသည့် သူဆင်းရဲ သုံးဦးဘဝ
NLD ကို.တဖက်ကမ်းပို့ မိတဲ့ ပုဒ်မ
အစာ ငတ်ပြတ် သေကြေရေး..
တနေ့ လုပ်မှ တနေ့ စား သမား
လှေထိုး မသွားရဘူး ဆိုတဲ့ မင်းမိန့် 
လောဘ ဒေါသ နှင့် ဣဿာ မစ္ဆရိယ
ဆိုးရွားတဲ့ စေတသိတ် သုံးမျိုး၏
စေတနာနဲ့ ညီတူသော အကျိုးပေး
အလှည့်ကျရင်..မင်းတို့ မငိုကြေး။
ဝဋ္ဋ်ကြွေး.သံသရာဆိုတာ မသေမီပြန်ပေး။

မသဒ္ဓါ ( ၂။၂၇။၂၀၀၈)
သမ္မာအာဇီဝ အရ..လှေထိုးစားရရှာသော.. NLD အဖွဲ့ဝင်အား တဖက်ကမ်း ကူးတို့ ပို့ပေးသောကြောင့် အကျဉ်းကျ.အစာ ငတ်မွတ်ရ ရှာသော.ရွာတန်းရှည်. ရေနံချောင်းလှေဆိပ် မှ.လှေသမားသုံးဦးအား ဂုဏ်ပြု မှတ်တမ်းတင်ပါသည်။

အပြည့်အစုံသို့ 

Sunday, February 24, 2008

ဘယ်တော့မှ မေ့မရ..သံဃာတော်တို့ သွေး မြေခ..( အပိုင်း ၁)

အပြည့်အစုံသို့ 

ဘယ်တော့မှ မေ့မရ..သံဃာတော်တို့ သွေး မြေခ..( အပိုင်း ၂)

အပြည့်အစုံသို့ 

ငါမသေဘူး..ရေကူးတတ်တယ်..


ဖွတ်ထွက်တဲ့ တောင်ပို့ 
ဒါ..ဘုရားငုတ်တို..မဟုတ်။

ကြာကြာပေါင်း ..အကြောင်းသိ..
သစ္စာ မရှိတာ.လူကောင်းမဟုတ်၏။

ငါးစိမ်းမြင်..ငါးကင်ပစ်..
အချစ်မရှိ..ပေသီးနှင့်တွက်ကြည့်
သားသမီးအတွက် မသိ..
အပြင်လူသာ ချစ်၏။

ဘုရားဘုရား လက်ကားကား
ဇာနည် စစ်သား..လေထွားထွား
ဗိုလ်ချုပ်အောင်ဆန်းလို..သတ္တိ
တပြားသားမရှိ။

အသံဘဲရှိ..အဆန်မရှိ..
အကာဘဲရှိ..အနှစ်.နတ္တိ
ပန်းခြွေချင်သည့် လေ..
ခြေဆေးချင် တဲ့ ရေ
ပေါက်ပင်လို ဟိုဒီတိမ်း
ဘယ်ညာ လှည့်ယိမ်း
မျက်လှည့်ပြ..ဒိန်းတပ်တပ်..ပွဲထိမ်း။

အပေါ်ယံ..မတည်မြဲ..
ဖောက်လွဲတဲ့ ပန်းစားဘီလူး။
အလိုလောဘရူး..အာဏာရူး
အစွယ်ပြူးပြူး..သားစားကြူး။

မြှုံးထဲက ရုန်းတိုးထွက်တဲ့ ငါး.
ကြော့ကွင်းက..လွတ်မြောက်လာတဲ့ယုန်..
အမှားကင်းသူ..လောကမှ မရှိ..
တခါအမှား..ဆင်ခြင်တတ်၏။

ဟား ဟား ဟား..
လိမ်လို့ ထပ်ရမလား..
ငါမသေဘူးဟေ့..ရေကူးတတ်ခဲ့ပြီ။
မယုံတော့ဘူးလေ..စာတတ်သွားခဲ့ပြီ။
အဖြူနဲ့  အမည်း..ဘယ်ဟာလည်း..
ငါ..ခွဲတတ် ခဲ့ပြီ။

ယခုအခါ
အသင် .လောက
သစ္စာဖောက်ရင်..သစ္စာစောင့်စရာမလိုတော့။
နာကျင်သွေးကြွေး..ဘယိလိုနည်းနဲ့ဘဲရရ
ဘယ်လိုဘဲစစ
ဒါးဆိုရင် ဒါး
တုတ် ဆိုရင် တုတ်..
သက်ရောက်မှူတိုင်းမှာ.တန်ပြန်သက်ရောက်တဲ့ ညီမျှအလုပ်။
မကောင်းတာလုပ်..မကောင်းတဲ့ရလာဒ်..အဖြေထုတ်။

ရန်ဆိုရင် ပြတ်..မာန် ကိုသတ်
နှောင်ကြိုးစတို့  ငါ့ မရှိတော့။
အတောင်ကျိုးများလည်း..ဒဏ်ရာပျောက်..
နေခြည်ဦးလည်း..အမှောင်တွေ ကိုဖယ်ဖျောက်..
လွတ်မြောက်ခြင်း ရောက်ပြီ..
ဝေဟင်ဆီပြန်မဲ့ လွတ်လပ်ရေးဌက်..
အာရုဏ်အတက်မှာ..
တောင်ပံ တို့ဖြန့် ခါ..
ထက်မိုး..ဝေဟင်ဝဠာ..

မသဒ္ဓါ (၂။၂၃။၂၀၀၈)
မသဒ္ဓါကတော့ မည်းပြီဆို..တူးတူးခါးခါးပါ.. အားလုံးလည်း အဖြူ အမည်း သဲကွဲကြပါစေ။

အပြည့်အစုံသို့ 

Monday, February 18, 2008

သူရဲကောင်းတို့ မည်သည်..သေသော်ငြား..ကျဆုံးခြင်းမရှိ

အပြည့်အစုံသို့ 

Saturday, February 16, 2008

အပါးဝနေတဲ့ ရွှေသူတောင်းစားများ။


ဘုရား ဘုရား
တော်တော်လည်း လူပါးဝတဲ့သူတောင်းစား
နအဖ ဆိုတဲ့ ရွှေဗမာ..လူကြီးဂေါင်းများ
သူရဲ့ နူနာ ဆေးကုပေးဖို့ လာတဲ့သူ
စေတနာ့ရှင်..ရင်ဝ အနူ ခြေနဲ့ ကန်ချ
သားရည်ပေါ်အိပ်..
သားရည်နား စားတတ်ကြ။

သူရဲ့ သားသမီး ထမင်းဝအောင် သူမကြွေးနိုင်
ငတ်မှိုင်နေတာ..အလှကြည့် ထိုင်
စေတနာနဲ့ ကြွေးမဲ့လူလာတာတောင်.
ပါးစပ်ပိတ် ထိုင်မနေနိုင်
ဒီလောက်.တုံးအတဲ့ လူများ..
ဒို့ ရဲ့ ရာဇပုလ္လင်ပေါ်နား
ကျင်ငယ်စွန့် နေတာ ကြည့်ရက်ကြသလား။

တော်တော် ထချင်ပါလည်း
ကျိုးနေတဲ့ သူခြေထောက်
အနောက်တဲ့တဲ့ လည်း။ ပုဆိုးက ဖင်ပေါက်
မျက်နှာကို သနပ်ခါးဖို့ ။ ပေါင်မှာကသေးကြောင်းစို့ 
ဗမာ ရာဇ၀င်တလျှောက်။
ဆိုးယုတ်တဲ့ အာဏာရှင်အကြောင်း
သွေးခွဲအုပ်ချုပ်။ အမြစ်ပြတ်ချေမှုန်း
စစ်မက်မရှိရင်..မကောင်းစားမဲ့စစ်သား
ကိုယ်ပြည်သူအသား ကိုယ်လှီးစား။
စေတနာ အလျှောက် လာရောက်ကယ်ဆယ်.
လူမှုရေးနယ်က စေတနာရှင်များ.
( သို့ မဟုတ်) NGO များ
ဘာညာစည်းကမ်းကြီး
သူတောင်းစားလုပ်စား
ချေး မများနဲ့ ကိုယ့်လူ
အလကားရနွားသွားဖြဲ ကြည့်တာ..လူမိုက်လူ
သူတောင်းစား မာနကြီးချင်
ကိုယ်တိုင်လုပ်ကိုင် စားနိုင်အောင်လုပ်ပါအရင်။

ဖျာ ကလနားအစုတ်. သလွန်တော်လုပ်။
ခြစားနေတဲ့ ရာဇပုလ္လင်ပေါ် မျက်နှာထားမှုံကုပ်
XXX တလွဲတွေ..ဟန်ထုပ်.
NGO အဖွဲ့အစည်းများ၊
စစ်အစိုးရရဲ့ အခြေခံစည်းမျဉ်း လေးရပ်ကို လေးစား
နိုင်ငံရေးနှင့် မပတ်သက်ရ၊
ဘာသာရေးနှင့် မပတ်သက်ရ၊
အမြတ်အစွန်း အတွက် မလုပ်ရ၊
အစိုးရအဖွဲ့အစည်းများနှင့် မသက်ဆိုင်သောအဖွဲ့များ ဖြစ်ရမည်”
တဲ့

အဟက် ..အဟက်..
ဒီ ခွေးသူတောင်းစား..ငတ်ကြီးများကျသွားမယ်..
မတူမတန်..ဟန်လုပ်ထယ်ထယ်။
ပြီးတော့ ကင်းနိုင်တာလည်းမဟုတ်။
နောက်ကွယ်ကျ လက်ဖြန့် ကုတ်
ခွေးလို သွားရည်တမြားမြား
လျှာ တလည်လည်။
ဆန်မရှိ..XXX စားကလည်း ကြီးသေးတယ်။

မသဒ္ဓါ (၂။၁၅။၂၀၀၈) http://www.irrawaddy.org/bur/news2008/February/feb_14d_08.html တွင် အကြောင်းစုံဖတ်ပါ

အပြည့်အစုံသို့ 

ပင့်ကူ လိုသာ ကျင့်


လူဆိုတာ.
အခွင့်အရေးကိုကြည့်
ပျင်းရိရေသာခို
အချောင်လိုက် ရေပေါ်ဆီ
ဥစ္စာ..ဓနပြ တိမ်းညွတ်တတ်သည်။

ဤလူ့ သဘာဝ.
အားနည်းချက်မှ
အသားကိုထိုးစေမဲ့ လောက်
သစ်ကို ဖြတ်စေမဲ့ ပေါက်ဆိန်တစ်ရိုး
မညီကွဲစေတဲ့ နွားတအုပ်..
ဖောက်ထွင်းသွေးခွဲကာ..
ပြည်သူ့ ဘဏ္ဍာသုံး။
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်
အာဏာရှင်က အုပ်ချုပ်သွေးခွဲသော်။

အားအင်တွေ စုစည်းထား
သိုးမည်းမ၀င်စေနဲ့ဟေ့။
ဖောက်တွင်းလောက်များဖယ်ရှားကြဟေ့
သိက္ခာတွေ စား.။
လျှာဘဲမြက်ပေါက်သွားပစေဟေ့။
ယုံကြည်ချက် တံတိုင်း
ရာဇ၀င်တွေ မရိုင်းစေနဲ့ ဟေ့။

လက်တဆုတ် တစ်စုအတွက်
တပြည်လုံးက စတေးလျှက်
ထမင်းပွဲမရှိ ပျက်နေတဲ့ မိသားစု
ဆေးဖိုးမရှိ. ငန်းဆေးနဲ့ 
၉၆ ပါးရောဂါ ပျောက်စေရမှု
ပင်စင်စား အဖိုးအဖွား
သေခါနီးနားမှ၊ တောင်းရမ်းစားရ။
ဘုန်းကြီးများ.သွေးခွဲ အုပ်ချုပ်ခံရ
စက္ကူလွတ်ပေါ်။ဘုံးဘောလအော ရိုက်
ဖေါင်းပွလိုက်တဲ့ ဗမာငွေကြေး။
ခလေးတွေကျောင်းသွား.ထောင်ကျော်မုံဘိုး
လူကြားတောင် မကောင်းဘူး။

စစ်တပ်ကဆွဲတဲ့ ဥပဒေ
စစ်သားဘဲကောင်းစား
ဇာတ်တူသားစားရင် ဟင်္သာကိုးသောင်းပျက်
သွေးခွဲ ပြည်သူနဲ့ စစ်သား.
ဗမာပြည်မှာ..ဥပဒေက လောက်တက်။

ထွက်ပေါက်မရှိတဲ့ Road Map.
သွေးစက်စက်ယိုနေတဲ့ အမိမြေနှလုံးသား
ကြာကြာလေ ပိုပျက်။
အမျိုးကောင်းသမီးတွေ..စစ်သားပျော်တော်ဆက်
နအဖကမှ တကဲ့ အမျိုးဖျက်။

တရံရောအခါ။ စစ်ရှုံးရှင်ဘုရင်တပ်ပျက်
လှိုင်ဂူထံပုန်းအောင်း၊ စိတ်ဓါတ်ကျလျှက်
ဂူအမိုးပေါ်ကကျ။ ဒီ ပင့်ကူငယ်နက်။။
တက်လိုက်..ကျလိုက်.
ကျလိုက်. တက်လိုက်..
စိတ်ဓါတ် အရင်းမူ.
ဇွဲလက်နက်ကို ထူ..
အဆုံးမှာ..အမိုးပေါ်ရောက် အလံထူ။
ရှုကြပါ..ဒီပင့်ကူ
ဇွဲ သာရှိပါစေ..အဆုံးမှာနိုင်မဲ့လူ။
ဒီပုံပြင်..စိတ်ထံစွဲမြဲယူ
ဒို့  လက်မမြောက်စေတနေ့ မှာ..
အောင်လံထူ။
နိုင်ကြရမဲ့ အမှန်တရားဘက်ကလူ။

မသဒ္ဓါ (၂။၁၅။၂၀၀၈)

အပြည့်အစုံသို့ 

အမေ့ အမျှ..အားလုံးယူကြစေ။


ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊
ယိုယွင်းနောက်ဆုံး ရှိချေ၏။

ဝိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊
သေခြင်းနောက်ဆုံး ရှိချေ၏။

ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊
ကွေကွင်းနောက်ဆုံး ရှိချေ၏။

တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊
လျှောကျနောက်ဆုံး ရှိချေ၏။

လူဘုံအလည်။ ဟိတ်ဟန်ထည်။
တရားဓမ္မ။ ဦးကုန်းချလည်း။
မရသံဝေ။ ရှိစေအမျက်
ပြည်ကိုဖျက်မည့် ။ အယုတ်မိစ္ဆာ
တွန်းလှန်ပါမှ။ လောကပါလ
ကောင်းကျိုးရမည်။

ရဲလျှင် တစ်သက်။ ကြောက်သော် ဆယ်ခါ
သေရမှာသည်။ အများကောင်းမှု
သင်ကျိုးပြုလော့။

ဇာနည်လင်သား။ သမီးသားတို့ 
နောက်ဆံမငင်။ တိုက်ပွဲဝင်လော့။
ခန္ဓာကြေကြေ ။ သက်ပင် သေသေ
ဂုဏ်ယူနေမည်။
ခင်ပွန်းသားတို့  မျိုးချစ်ဂုဏ်။

ဘိုးဘွားအမွေ၊ တို့ ကာကွယ်စေ။
သင်၏ တသက်။ လှဲလှယ် ကယ်ယူ
သန်းပေါင်းများ စွာသောလူ
ချမ်းသာ ပြည့်စုံ။ စားဝတ် လုံစေ။
သာသနာဝေ။ လန်းဖြာနိုင်စေ။
နှိပ်စက် ကင်းစင်။ ပြုံးနိုင်ကြလျှင်
ချစ်သောလင်သား.သမီးသားအား
ဆုံးရှုံးပါစေ။ အမျှဝေမည်။
ကောင်းရာဘုံသို့ ရောက်ကြစေ။

အနာဂတ်၏ အမိမြေ။
မျက်ရည်ပူ ကင်းမဲ့ရေး
ဆေးခဲ့ကြမယ်လေ။
ငါတို့ ၏သွေး..ခန္ဓာတို့ စတေး
ဒါ..ဒို့ အရေး။ လက်မနှေးကြစေလို။

မသဒ္ဓါ (၂။၁၅။၂၀၀၈)

အပြည့်အစုံသို့ 

Friday, February 15, 2008

ဆက်လက် အသံလွင်နေပါစေ့မည်။ ဖထီးချစ်တဲ့ ရွှေဖားစည်။


ချစ်သော ဖထီး
အာဇာနည် မို့ ..
ရိုးသားသူ မို့ 
အမျိုးချစ်သူ မို့ 
နိုင်ငံချစ်သူ မို့ 
မသမာသူ စော်ကား၊
လုပ်ကြံအားရက်ပြီ.
ရိုးမ၏ ပန်းတပွင့်ကြွေကျ မြေဆီ။

သို့ သော်..
သူရဲကောင်း၏ ဂုဏ်ရည်
သူရဲကောင်းတို့ ၏ ၀ိညာဉ်သည်။
ဖိုးမူတို့ နှင့် တသားထည်းကျန်ရစ်ပါသည်။

ချစ်သော ဖထီး
စပါး ရွှေဝါသီးတဲ့  ဖထီးချစ်တဲ့ ဧရာဝတီမြေ
ဖားစည်မြည်ဟိန်း။
က ဒုံးယိန်း နဲ့ .ဇွဲကပင် တောင်ခြေက
ကော်သူးလေမြေ..
ကရင်ပြည်နယ်မှာ ပန်းကလေးတွေ
ဆက်လက် လန်းဆန်းစေဖို့ 
ဖိုးမူတို့ မျိုးဆက်သစ်
ဖထီးတို့ လျှောက်ခဲ့တဲ့လမ်းကို
ဆက် ငုတ်ထွင်လှမ်းမယ်။
နောက်မဆုတ် ဆက်သွားမယ်။
အာဇာနည် မျိုးဆက်.ဆိုတာ.
ဘယ်လိုသတ်သတ်…မပျောက်ကွယ်။

“ပဒိုမန်းရှာလားဖန်း” ဆိုတာ
ကရင်တို့ ရဲ့ အမျိုးသား နိမိတ်ပုံ။
သမိုင်း တွင်ရစ် ကျန်စေ။
ကြီးမားတဲ့ ဂုဏ်ကျက်သရေ။
ဖထီးရယ်..လွတ်မြောက်ရာဘုံ
တက်လှမ်းကာ ၀မ်းမြောက်ပါကုန်။

မသဒ္ဓါ ( ၂။၁၄။၂၀၀၈)
ဖထီး ပဒို အတွက်..မိသားစုနှင့် အတူ ရင်နှင့်အမျှ ၀မ်းနည်းကြေကွဲရပါကြောင်း

အပြည့်အစုံသို့ 

Thursday, February 14, 2008

လိုရင်..လှမ်းခေါ်ပါ။

လူဆိုတာ မူလ..
သူငယ်တန်း ကျောင်းသားက စ
ကကြီး..ခခွေး ၀ိုင်းဝိုင်းရေး
ကျောက်သင်ပုန်းပေါ်လေးမှာ

အိုင်တီ ကဗျာဆရာ ဘ၀..
လက်ညှိုး တစ်ချောင်းနဲ့ စ
ကီးဘုတ်ပေါ်.လိပ်ပြေးလေးပြေး..
နှေးနှေးကွေးကွေး..ကဗျာစရေး.

အားမငယ်စေချင်။
အစမှာ အရာတိုင်း ခက်ခဲတတ်တာပင်။
တနေ့ လုံးရိုက်. မှားလိုက် ဖျက်လိုက်
မျက်လုံး ဝေသီ..ခေါင်းတွေ အုံကိုက်။
စာသားေ၀၀ါး။ ကာရံက မလိုက်။
မပြီးမချင်း မထ။ ကဗျာ ပိုးထနေခိုက်
အိမ် မရှင်းနိုင်။ ပိုးထိုး လောက်ကိုက်။
အမေရှိရင်..ရိုက်ခံတောင် ထိလိုက်မဲ့ မသဒ္ဓါ
ကျမကလည်း ကပေါက်တိ ကပေါက်ချာ..
အိုင်တီ..ကဗျာဆရာမပါ။

မီဒီယာတိုက်ပွဲ..တော်လှန်ရဲဖို့ 
ခံပေးမဲ့ မသဒ္ဓါ ရဲ့..ပုခုံး တစ်ဖက်
ဘယ်သူဘဲ..တက်တက်..
ဒီမိုကရေစီ အတွက်..
စည်းရုံးရေး လက်နက်..
ကမ်းလက်နဲ့  ကြိုပါတယ်။
တွေ့ ရတာ ၀မ်းသာပါတယ်။

ကျမတို့  ဗမာပြည်မှာမွေး
တပြည်လုံး ဆင်းရဲအောင်..ဂုတ်သွေးစုတ်
အာဏာရှင်ယုတ်ကြောင့်
နိုင်ငံတကာမှာ..ခလေးကစားတဲ့ ကွန်ပြူတာ.
ကျမတို့ နိုင်ငံမှာ ဇိမ်ခံပစ္စည်း
သုံးတဲ့နည်း မတတ်တာ..
ဘာမှ အားမငယ်နဲ့ 

သူငယ်တန်း ကျောင်းသား
သက်ကြီးစာအံမဲ့ အိုင်တီကဗျာဆရာအား
သင်ပြပေးရန်..
စေတနာဝန်ထမ်း..ဆရာမ.
ဒီမှာ ရှိပါတယ်..
ကျမ တို့ အတူတူ..
အာဏာရှင်သို့ တိုက်ကြမဲ့ မီဒီယာလူ.။
ပန်းတိုင်သို့ မရောက်မချင်း။ ရဲဘက်ညီညာအတူ။

သင်ပေးရန် ကျောင်းသားလိုက်ရှာနေတဲ့
ဆရာမဟောင်း မသဒ္ဓါ.
အခပေးစရာ..ဆန်တပြည်ငွေတမတ် မလိုပါ
အိုင်တီပညာရပ်..ဆရာစားမရှိသင်ပေး။
မျိုးချစ် ဘလော့ဂါများ တိုးပွါးရေး
ညီမလေးသဖွယ်.ဆက်ဆံ
အကူအညီလိုပါက အော်ခေါ် လက်တို့ ပါရန်။

မသဒ္ဓါ (၂။၁၃။၂၀၀၈)
အကိုကြီးကိုအောင်ဝေးသို့ .တပ်ကူခေါ်ပါသည်။ သွေးမကြဲပါက..နွဲကြမဲ့ မီဒီယာတိုက်ပွဲ..တိုက်မယ်ဆို..ဇက်လက်ရဲရဲ..အိမ်ဦးခန်းထဲသို့ သာကြွပါရှင်။ http://www.irrawaddy.org/bur/ratha2008/February/ratha01.html ဖတ်မိပါသောကြောင့်

အပြည့်အစုံသို့ 

လူသတ် တရားခံက ဘယ်သူလည်း.။


ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးပိသုကာကြီး
ဗိုလ်ချုပ်အောင်ဆန်း
အသက် (၃၃) အရွယ်ကောင်းစဉ်
လုပ်ကြံခံ ကျဆုံး.
ယခုတိုင် အငြင်းပွါးကြဆဲ
အောင်ဆန်း ကိုသတ်တာဘယ်သူလည်း

ဂဠုန်ဦးစောရဲ့ အကြံဥာဏ်။
တပည့်အပေါင်းအပါများက ကာယကံ။
ဗြိတိသျ အချို့ ရဲ့.အထောက်အပံ့ခံ။
အမှန်မှာ..မနာလိုတဲ့စိတ်။
ဝန်တို..မစ္ဆိရိယ
မင်းသားလို ကိုယ်မှ မကရ..ဖောက်ချင်တဲ့ပတ်မ
ကိုယ်မစားရဘူးဆို..သဲနဲ့ ပက်မယ်ဟ.
လူယုတ်မာတို့ ၏ ညာဉ်။

အိုးမည်းသုတ်ခံရတဲ့ အိမ်ကြက်
ကြက်လည်းမော..ယာလည်းညက်စေ
အမြတ်ထွက်အောင် လုပ်သူနယ်ချဲ့ 
ဒို့ တတွေခံခဲ့ရပြီးပြီ။

ဗိုလ်ချုပ်အောင်ဆန်း..ပြည့်အဖေ
လူသေသော်..သူ့ နံမည်မသေ။
သူ့ ကို ဂုဏ်ပြုတဲ့စာ.
ကျောင်းထဲ ခလေးတွေရွတ်ဆိုကြ သူ့ ကဗျာ
သူဓါတ်ပုံ ရုံးခန်းနံရံပေါ်မှာ
သူနံမည်နဲ့လမ်း။ သူ့ နံမည်နဲ့ မြို့ 
သူနံမည်နဲ့ဈေး။ သူ့ နံမည်နဲ့ ပန်းခြံ
အမြို့ မြို့ အနယ်နယ်..ရှိကြတယ်
သူ့ ရဲ့ ကျောက်ရုပ်. ကြေးရုပ်
သူ့ အိမ်ကိုလည်း…ပြတိုက်လုပ်။

ကျမတို့ ငယ်ငယ်
ငွေအကြွေ…မှန်သမျှ
တပြားစေ့ကနေ ငါးမူးစေ့
ငွေစက္ကူ…မှန်သမျှ
တကျပ်တန်က ၁၀၀တန်.
သူ့မျက်နှာများနဲ့ အဖိုးတန်။
ဘယ်မညှိုးတဲ့.အာဇာနည်လူမှန်။

မဆလ လက်ထက်..
တဖြေးဖြေး..သူငွေစက္ကူတွေဖျက်
သူ့ ရာဇ၀င်တွေ..မှိန်ဖျော့ အရောင်ပျက်စေ။
သူတို့  ဘယ်သို့ ဖျက်ဖျက်။
၆၀.ကျော်..ရ၀ နှစ်များမွေးခဲ့
၈၈၈၈ လူငယ်များရဲ့ နှလုံးသား
အောင်ဆန်းရဲ့စိတ်ဝိညာဉ်အား..
သေမသွားပျောက်မသွား..
စွဲမြဲမြံ အင်အား
လွတ်လပ်ရေးလမ်းကိုသွားမယ်.

အမှန်တကယ်က..
ဦးစောက ဗိုလ်ချုပ် အသက် သတ်ရုံသာသတ်
တကဲ့ အောင်ဆန်း..စိတ်ဓါတ်က မသေ..
ယနေ့ တိုင်..အောင်ဆန်းစိတ်ဓါတ် ကို
မသူတော်များ..ဆက်လက်သတ်နေဆဲ
တကဲ့အမှန်..
အောင်ဆန်းကို..သတ်နေတာ ဘယ်သူလည်း။

မသဒ္ဓါ (၂။၁၃။၂၀၀၇) အလေးပြုပါသည် ချစ်သောအဖေ

အပြည့်အစုံသို့ 

Wednesday, February 13, 2008

အားလုံး… နိုးကြတော့


နအဖက..
သူကြိုက်တဲ့ ဥပဒေသူရေး
ရွေးကောက်ပွဲ အနိုင်ရသူများ။
ညီလာခံ မတက်ရ။
တံခါးအလုံပိတ်ပြီး.ရေးတဲ့ဥပဒေ။
ခြင်တောင်ချပြီး.ရေးတဲ့ဥပဒေ။

လူများများသတ်တတ်မှ အာဏာရ။
လွတ်တော်ထဲ စစ်သားစော်တမတ်သားပါမှ.
သမတ ဆိုတာ.စစ်တိုက်တတ်မှတဲ့
ငယ်ငယ်ကတည်းက
စစ်တိုက်တန်းဆော့လာတဲ့ ခလေးများ
အားမငယ်ကြနဲ့ 
သမတ ရွေးကောက်ပွဲဝင်စရာ
မင်းတို့ မှာ အရည်အချင်း ပြည့်မီစွာ။

ဆင်းလှဲ့ ပါတော့ သက်ကြားအိုများ
မသေမချင်း..ပင်စင်မစား
ဒီထိုင်ခုံ ကလည်းတော်တော်မက်.
ဘယ်နေရာနေနေ..ဘော်လည်းအတော်ချက်
အသုံးမကျ..စီမံချက်တွေကလည်း.တကယ်ပက်စက်
အိုင်ဒီယာတွေ တကယ်တုံးချက်.
လူအိုရုံ ထဲရောက်ဖို့ တကဲ့ အချိန်တွေတန်။၊

တည်ပြီးတဲ့ ဘုရား၊ ပြီးမှ ဌက်လင်းဠအနားမခံနိုင်။
အိမ်တောင်မှုပြု..မကောင်းရင်လမ်းခွဲသမှု။
ဆေးမင်ရည်စုတ်ထိုး.ပြင်နိုင်ရိုးရှိ။
အမှားသိရင်..အမှန်ရှိတယ်။

အစကောင်းမှ..အဆုံးကောင်း
ဒို့ အနာဂတ်..ဒို့ တတွေပြောင်းမယ်။
ဖွဲ့ စည်းပုံဥပဒေဆိုတာနိုင်ငံရဲ့ အသက်
ဒါးမိုးပြီး ငါ ဥပဒေ ငါရေး..
ငါ့ အမျိုးကောင်းစားရေး.
ငါ့ စစ်တပ်အာဏာမြဲရေး
ဒီဥပဒေ။..
အော်….စက္ကူစုတ်ကလေးသာသာပါဘဲ..

နိုးကြတော့.ပြည်သူ..
နိုးကြလော့ ပြည်သူ

အိပ်နေရာက..နိုး..
ဆန္ဒခံပွဲမှာလည်း နိုး
အမဲရောင်ပုံးထဲ မဲထည့်..
တိတ်တဆိတ် ဆန္ဒပြခဲ့..
မင်း.ရဲ့ နောက်မျိုး ခုနှစ်ဆက်..
စစ်ကျွန်..ဆက်မဖြစ်ချင်ခဲ့ရင်

မသဒ္ဓါ (၁။၁၂။၂၀၀၈)

အပြည့်အစုံသို့ 

အဖေထံသို့ ..ဂတိပေးခြင်း။

အဖေ
မြင့်မြတ်ကြီးမား
စွန့် လွတ်ခြင်းများနဲ့ 
ကိုယ်ရေးထက် တိုင်းပြည်ရေး
အသက်စတေးခဲ့

အဖေ
မျော်လင့်ရာလမ်း
လွတ်လပ်ရေးရဲ့ပန်း
ရရှိအောင်..ဆောင်ရွက်
အကျိုးဆက်ပေး
အဖေ့သွေးနဲ့ ရေးခဲ့တဲ့
ဗမာပြည်ရဲ့လွတ်လပ်ရေး။
အဖေ မမြင်ခဲ့ငြား.
သမီးမိဘတွေ ခံစားခဲ့ဘူးတယ်။

သမီးတို့ မွေးတဲ့အချိန်
ကျောင်းသားသမဂ္ဂကဗုံးကွဲ
ဒီမိုကရေစီဆိုတာ.ပေါက်ပြဲ
စစ်တပ်ရဲ့အိပ်ထောင်ထဲက ဗမာပြည်။
ဘက်နက်နဲ့ ပါးပါးလှီးခံရတဲ့ ဗမာပြည်။
ကိုလိုနီ ထက်ဆိုးတဲ့
စစ်အာဏာရှင်လက်အောက်တွင်
လေရှုရတာတောင် မ၀ဘူးရှင်။

သမီးတို့ ၏ မျိုးဆက်..
အဖေလိုသားမျိုးတွေ ထွက်ရအောင်.
ယောက်ျားက ဒါးသွေး။ မိန်းမက သားမွေး
ပြုစု ပျိုးထောင်။ မိဘကောင်း လက်ထွက်
အာဇာနည်သားမောင်
ဒါမှသာ..
နောက်လာမဲ့ လူ့ ဘောင်သစ်.
ဗမာယောက်ျားတိုင်း..အောင်ဆန်းလိုဖြစ်ရအောင်။

မသဒ္ဓါ ( ၂။၁၂။၂၀၀၈)..ဗိုလ်ချုပ်ဖခင်သို့ ...

အပြည့်အစုံသို့ 

ပင်လုံကို..အသက်ပြန်သွင်းကြစို့ 


ပြည်ထောင်စု..
တည်ထောင်ပြု..
ညီအောင်..စုကြစေ။

တိုင်းရင်းသား
ရိုင်းပင်းအား.
ဇွဲမာန်များ
ရင်းနှီးထား
လွတ်လပ်ကြဖို့ မသွေ

သွေးချင်းနီး
လက်ချိတ်ဆက်ပြီး.
တော်လှန်ကြစို့ လေ.

ပင်လုံ၏ ဂတိ
ညီညွတ်ခြင်း သတိ.
မြဲမြံတဲ့ ပကတိ
ကျောက်သားစိုင်
ဒို့ များသာ ညီညာရင်ဆိုင်..
အာဏာရှင် ကိုတွန်းလှန်နိုင်
ရှေ့ တကမ်းမှာ..
ဒို့ များရဲ့ အောင်ပန်းတိုင်။

မသဒ္ဓါ ( ၂။၁၂။၂၀၀၈)..ပင်လုံ၏မျိုးဆက်ဟောင်း မှသည် မျိုးဆက်သစ်များဆီသို့ 

အပြည့်အစုံသို့ 

ဦးဂမ္ဘီရ၊ တောက်ပတဲ့ မိုးသောက်ကြယ်။


မယ်မယ်.
လူ့ ဘောင်လောက၊ ၀ဋ္ဋ်ဆင်းရဲမှ
လွတ်မြောက်စေငြား။
နိဗ္ဗါန် ရည်စူး၊ ပန်ဆုထူးယူ
သံဃာ သားမောင်
ကျွန်ုပ် နံမည် ဦးဂမ္ဘီ။

မျိုးကောင်းစေ့မှန်၊ အပင်သန်လျှက်
ခမည်းတော်မြတ်၊ ရဲစိတ်ဓါတ်သည်
မိဘကောင်းသား။ စံတင်ရွှေသား..
မပျက်ပြားစေ၊ ဘိုးဘွားအမွေ။

သင်္ကန်းနှစ်စုံ၊ သပိတ်တစ်လုံး
ပရိက္ခရာရှစ်ပါး။ အခြားမရှိ။
ရာဂကင်းစင်။ သူတော်စင်ဘဝ
ရောင့်ရဲ ပါရမီ ဦးဂမ္ဘီ။

ပြည်သူ့ ရဲ့ဆွမ်း၊ ကမ်းလက်ခံဖြန့် 
သံဃာမြတ်သည်၊ ကျပ်တည်းပင်ပန်း
မဂ္ဂလမ်းတွင်။ အူမ မတောင့်
သီလစောင့်ရန်။ ခဲယဉ်းမှန်ကြောင့်
ဤဆွမ်းတနပ်။ ကျေးဇူးမြတ်တွက်
မေတ္တာပို့ သ။ ဆန္ဒပြသည်။
နတ်လူ သာဓုခေါ်စေသောဝ်။

အများ အတွက် ။ ငါ၏အသက်
ခန္ဓာပျက်ကြွေ။ အသက်သေစေ
မမှုပေတည့် ၊ မြတ်သောပြည်ကျိုး
ငါသယ်ပိုးမည်။ ငါ၏အမည် ဦး ဦးဂမ္ဘီ။

အမည်ရင်း ဦးစန္ဒောဘာသ
သံဃာ့တပ်ပေါင်းစု၊ ခေါင်းဆောင်ရဲ့ ဦးဂမ္ဘီရ
ပုဒ်မ ၅(ည) တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအရ
ထိခိုက်ပါတယ်ဆိုတဲ့ ဥပဒေ
ဘယ်လို ပုဒ်မတတ်တတ်..ကျုပ်စိတ်ဓါတ်ကိုသတ်မရ။
ဘယ်လို ညှင်းဆဲသတ်ဖြတ်..ကျုပ်ဝိညာဉ်ကိုသတ်မရ။
အသက်ဆုံးတောင်..
ဥဒါန်းတည်သော…ဒီအမည်။
ကျွန်ုပ် နံမည် ရှင်ဂမ္ဘီ။

အာရုဏ်လာလုနိုး..မှောင်ရီပျိုးနေတဲ့မနက်
နေခြည်မသမ်းစ။ ကြယ်ရောင်ဖြန်းချ။
အလင်းရောင်ပြခဲ့သည်။

နေခြည်အရောက်..ကြယ်တွေမှိန်ပျောက်
ငါဘယ်မကြောက်.. ပျောက်ချင်ပျောက်ပစေ။
မှောင်နေသေးတဲ့ တဒင်္ဂ၊ ခဏလေးအချိန်သာမယ။
အလင်းစပြခဲ့မည်။

အုံမှိုင်းမှောင်ထဲက ဘ၀များ
ငါ့ အရောင်နဲ့ ထိန်ဝင်း.
အလင်းပေးခဲ့ပြီ။.
အာရုဏ်၏ ရှေ့ ပြေး..
ငါသည် မိုးသောက်ကြယ် ဦးဂမ္ဘီ။

မသဒ္ဓါ ( ၂။၁၂။၂၀၀၈) သံဃာ့ အာဇာနည့် ဦးသျှောင်..ဘုန်းဘုန်းဦးဂမ္ဘီရ သို့ လေးစား ဦးတင် အပ်ပါသည်ဘုရား။

အပြည့်အစုံသို့ 

Monday, February 11, 2008

အဟိ. ရွေးကောက်ပွဲတဲ့..လာလာချည်သေး


တစ်တုံးမိဘူး..၁၉၉၀ တုန်းက
စောမောင်ရဲ့ ပြုံးဖြီးဖြီးမျက်ခွက်
နောက် အစိုးရတက်ရင်..
စစ်သားများ စစ်တန်းလျှားပြန်သွားမတဲ့
အပြောကတော့ ရွှေမန်း။
လက်ကတော့ သရမ်းတယ်။

တော်ပါတော့..နအဖ
သုမန ကျောမှာ ဒဏ်ရာတွေချည့်
နောက်တစ်တုံး ဒို့ ထပ် အမိမခံဘူး.
တကမ္ဘာလုံး မှာသိ
ဗမာ့စစ်အာဏာရှင်၏ နေအေးလိမ်နည်း..
ကုလသမဂ္ဂနဲ့ ဦးနှောက်ချင်းလာချိန်..
တကဲ့  ကလေးကစားတဲ့ ချိုလိမ်။.

အရင်က ရွေးကောက်ပွဲ.
ပြည်သူပေးထားတဲ့ အဖြူမဲ
ယနေ့ တိုင်.တရားဝင်ဆဲဘဲ
ဒါ ရွေးကောက်ခဲ့တဲ့ ပွဲ
ကျားဗိုလ် ဆွဲတာမဟုတ်
ဘာရွေးကောက်ပွဲမှာဆက်လုပ်ရန်မလို..
ကျေးဇူးပြုပြီး
လူကြီးမင်းတို မတန် မရာ ထိုင်ခုံ
ဖင်ခွါ ဆင်းဖို့ သာလို။

စစ်တပ်လုပ်ပေးမဲ့ ဆန္ဒခံပွဲ
၁၀၀% အပြည့်ရအောင်..ခိုးမဲ့ မဲခိုးပွဲ
ဒို့ ပြည်သူမကြိုက်ဘူး ..
တပြည်လုံးအမဲ..
ကဲ မင်း ဘာတတ်နိုင်သလည်း.

ဘယ်သူအမဲထဲ့ထဲ့ ..အဖြူပုံးထဲဘဲခိုးပြမဲ့ နအဖ.
မဲသွားမထည်ကြနဲ့  ပြည်သူ..
သပိတ်ထပ်မှောက်ကြ ကိုယ်လူ.

အနိုင်ရပါတီ ကမြောင်းထဲ
ဖော်လန်ဖား..၀န်ကြီးဖြစ်မလား
ဘိန်းစိုက်စားသူတွေက.ညီလာခံထဲ
ဖွတ်မွဲ။ လင်းဠ။ ကြံ့ဖွတ်နဲ့  ပုတ်သင်
ရေလောင်းရင်..ခေါင်းတငြိမ့်ငြိမ့်
မြေခွေး ဘုရင်
ခွေးအ နဲ့သာ အလွမ်းတည့်ချင်.

နောက်ထပ် တက်မှာလည်းစစ်အစိုးရ
ဒါးမြ ဒါးပြ။.ကျောချည်းချ
စစ်ဖိနပ်အောက်..၄၆ နှစ်လောက်
ရေစုန်မှာ ပက်လက်မျောနေတဲ့ ဒို့ နိုင်ငံ
မကြာခင်မှာ စုန်းစုန်းမြုတ်
အနုတ်စုတ်.ဂုတ်စုတ်တော့မယ်။

တိုင်းရင်းသား လူမျိုးများ
ဗမာမြေပေါက်..တရုပ်ကုလား.
ဂျပန် .အမေရိကန်။
ဘာ လူမျိုးဖြစ်ဖြစ်.
ဗမာ၏ ရင်သွေး။ ဗမာ၏သွေး
မင်းတို့ ကိုယ်ထဲ တစ်စက်ဘဲရှိပစေ။
ဒို့ တတွေ.. အားလုံးဗမာဘဲ။
လက်လွတ်စပယ်..အမိနယ်ကိုကြည့်မနေနိုင်ဘူး

လာလေ တူတူ တိုက်ကြစို့ 
အကြမ်း မဖက်တဲ့ တော်လှန်ရေး.
ပစ်ချင်လည်း ပစ်..ဒို့ သွေးနဲ့ရေး
သွေးမစတေး။ တော်လှန်ရေးမမည်.
ဆက် တိုက်ကြမည်.
ခေါင်းမော့ ရင်ကော့။
ရှေ့ သို ဆက်လက် ချီ။

မသဒ္ဓါ ( ၂။၁၀။၂၀၀၈)

အပြည့်အစုံသို့ 

Sunday, February 10, 2008

အဆိပ်သင့်နေကြတဲ့ အတုများ..


မင်းမိဘ.ပေးတဲ့နံမည်နောက်
၈၈၈၈ ကျောင်းသားအမြီးတတ်ချင်..
တန်အောင်လုပ်ပြလေ..မောင်အေးလွင်။

ကိုယ်ကို ကိုယ်..ဘာကောင်ဆိုတာ.
လက်မထောင် နံပါတ်တစ်ပြ
ဒါ အသုံးမကျတာ..
ကြည့်နေသူ ပရိဿတ်ကသာဆုံးဖြတ်မြဲ
မင်းနံမည်..ဘယ်အဆင့်ရှိသလည်း..

မင်းသား မလုပ်ရ..ပတ်မကြီးထိုးဖေါက်ပြ
မင်းဖာသာ မင်းတော့..ငါတယ်ဟုတ်လှ.
အသရေမွဲ..တည်ကြက်ဘဲဖြစ်.
လက်ဖြန့် ခံပြ..သူတောင်းစားဖြစ်
ဘုရားကိုတု..ဒေ၀ဒတ်မျိုးဖြစ်။
ဦးအောင်ဆန်းကိုသတ်.ဦးစော ဘ၀ဖြစ်
အိမ်ကြက်ချင်း..အိုးမည်းသုတ်ရင်း
ဟင်းချက်ဖို့ ရေနွေးအိုး တည်စောင့်နေတဲ့ နအဖ
မင်းခြေကျရင်..အမွေးဆုတ်..
သူ အမြီး လုပ်တော့မည်။

လူစွမ်းကောင်း ကလည်းလုပ်ချင်.
အရည်အသွေး စိတ်ဓါတ်လည်းမမီချင်။
မင်းသား ကလည်းဖြစ်ချင်..
ရူပကာ ကလည်း မလာလျှင်။
မြေကွက်လေးဘဲ ရလိုရငြား
ဟန်းဖုံးလေးများ သွားရည်တများများ
ဗီလိန်ဇာတ်ခန်း..ဒဿ လူကြမ်း
ဘယ်နေရာကဘဲ ဖြစ်ဖြစ်.
ဆင်တူရိုးမှား အမည်တတ်.
၈၈ မျိုးဆက် (ပြည်ထောင်စုမြန်မာနိုင်ငံ)
ဝံသာနု (NLD)..နဲ့  လေ့လာရေးကျောင်းတော်သားအစု
အားလုံးဟာ..အရေခြုံအတု။
သစ္စာဖေါက် ပေါက်ဆိန်ရိုး။
အသားဖေါက်တဲ့ လောက်မျိုးတွေ။

အတု နဲ့ အစစ်ဆိုတာ.တုမနှိုင်းသာ
ဆီ နဲ့ ရေ။ အဖြူနဲ့အမဲ..
ဆန်လုံးနဲ့ ဖွဲ။ သဲသဲ ကွဲကွဲ။
မင်းအဘတွေ ပုလ္လင်တော်လှုပ်နေ လို့ 
စိတ်တွေ နောက်။ ဘုရားပေါ်ပတ် ၀က်ဆွဲလမ်းလျှောက်
ချကြွေးရမဲ့သူ လျှောက်ရှာနေ။
ငရဲပေါက်ဝ စောင့်..ခွေးဝဲစားတွေ.
အမြီးမခတ် နဲ့  ငြိမ်ငြိမ်သာနေ။

မသဒ္ဓါ (၂။၉။၂၀၀၈)

အပြည့်အစုံသို့ 

Saturday, February 9, 2008

ဖွင့်ပေးခဲ့ ပါ..အပျော်တံခါး..လူငယ်များအတွက်။


မသဒ္ဓါ တို့ ဆယ်ကျော်သက်
အလွန်ပျော်စရာကောင်းတဲ့ အချိန်တွေ.
ကောင်ကလေးတွေ အိမ်ရှေ့ ရှောက်ပြန်သံပေး
ဂစ်တာလေးနဲ့ လာလာကျု။
အဖေထွက်ဆူရင်..ရှောင်ပြေး
အဖေ ရပ်ကွက် အစည်းဝေးသွားတဲ့ အချိန်
အိမ်ဘေး. ဘန်ဒါပင် လေးနားမှာ။
အို…အရိပ်ကလေး သီချင်းလေးနဲ့ ပိုးတတ်သူ
မှောင်ရိပ်ထဲ က..သူ

အဖေ က ဘဒင်သီချင်းထဲကလို
အသံနက်ကြီး နဲ့ အော်.
" ဟေ့ ငါ့သမီး စာကျက်နေတယ်နော်။"
သုံးယောက်သော အပျို ညီအမ..
တခွိခွိ သဘောကျ..
အဖေ့ မျက်စောင်းဆုဒဏ်ရ။

လူ့ ဘ၀ရဲ့ ခရီးလမ်း..
တဆင့်ဆင့် လှမ်း.
ပထမ အရွယ်..ပညာရှာမယ်..
ပျော်မယ်.စူးစမ်း စအရွယ်။
ဒုတိယ အရွယ်..ဥစ္စာရှာမယ်..
အိမ်ထောင်ကျ..မျိုးဆက်ချတဲ့အရွယ်။
တတိယ အရွယ်..ကုသိုလ် ရှာမယ်..
ကောင်းကျိုး ထမ်းရွက်ရမဲ့ အရွယ်။

အဆင့်ဆင့်လှမ်း..ပုံမှန်ရင့်ကျက်မှု
ဘ၀ ကို အထောက်အကူပြုတယ်။
နောက် မျိုးဆက်တွေအတွက်
အတွေုအကြုံတွေ လက်ဆင့်သယ်.။

ခုတော့ ပထမအရွယ်..
စာသင်ခန်းဝေး ခလေးများ.
ဝမ်းစာရေး.မိဘနဲ့အတူရုန်းကန်စား
ကျပ်တည်းလှတဲ့ဘ၀.လက်လှုပ်ရှားတောင်
ဝမ်းခါးမ၀။
ပလပ်စတိတ် အမှိုက်ကောက်
ဈေးသူခိုးလေးများဘ၀ရောက်.
သူတောင်းစား. ခါးပိုက်နှိုက်ဘ၀ရောက်
ခလေးစစ်တပ်သားများ ဘ၀ရောက်။
အဆင့်ကျော်သွားတဲ့ သူ့ ဘ၀.
ရင့်ကျက်မှုမရ။ စဉ်းစားစရာ ပညာမစုံ
တတ်သည့်ပညာ။ ခိုးတတ်ရုံ၊ လူသတ်ရုံ။
ဘယ်လိုအကျိုးပြုမလဲ..လူတို့ ၏ဘုံ။

ကျောင်းသား ဆယ်ကျော်သက်.
အပြင်ထွက်.ဂစ်တာတီးချင်ရဲ့
ကောင်မလေးတွေမြင်.ရင်ခုန်ချင်ရဲ့

ဘာဖြစ်လည်းကွယ်။
ဒို့ တွေလည်း ငယ်ရာကကြီးလာ..
ခလေးတွေအပေါ် ထားပါ မုဒိတာ။
လူငယ်ဘ၀တို့ ပျော်ရွှင်ရက်များ
ရွှေနဲ့ တောင် မလဲနိုင်အား.
ညဘက် အပြင်ထွက်.
ထောင်ထဲဘဲ ဆွဲထည့်။ ပေါ်တာလည်း ဆွဲရဲ့
တက္ကသိုလ် တက်.တခြားအခန်းရှေ့ မသွားရ
ကော်ရစ်ဒါကနေ မှ ကောင်မလေးတွေ မငန်းရ။
ဘာသာမတူအတန်း။ သော့ခတ် ကဒ်ပြားစစ်။
ဒါ..တက္ကသိုလ်တဲ့လား..
ခလေးတွေ ကိုအာဏာပေး..မတရား။
လူသားချင်းမှ မစာနာ။

ခလေးတွေရဲ့ စိတ်ဖြေရာထွက်ပေါက်..
ဖွင့်ပေးကြပါ…
အရွယ်နဲ့ သူ့ အချိန်
အပျော်.ရကြပါစေ။
လူပျို..အပျို..ချစ်ကြိုက်ညားကွဲ
ကိုယ်လည်း စိတ်ကြိုက်ခံစားခဲ့
သူများအတွက်လည်း အလှည့်ပေးပါဦး။

အနာဂတ်ရဲ့ ပန်းဖူး..
နေခြည်မှာမှ မပွင့်ခဲ့ ရရင်.
မုန်တိုင်းဒဏ်ဘယ်လိုခံနိုင်ရည်ရှိမယ်ပါ့
အပျော်ဆိုတဲ့ ရသ..ခလေးတွေအတွက်မျှခဲ့ပါ.
လူကြီးပီပီ..ရင့်ကျက်ပါကမှ
လူကြီးရဲ့သိက္ခာ..လူကြီးမင်းခေါ်နို်င်စေရာ။

မသဒ္ဓါ (၂။ ၈ ။၂၀၀၈ ) လူကြီးမင်းမဆန်သော လူကြီးမင်းဟန်ဆောင်နေကြသော လူကြီးမင်းများသို့ 

အပြည့်အစုံသို့ 

Friday, February 8, 2008

ပင်လုံမှ သမိုင်းသစ္စာ..သက်သေ..


အစုလိုက် ထင်းစည်း.
သင်းမကွဲ မဲ့ နွားအုပ်.
ပိုက်ကိုချီ ပျံတက်မဲ့ ရွှေဟသာင်္များ
စည်းလုံးခြင်းရဲ့ ခွန်အား။

ရွာချတဲ့ မိုးရေပေါက်လေးများ
တစ်စက်ချင်း တစ်စက်.. ကြွေသက်
မြောင်းငယ်များစွာ. ချောင်းငယ်များစွာ.
မြစ်ငယ်များပမာ..ပေါင်းစုဆုံလာ
အမိရဲ့ မြစ်ကြီးဧရာ..

နှမ်းလုံးများစွာမှသည်..ဆီ..
သဲမှုန်များစွာမှသည်..တောင်ပမာဆီ.
စည်းလုံးခြင်းနဲ့ ၊ အားသစ်မွေးပြီ..
ညီညွတ်ကြမဲ့.. ဒို့ သွေးသားများသည်။
ပြန်အသစ် စကြမည်။.
ပြည်ထောင်စုရယ်တဲ့ အမိမြန်မာပြည်။

မသဒ္ဓါ ( ၂။၈။၂၀၀၈)

(၆၁) နှစ်မြောက် စစ်မှန်သော ဒို့ ပြည်ထောင်စုနေ့ ရဲ့မွေးနေ့ မင်္ဂလာသို့ 
မအားလပ်သည့်ကြား မှ ဒီဇိုင်းဆွဲ၍ ပေးပို့ သော မောင်လေးမျိုး အားကျေးဇူးပါ။

အပြည့်အစုံသို့ 

ရန်ကို ပြတ်အောင်ဖြတ်..


မီးနေသည်..ခလေးမွေး
လက်သည်ချည်း အားမကိုးနဲ့
ကိုယ်တိုင် အားထုတ်မပေး။
ခလေးမွေးဖို့ မလွယ်။

ကိုယ့်ပြည်တွင်းအား ကို ကိုယ်အားကိုး.
လက်နက်ဆိုး နဲ့ စစ်ရန်သူ
လက်ပလာနဲ့  နိုင်ဖို့ မလွယ်ကူ..
ငါးကြင်းဆီ နဲ့ သာ..ငါးကြင်းကြော်
လူသူလက်နက် ကို စုဆောင်းရင်း.
သွေးတူသူ ပေါင်းစည်းရင်း
စန္ဒဂုတ်မင်းလို စစ်တိုက်ခြင်း။

အေးချမ်းရေး လမ်းစဉ်နဲ့ 
ရွက်တိုက် လိုပါလည်း.
လူမိုက်တွေကျ..ညှိနှိုင်းရန် ခက်ခဲ..
အကောင်းဆုံးတွေ ကို မျှော်လင့်
အဆိုးဆုံး အထိ ရင်ဆိုင်
ရရင်ရ..မရရင်..ချ၊
ပြတ်ရမဲ့ ရန်။
ကိုယ်မသတ်က သူသတ်မယ်အမှန်။

စိတ်တွေဝေ..မ၀ံ့မရဲ
ကြွေခဲ့ ပန်းတွေများလှပြီ။
ကြွေနေဆဲ ပန်းများလည်း.ရှိနေသည်။
ဆက်ကြွေဦးမဲ့ ပန်းများလည်း..အနောက်မှာတန်းစီ။
လူမသတ်ချင်ပေတဲ့..
ရန် မပြတ်ချင်..
နင်သတ်တာ..ငါခေါင်းငုံခံရမလား။
စဉ်းစား.စဉ်းစား.
လျှော့ လွန်းရင်..ပြန်ပတ်မည်။
ပျော့လွန်းရင်..အသတ်ခံရမယ်။

စစ်တပ်က လက် တဖြေးဖြေးယဉ်.
ခလေး။ လူအို။ ဘုန်းကြီး။ မယ်သီလ။ မိန်းမ။ ယောက်ျား.
ဗိုက်ကြီးသည်များ မကျန်။ ရှိသမျှမြေလှန်နေခိုက်။
ခန္တီစ..သည်းခံခြင်း ပါရမီ ပိုက်။
အတိုက်အခံ တသိုက်
တရားလမ်း မလိုက်နိုင်ဘူး။
ဒုတ်ဆိုရင်..ဒုတ်၊ ဒါး ဆိုရင်ဒါး။
ကွဲကွဲ ပြားပြား။ စိတ်မှာ ပိုင်းခြား။
နှလုံးသားကို သံချပ်ကာစွပ်။
ရွံ့ ရွံ့ ချွန်ချွန် တိုက်တတ်ဖို့ အရေးကြီးပြီ။

မင်းလောင်းပေါ်မှာ မစောင့်နဲ့
လူစွမ်းကောင်း ကို မတောင့်တနဲ့ 
မင်း ဟာ..မင်းဘ၀ရဲ့ ဖန်တီးရှင်
မင်း ဟာ..အနာဂတ်ရဲ့ စွမ်းအားရှင်
လူမသိ သူမသိ၊ အညတြ၏ အာဇာနည်။
ကိုယ့် ရာဇ၀င်ကိုယ် ရေးသည်.။

မေတ္တာရွတ်သွားတဲ့ ဘုန်းကြီးအလောင်း
ပြန်ပြောင်း အသုဘ ကသိုင်းရှု
ရန် မပြတ်ရင်..ဘာဖြစ်နိုင်သလည်းဆိုတာ.
သွေးကြွေးကို..သွေးကြွေးပီပီ ဆပ်ပါ။

မသဒ္ဓါ ( ၂။၇။၂၀၀၈) ကိုအောင်ဝေးရေ..ကျမလည်း ရန်ကို..ပြတ်ပါသည်။

အပြည့်အစုံသို့ 

Thursday, February 7, 2008

သခင်မျိုးဟေ့ ဒို့ ဗမာ..


အစဉ်အလာ…ယဉ်ကျေး တဲ့ ဒို့  ဗမာ .
ဗုဒ္ဓရောင်ဝါ…ရွန်းပ တဲ့ ဒို့  ဗမာ .
ကူညီလိုတာ..ထာဝရ ဒို့  ဗမာ .
ဖေါ်ရွေ ချစ်ခင်.ရင်းနှီးတတ် ဒို့  ဗမာ .

ကိုလိုနီတွေ..နယ်ချဲ့တို့ တော်လှန်.
ဒို့ ဗိုလ်ချုပ်..အဖေ.အသက်ပေးခဲ့အမှန်..
ပြည်သူရဲ့အာဏာ…ပြည်သူတို့ လက်မှာ
အာဏာရှင်..စေရာ…ခေါင်းမငုံ မဲ့ သွေးတွေ

အာဇာနည်ဆိုတာ. ခေတ်သမိုင်းတို့ မှတ်တိုင်..
ညီညာပါစေ. ။ ခေါင်းငုံလို့ ဒို့ မခံ.
အာဏာရှင်တွေ..တိုက်ထုတ်လို့ တွန်းလှန်..
အောင်ပွဲဟာ..လက်တကမ်း ရဲ့မနက်ဖြန်..

နွံ့ မနစ်စေချင်..သာကီမျိုးဆွေ
စစ်ကျွန်အောက်မှာ..ဒို့ တသက်တော့ မနေ.
ဒူးမထောက်…လက်မမြှောက်..ကြောက်စိတ်တွေကင်းစေ။
ကြောက်မရွံ့  နောက်မဆုတ်..အသက်ဘဲသေသေ..
မျိုးဆက်သစ်သို့  ပေးရမဲ့  ဒီအမွေ..
ဒို့ ဘိုးဘွားတာဝန်..ကျေပါစေ။

သခင်မျိုးဟေ့ ဒို့ ဗမာ..
သခင်မျိုးဟေ့ ဒို့ ဗမာ..
မီးဒုတ်.. မီးဒုတ်..ရှို့ မဲ့ဗမာ..
ဆုတ် ရွံ.့.နောက်မတွန့့်..ကြောက်သွေးတစက်မပါ./ ကြောက်မွေး တို့ မပါ
အရေးတော်ပုံ..မုချအောင်မှာ။

မသဒ္ဓါ (၂။၇။၂၀၀၈)

အပြည့်အစုံသို့ 

ရှေ့ မှာ ပန်းတိုင် ရှိသည်။


ဘယ်ညာညီညီ..လှမ်းတက်စို့  ရှေ့ ပန်းတိုင်ဆီ
ပျော်ရွှင်စုံညီ….ရရ..မဲ့ ဒီမိုကရေစီ

သာတူညီညာ..လွတ်လပ်ကြ..အခွင့်အရေး တူညီ
ဗမာပြည်မှာ ရရမည်..ဒီမိုကရေစီ။

အရေးတော်ပုံ ဟေ့..အောင်ရမည်။
စည်းလုံးညီညာ.အောင်လံလွင့် ထူပြီ။

အရေးတော်ပုံ ဟေ့..အောင်ရမည်။
ကျောင်းသားပြည်သူ သံဃာသွေးနီနီ

ဒီမို ကရေစီ။ ဒီမို ကရေစီ။
လူ့ အခွင့် အရေးတွေ ရရမည်။
တယောက်တလက်ကူညီ..ဖေးမခေါ်မည်။

(လာ လာလေ..ဆက် လျှောက်ကြမည်။
လာ လာလေ..တွဲလက် ယှက်ညီညီ။
လာလာလေ..ခရီး ဆက်ကြမည်။
လာလာလေ..မရောက်မချင်း..ထိတိုင်။) *
ဒီ အရေးတော်ပုံ.. ဒီ အရေးတော်ပုံ.. ဒီ အရေးတော်ပုံ..အောင်ရမည်။

(*)

မသဒ္ဓါ (၂။၇။၂၀၀၈)

အပြည့်အစုံသို့ 

Wednesday, February 6, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့ တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။

ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။
မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။
လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံး တော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ် ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာ ခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခုဒါမှမဟုတ် ဘလော့ဂ်ဂါ တစ် ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်သူ့ဘလော့ဂ်အတွက် အထိမ်း အမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့် နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကိုကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

အပြည့်အစုံသို့ 

Tuesday, February 5, 2008

လေးစားချစ်ခင်..ဗိုလ်ချုပ်ဖခင်၏ (၉၃) နှစ်မြောက်မွေးနေ့ မင်္ဂလာ.


ဖန်တီးရှင်..မောင်လေးကိုမျိုး အား ကျေးဇူး အထူးတင်ရှိပါသည်။ စွမ်းစွမ်းတမံ အနုပညာစွမ်းဖြင့် ပြည်ကျိုးထမ်းရွက်နိုင်ပါစေ။

အပြည့်အစုံသို့ 

မီဒီယာကို မီဒီယာနဲ့ ချမှဘဲ..သူတို့ ခွေးကျ ကျသေ


မီဒီယာကို မီဒီယာနဲ့ တိုက်မယ် ဟာ့
ဘာညာဘာညာ ရွှီးထား
မြန်မာပြည်က စစ်သူရဲ မကောင်းများ
ခုတော့ အနာပေါ် ဒုတ်တည့်တည့်ကျ
သွေးစက်လက် ထွက်သွားပြီ။
" အင့်" ကနဲ ခွေးကျကျသွားသည်။

ဟောလီဝုဒ်ရဲ့ မီဒီယာ လက်နက်သည်
ရမ်ဘို..ပစ်တဲ့ကျည်.
ဇင်ရော်မောင်မောင်နဲ့  ကာဖို့ မမှီ..။

ပြူးပြူးပြဲပြဲ..ဘလော့ဂါ ဆိုက်တွေပိတ်
ဘလော့ဂါတွေ ဖမ်းနှိပ်.
တံတွေး မတိတ် တဲ့ ကျော်ဆန်း
ကျောင်းမှန်း ကန်မှန်း သိနေ..
ကမ္ဘာပေါ်မှာ..ငပေါကြီး သူဖြစ်နေ။

ရမ္ဘို မၾကည့္ရ။
DVD တွေ လိုက်ဖမ်း။
လူတွေ ကြား၊ လိုက်ထောက်လှမ်း
စလောင်းတွေ. ကြည့်မရစတမ်း
နိုင်ငံရေးဘလော့တွေ ဘမ်း
အင်တာနက်စပိ တွေ လိပ်ခြေလှမ်း လှမ်း

ခင်ဗျားတို့  ပိတ်လည်း..ကျမတို့ မကြောက်။
လူဆိုတာ..ပိတ်လေလေ.ပိုဖေါက်ချင်လေ။
ဘမ်းလေလေ..ဖရီးဒမ်းနဲ့ တံခါးခေါက်။
အရောက် လာဖတ်ဆဲ။
သွေးမနည်းတဲ့ ခလေးတွေ
မီဒီယာဟာ ရေစီးကြောင်း။
မြောင်းပိတ်လေ.ပိုပိုလျှံ
အရှိန်ပြင်းတဲ့ ရေစီးမာန်
ရေကာတာနဲ့ ပိတ်တောင်..မခံ။
မတရားတာဆို..ဘယ်သူမှလက်မခံ.တော်လှန်။

ဗူးတရာသာ ပိတ်. မတိတ်မဲ့ ပါးစပ်..
မဟုတ်တာလုပ်လေ..ပိုပိုပြောပြီသာမှတ်
ဖုံးဖိလေ..အပုပ် ပိုပို ပွမယ် မှတ်
တိုးတိုးသားဆို..ပိုအရသာမြိန် မင်းသတိချပ်။

ဈေးသည်မများ..ပြောမယ် အော်ကျယ်ကျယ်.
ရန်ဘို စစ်သားကို ဘယ်လို သတ်။
ခလေးငယ်များ.ကစား၊ ဒက်..ဒက်..ရမ်ဘို ရဲ့သေနတ်။
အိမ်ရှင်မများ ဈေးသွား၊ ရမ်ဘို ကားစမြုံ့ ပြန်တတ်။
ကျောင်းတကာကြီးများ။ ဥပုဉ်ကျောင်းသွား။
ဒီမှာ..ရော့ယူ။ ရမ်ဘို့  DVD တစ်ချပ်.
ကျောင်းသားများ လက်ဖက်ရည်ဆိုင်ထိုင်။
ပြောကြမယ်.ပါးစပ် သေနတ်။
စစ်သား ခေါင်းဘယ်လို ပြတ်တာ။

သူများတွေကျ မကြည့်နဲ့  မကြည့်နဲ့ 
ဒို့ ကျ မတားနဲ့ ။
ဟင့်..ကြည့်မှာဘဲ ၊ ကြည့်မှာဘဲ၊
များတို့ ကို .ရမ်ဘို ဘာတွေဆော်ထား..
များတို့ ကို ..ရမ်ဘို ဘာတွေ ကလော်ထား..
ဟုတ်တာဆို.. နာလို ခံခက်..
အမျက်ထွက် သွေးပျက်.

ရမ်ဘိုက လက်ခမောင်းခတ် စိမ်ခေါ်နေလည်း.
သတ္တိရှိရှိ.၀ါရှင်တန်ကို လာပါဆို နေလည်း..
ကိုယ့်လူသာ ကိုယ် နှိပ်ကွပ်ရဲ
ကိုယ်အိမ်ထဲသာ..XXX ဂေါင်းကျယ်ဆဲ
ဝါးလုံးခေါင်းထည်း..လသာ နေမြဲ
ရဲတဲ့ သူတွေနဲ့ ကျ..ခွေးလို အမြီးကုပ်.
နေပြည်တော်က စစ်သားလူယုတ်တွေ။

မသဒ္ဓါ (၂။၎။၂၀၀၈)

အပြည့်အစုံသို့ 

Monday, February 4, 2008

အကောင်းဆုံးကို မျှော်လင့်၊ အဆိုးဆုံးအတွက် အဆင်သင့်။


ဂျပန် တော်လှန်ရေး..
ဗိုလ်ချုပ်ရဲ့ အချက်ပေး တပ်လှန့် 
အနီးကပ်ဆုံးရန်သူ ကို တော်လှန်ကြစို့ 
လှို့ ဝှက် မိန့် ခွန်းစကားတချက်..
ဗမာမှန်..ချက်ဆို၊ နားခွက်ကမီးတောက်ကြ
တော်လှန်ရေးသာဓက..ရဲ့ နိမိတ်ပုံ၊

အကောင်းဆုံးကို မျော်လင့်
မရပ်မလှင့်၊ ရှေ့ တိုးသာ ဇွဲနဲ့ နှစ်
ဘုရင့်နောင် ရဲ့ နောင်ရိုး..
စစ်ဖောင် ဆိုတာ ဖျက်ရိုး..

ပျော့နေလေ..ဒို့ တွေ ရှုံးလေလေဘဲ
လျော့လေလေ..မျိုးပြုန်းသေပွဲ
မစည်းရုံးလေ..နွားသင်းကွဲ ကျားဆွဲ။
ရှိသမျှ..အမျိုး အရင်းအဖျား.အနား.
မရ..ဒဿက ချိုင်ထား..
ဆွဲစေ့ ထောင်ချထား
ဒင်းတို့  ရက်စက်တာများပြီ.
အင်းဝခေတ်ကိုပျက်သုန်းတဲ့ သာသနာဖျက်.
ခု ဒို့ နန်းတော်မှာ..တက်နေတယ်.

မြွေဟောက်မှန် ရင်..အဆိပ်ပြင်းရမည်။
ကျားမှန်ရင်..ကုတ်ဆွဲတတ်ရမည်။
ခွေးတောင် အကန်ခံ..ပြန်ကိုက်မဲ့မာန်..
ကြောင်လက်သည်းများ ၀ှက်..
အရေးပေါ်ရင်..တိုက်ရန်အတွက်။

ဗမာကောင်း ရဲ့ ဇာတိမာန်..
တကွက်ကောင်းဘဲ..အပိုင်ကြံ
ဒို့ တွေက ရန်သူကို ဘယ်ဒင်းလည်းသိ..
ရန်သူက ဒို့ ကို..ဘယ်သူမြွေ ဆိုတာမသိ..
ဒို့ ဘက်ကအမြဲသာ၏။

တပြည်လုံးနဲ့ စစ်တပ်.
စစ်တပ် ရဲ့ ကိုယ်ပျောက်ရန်သူ..
အနီးကပ်ဆုံး..မင်းအနားမှာ ကိုယ့်လူ..
မင်းနဲ့  ဘေးတိုက်သွားနေတဲ့လူ..
မျက်နှာမရှိ..မျက်နှာမသိတဲ့ရန်သူ.
သူပုန်ဆိုတာ ပြည်သူ
မင်းမမြင်ရတဲ့ ရန်သူ။

ပြည်တွင်းရဲ့အား၊ ပြည်တွင်းမှာရှိ.
ဗမာဆိုတာ..သတ္တိနဲ့  ဗျတ္တိ..
အချိန်ကျ ရင်..သတိ..
ဝီရိယ ရှိတော့..
အခု အချိန်ကျပြီ..
သုံည (ဇီးရိုး) အချိန်တဲ့၊ နောက်ဆုံးနာရီ
ငြိမ်သက် ကြတော့၊...
မကြာခင် တိုက်ပွဲစတော့မည်။
အပြင်းဆုံးမုန်တိုင်း။ သမိုင်းတို့ ရေးတော့မည်.
မပါ မရှိစေ နဲ့ ၊
အားလုံး ၀ိုင်းကြ ညီညီ။

လှို့ ဝှက် မိန့် ခွန်းရဲ့ ပဟေဠိ
အဓိပ္ပါယ် သိကြ၊ နားလည်စေ
အဆိုးဆုံးသော..ဖြစ်နိုင်ချေ
ပြန်လမ်းမဲ့  အသေခံတိုက်ပွဲတစ်ခုပေ။

နောက်ဆန် တငင့်ငင့်၊ နားစွင့်ကြည့်မနေနဲ့ 
ဒို့ များရဲ့ဖောင်များ၊..မီးလောင်သွားကြပြီ။
ဆုတ်ရာလမ်း မရှိ..
ဇွဲ နဲ့သာရှေ့ ဆက် ရဲရဲချီ.
နောက်ဆုံးလူ သွေးတစ်စက် ကျန်ကျန်
မနားတမ်း ဆက်တိုက်ကြရန် ဖြစ်သည်။

ကဲ လာကြ ...ပြိုင်တူချီ..
အနီးကပ်ဆုံးရန်သူ ကို တော်လှန်ကြမည်။

မသဒ္ဓါ ( ၂။၃။၂၀၀၈)

အပြည့်အစုံသို့ 

အဓိပ္ပါယ်မဲ့ ရှင်မလား… အဓိပ္ပါယ်နဲ့ သေမလား…


လူဆိုတာ..
သေရင်တနေ့ ။ မွေးရင်တနေ့ 
ကွေးသောလက်မဆန့် ခင်
ကြံစုတ်ချောင်း၊ အရင်းထိ မရောက်ခင်
မျက်တောင်တမှိတ်။ လျှပ် တရိပ်တခဏ..
သေချင်..သေကြတာမျိုး.

သေချင်ရင်..ဘယ်လောက်ပဲ လုံခြုံအောင်.
မြို့ ရိုးကြီးဘဲ ဆောက်ဆောက်
ငလျှင် တချက် နဲ့ပြို..
မိုးသည်း ရေကြီးရင်ပြို
ဘ၀နေညိုရင်..
ဘုရားတောင် ပရိနှိဗ္ဗါန်စံရ..
လူများ..ဘာသားနဲ့ထုထားသလဲကွယ်.
သေချင်..အချိန်မရွေး..သေနိုင်တယ်။

ဘ၀တိုတို ကလေး..
ပျော်ရွှင်လွတ်လပ် တန်းတူနေရေး။
အမှောင်ထဲမှာ..ထိုင်..
ငိုင်နေမဲ့ အစား.
လှုပ်ရှားစွာ..ကျောက်နှစ်လုံးပွတ်..
မီးကို ဆွတ်ကာယူ..
အမှောင်ထဲမှာ..မနေလိုသူ..
မင်း ကမှ အာဂလူ..

လူဆိုတာစွမ်းအား၊ လူတိုင်းမှာရှိထား..
မီးခဲပြာဖုံး..အညွန့်တွေမတုံးစေနဲ့ သူငယ်ချင်း။
ရုန်းကန်မော်ကြွား..စွမ်းအားပိုင်စေသူငယ်ချင်း။
အများအတွက်သေချင်း..
မင်းနံမည်..မော်ကွန်း.သူငယ်ချင်း။

ယောက်ျားကောင်းတို့ ၏စွမ်းရည်။
မိခင်ကောင်းတို့ ၏ ဂုဏ်ကျက်သရေ။
ယောက်ျားဆို ဒါးသွေး… လက်မနှေးနဲ့ ။
မိန်းဆို သားမွေး..မျိုးဆက်ပေးခဲ့
သားကောင်း၏ အမေ
ကန့် ကူလက်လှည့်..
ဗိုလ်ချုပ် လို..ဥဒေါင်းတစ်သောင်း..
ပြန်တည်ထောင်ရမဲ့ ဗမာပြည်ကောင်း၊

ခွပ်ဒေါင်းအဟုန်..မိုးထိမြင့်တုံ.
အဖေ ခွပ်ဒေါင်းသေလည်း..
သားဒေါင်းများစွာ..
ဒေါင်းမ ၀ပ်ကျင်းထဲမှာ။
အာဇာနည်မျိုး..ဘယ်မသေပါ။

ဒေါင်းမျိုး မှန်ရင်..
အဓိပ္ပါယ်မဲ့  အရှင်မခံ…
အဓိပ္ပါယ်နဲ့ သာ သေရန်
သစ္စာ အသက်နှံတာမို့ 
ဘယ်နေရာဘဲ ရောက်ရောက်..
ဒေါင်းသွေး အနီရောင်မပျောက်
ခွပ်မာန်ဟုန်.လျှမ်းလျှမ်းတောက်
သားငယ်တို့ ၊ ဥကျင်း မှာဖောက်..
ခွပ်ဖို့ လေဆန် ကိုပျံ
ဥဒေါင်းတို့ ဇွဲမာန်..
တိုက်ပွဲသစ်သို့  ပြန်ခေါ်ရန်။

မသဒ္ဓါ ( ၂။၃။၂၀၀၈)
မောင်လေးဒေါင်းများ။ ညီမလေးဒေါင်းများအတွက်

အပြည့်အစုံသို့ 

ပျက်သုန်းနေတဲ့ အကြံရှင်က..သူ


ပျင်းလို့ တောင် မနားရတဲ့ပျဉ်းမနား.
ဘယ်ဝန်ထမ်းမှ မသွားချင်

ရန်ကုန်ဆို တာ..ရွှေမြို့ တော်ကြီး..
အလောင်းဘုရားက
(၁၇၅၅) ခုက ပေးခဲ့တဲ့..
ရန်တွေ ကုန်ခ တဲ့ ရန်ကုန်

နှစ်ပေါင်း (၂၅၀၀) က တည်အပ်
ဥက္ကလာအရပ်က
ရွှေတိဂုံဦး လေးဆူစေတီမြတ်.
ရွှေတောင် မားမားရပ်တဲ့ ရန်ကုန်။
မင်္ဂလာစုံတဲ့  အကျွန်တို့ ရွှေမြို့တော်

စိတ်ရူးပေါက်နေတဲ့ ဘုရင်ရူး.
နန်းတော်သစ် တည် မင်းတရား
ဆာဒန်လို သေချင်းဆိုး.မျိုး
တနေ့ ဘုန်းရှိန်းညှိုးမှာသိ
ကြောက်ရွံ့ သည့်အတွက်
တောကြီးမြက်မဲ..လယ်ပွဲတွေသိမ်း
တေဇ က လာဘ်ပေး ပရောဂျက်ကို သိမ်း
မြို့ပြတည်ရာ အဂါင်္မညီတဲ့ တော..
လက်ညှိုးညွှန်ရာ..ရေဖြစ်စေ
ဥုံဖွ.. ဖုန်းဆိုးတောကြီး.
ခု ချက်ခြင်းနေပြည်တော်ဖြစ်စေ။

ဝန်ထမ်းများဘ၀..
လင်တနေရာ..သားတနယ်ဝေး
တပတ်တပတ် အိမ်ပြန်ရရေး.
မီးရထားဌာန ကိုလုပ်ကြွေး

ဒီခရီးစရိတ်..ဘယ်ကရှာမလဲ..
လွယ်ပါတယ်။ ပေး လက်ဖက်ရည်ဘိုး ဘဲ..
အရင်းစစ်..
ဝန်ထမ်းတရားပျက်တာ..
အစိုးရ အသုံးမကျ
ခေါင်က မိုးကျရင်..
ပြူတင်းက ရေယိုတာမဟုတ်ဘူး အပြစ်.
တရားဥပဒေက မှ မစစ်
ဒါ မင်းညစ်ကွ..မင်းညစ်..
အာဏာရှင် အစစ်ဘဲ
တနေ့  မင်းကိုယ်ကြီး လည်ပင်းကြိုးဆွဲ
လျှာကြီးတွဲလွဲ..သေမှာပါဘဲ။

အပင်ကြီး ရန်ကွင်းရအောင်..
“ ပင်ဂွင်း မွေးအောင်” လို့ ပေးတဲ့။
အူတူတူနဲ့ ဗေဒင် ယတြာ..
ဖူံထူထူ..နေပူပူ နဲ့ ကျပ်ပြေး.
အအေးခန်းဆောက်ပြီး..ပင်ဂွင်းမွေးဦးမတဲ့
တော်လိုက်ပေ့..ဘုရင်ရုးကြီးရယ်..
ရှင့်ဦးဏှောက်က တော်တော်ကလေးငယ်..
သူငယ်တန်းကလေး ကမှ ရှင့်ထက်လည်။

မသဒ္ဓါ (၂။၃။၂၀၀၈) http://moemaka.com/index.php?option=com_content&task=view&id=1047&Itemid=1...ဖတ်၍ ခံစားပါသညိ။

အပြည့်အစုံသို့ 

Saturday, February 2, 2008

ဘယ်သူ့ သားလေးပါလိမ့်? တကတည်း တော်မှ တော်


ကျောင်းသားတွေကို
နိုင်ငံတော်စရိတ်နဲ့ ၊ ထောင်ထဲထည့်ထား
မကျန်းမာတာတောင် ဆေးကုခွင့်မပေး
မိဘအိမ်မှာ နေ..မိဘက ပြုစု
သင်ဘဲ အားအားလျားလျား..
လာပင့်ခေါ်သွားလို့ သာ ထောင်ထဲရောက်
သင့်ထောင်ထဲရောက်ရင်..သင့်တာဝန်ဘဲ
ဆေးကုအစာကြွေး။
လူလိုသိတတ်ရင်..ဒါလူမှုရေး။
အကျဉ်းသားတွေ ဆေးကု ဖို့ ငွေ
သင့် အိပ်စိုက်တွေ မဟုတ်
ပြည်သူတွေ ဒီအတွက် အခွန်ပေးထားတာ ဦးသန်းရွှေ။

သင့်လူတွေ ခိုးလို့ ကုန်တာ..သင့်တာဝန်.
ပီညဲရိုး လာတုန်းပြတဲ့ အိုးသစ်ကြီးများ
ထောင်မှုးမိန်းမက
အပေါင်ဆိုင်မှာ လုံခြုံအောင်သိမ်းထားတယ်။

သားသမီးထိ..မိဘ၏တိုင်စာ.
ဒါ ရည်းစားစာမဟုတ်။
မဖတ်ချင် ဆုတ်ပစ်လို့ ရတာမဟုတ်
နိုင်ငံအကြီးအကဲမှန်..လူကြီးလူကောင်းဆန်ဖတ်ရှု
စာနာသမှု တော့ထားမှပေါ့
တခုခုကောင်းရာ.စီမံပေးမှပေါ့

ခလေးတွေ..နေမကောင်းပါဘူး ဆိုမှ ပိုတိုက်ပိတ်။
ဘီလူးဆိုင်းနဲ့ က ပတ်ကြမ်းတိုက်
ကမ္ဘာကျော်တဲ့ လူကြမ်း.
လူမဆန်တဲ့ လူသရမ်း။
ဒါ မင်းနံမည်အပုပ်နံ့ နဲ့ တွင်
သန်း သန်း တဲ့ သန်း သန်း
လျှမ်းလျှမ်းတောက် လူဆိုးစာရင်းဝင်။
ဆိုးပါတယ်ဆိုတဲ့ ဘင်လာဒင်တောင် ငိုသွားမယ်
ရွှေဗမာ.ငါထက်..အသတ်တော်တယ်။

မသဒ္ဓါ (၂။၁။၂၀၀၈)
http://www.rfa.org/burmese/thadin/2008/01/30/prisoners_put_in_cells_after_complaint_to_top_general/

အပြည့်အစုံသို့ 

အမှန် တကယ် အရေးကြီးတာက ဘယ်သူ..?


မိုးရွာမှုအပေါ်တည်..
မိုးအားကိုးစိုက်မဲ့ မိုးကောင်း လယ်စပါး
မိုးမရွာတဲ့နေရာ..ရေသွင်း
ဆည်ရေသောက် စပါးခင်း
အနော်ရထာမင်းလက်ထက်ကတည်းက
ပြည့်ဝမ်းကျီတိုက်တဲ့ လယ်တွင်း ကိုးခရိုင်
မိတ္ထီလာကန် ရေသောက်
ပုဂံရွှေပြည် ..စပါးတောင်လို မောက်။

မိုးမရွာ..မြေခြောက်တာတောင်
လူ့ ဥာဏ်စွမ်း ဖြိုးမောက်က
စိုက်လယ်တွေ..မြစိမ်းရောင်တောက်
စပါးနှံတွေ..အဆန်ပြည့်ဝင်းတောက်
အဓိက ကလူ။
အစ္စရေးလို သဲကန္ထာရ..
ရေမရတောင်..သီးနှံစိုက်ကြ
ကြိုးစားစေတနာထား တိုင်းပြည်ကိုချစ်ခင်
ဂျူး လူမျိုးတို့ ရဲ့ စွမ်းအင်။

တစက်ရမဲ့ရေ..မလေအောင်သုံးတတ်။
သီးနှံပင်ဆိုတာ သက်ရှိအရာဘဲ..
နေ့ တိုင်း ရေလိုတယ်။
မင်းကိုလေ..တနေ့ ထဲ အစာအ၀ကြွေး
ဝနေပြီဘဲ..နောက် ဆယ်ရက်မစားနဲ့ 
လာတလှည့် မလာတလှည့်နဲ့ ဆည်ရေ
စပါးနှံ ဖြစ်နေချိန် ရေမကျ။
သီးကင်း တွေ ကြွေကျ။
စပါးမှည့်ချိန်မှ ရေကရ..
စပါးနှံကောင်းတွေ ကြွေကျ
ကဲ..စစ်ယူနီဖောင်းလဲ..လူကြီးမင်းတို့ ရေ..
လယ်သမားထက်..မင်းတို့ ဖျင်းတယ်
လယ်ဝန်ကြီးနေရာ..မြန်မြန်ဖယ်။

ရေပေး ရေလာ၊ အချိန်မှန်မှ..
မြေလုံးလွှာမပျက်..ထွန်ယက်ရလွယ်။
ရေမလာ..အိုးကြမ်းခဲဂျပ်ပိတ်
မြေပတ်ကြားအက် အလိပ်လိပ်ဖြစ်နေမှ
ဆည်ရေလာပေး..ထွန်ရေးမရ.
လယ်ပျက်ကြတယ်။

ဘယ်လယ်သမားမှ..သူ့ လယ်မပျက်ချင်..
တောင်သူကြီးမင်း..ခွေးသားနို့ စို့ တွဲလွဲ
သခွါးခင်းပစ် ပုဂံမင်းမလုပ်ချင်။

ဒီပုလ္လင်ပေါ်ထိုင်ချင်. ဒီပုလ္လင်နဲ့ တန်အောင်လုပ်
မဟုတ်တရုတ် စစ်တပ်ပြုတ်လူတွေ
ကြက်ဆူနေကြာ..စီမံကိန်း အမျိုးအမျိုး
လက်ညှိုးထိုး..ဘာလုပ်ပါ..ညာလုပ်ပါ..
လယ်သမားတွေ ၀မ်းစာပြုတ်အောင်တော့လာမလုပ်နဲ့ 
စစ်သားမရှိ..တိုင်းပြည်ဘာမှမဖြစ်..
လယ်သမားမရှိရင်..တိုင်းပြည်တိုးတက်ဖို့ မဖြစ်နိုင်။

မသဒ္ဓါ (၂။၁။၂၀၀၈)
http://www.rfa.org/burmese/thadin/2008/02/01/regime_policies_cause_trouble_to_farmers/ ကိုကိုးကားပါသည်။

အပြည့်အစုံသို့ 

မြန်မာမိန်းမ၏..သဘောထားကြေငြာချက်


မောင်းဆို တာ ဆန်ထောင်းဖို့ ပေမဲ့
တော်တော် အထောင်းကောင်းတဲ့မောင်း
လွင့်စင်တဲ့ ဆန်စေ့တွေပါ
တလွဲလိုက်လိုက် ထောင်းနေတာကဆိုးတယ်။

စစ်တပ်ဆိုတာ. တိုင်းပြည်ကို.နယ်ချဲ့ရန်က ကာကွယ်ဖို့ ပေမဲ့
ဒါးမိုး ပြည်ဖျက်စေတဲ့ လူဆိုးတွေရဲ့ ကြေးစားစစ်တပ်
တလွဲဆံပင်ကောင်း၊ အပြစ်မဲ့ ပြည်သူအပေါင်း
လိုက်လိုက် သတ်နေတာကဆိုးတယ်။

ဘလော့ဂါနေဘုန်းလတ်..သူ့ဖာသာအေးအေး
ကဗျာရေး။ ဓါတ်ပုံရိုက်။
အချစ်ကလေးနဲ့ လွင့်မျောရွက်တိုက်
အနုပညာကို မြတ်နိုးလိုက်ပါတဲ့ ခလေး..
ဇာတ်ထဲက ပုဏ္ဍားတွေရဲ့ ဂုံးချော ကြားလေသွေး..
ဆွဲစေ့တာ..အရေးမဟုတ်တာ။
အမှန်က..အကြောင်းမရှိ အကြောင်းရင်းရှာ ..
သူ့ အင်တာနက်ဆိုင် တွေပိတ်ချင်တာပါ။

ဒီမှာ..မသဒ္ဓါ။
ရှင့်ကို..ဆော်နေတာကြာပေါ့..
သတ္တိရှိရင်..တယောက်ချင်းလာပေါ့ 

ဘာမဆိုင်တဲ့ လက်ပံသား..ချိုင်နေသည့်
ရှင်မှာ..အရှက်များကို မရှိ..
ဗမာယောက်ျား ၏သိက္ခာ.တပြားသားမှမရှိ..
အနှစ်မရှိတဲ့တောက ကြက်ဆူပင်တစ်ပင်
ရှင်သေရင်..ခေါင်းခါ ခွေးတောင်မစားချင်

ကျမ ဗမာမိန်းမ..
ဒေါ်အောင်ဆန်းစုကြည်တယောက်.
အိမ်ထဲထည့်သွင်းသော့ခတ်ရုံ
ဗမာမိန်းမတို့ ရဲ့ မျိုးချစ်စိတ်မာန်ဟုန်
ပျောက်ကုန်ပြီ မထင်နဲ့ 
ဘယ်တော့ မှအညွန့် မကျိုးမဲ့
ဗမာအမျိုးသမီးကုမ္မာရီများ..
ရွန်းလက်တဲ့ ၀ံသာနုရက္ခိတတရား
အမြဲ နိုးကြားရှင်သန်..
အာဏာရှင်ကိုတိုက်ပွဲဝင်ရန်.

ဒို့ ဘုန်းကြီးတွေ. ဒို့ လင်တွေ.
ဒို့ ခလေးတွေရဲ့ အသက်..
မင်း ဆောရီးဆို ရုံနဲ့ မကြေပျက်
ပုခက်လွှဲ တဲ့လက်.ကြက်သွန်လှီးမဲ့လက်
တယောက်တလက်..အိမ်ရှင်မတို့ လက်
ပြာထဲကမီးခဲ..တရဲရဲ
ဗြုံးကနဲ ထလောင်တဲ့ အခါမှ..
နောင်တရလိုက်မဲ့ ဖြစ်ခြင်း.
ဘွာတေး လာမငြင်းနဲ့ကိုယ်လူ..
ဒို့ ခလေးများရဲ့သွေးကြွေး..
မင်း ပြန်လာယူ။
မင်း ခေါင်းဘဲ ဒီမှာ ထားခဲ့လိုက် ကိုယ်လူ

မသဒ္ဓါ (၂။၁။၂၀၀၈)

အပြည့်အစုံသို့ 

ဥဒေါင်းသွေးမှန်က စွေးစွေးနီ


အမှန်တရား အတွက် တိုက်မဲ့စစ်သည်။
ဥဒေါင်းသွေး တို့  ရဲ နီ နီ
မနိုင်မချင်း မဆုတ်မရွံ့ .. ဇွဲ နဲ့ အရင်းတည်.
ထင်ရှား သမိုင်း တို့  ရေး ခဲ့ ပြီ။

အသက်ချွေး..သွေးတို့ စတေးခဲ့ပြီ
မရောက်မချင်းသွားမဲ့ ပန်းတိုင်ဆီ
ဒို့ ကျောင်းသားတို့ သတ္တိဘာမထီ
ချီတက်လာပြီ ခွပ်ဒေါင်းနီ။

မွန်မြတ်စိတ်ဓါတ်၊ ကျောင်းသားစစ်သည်။
အနာဂတ်တို့ အတွက်၊ အကျိုးမျော်ရည်
မလျှော့သော.လုံ့လ၊ သတ္တိအရင်းတည်.
လွတ်လပ်စေမည်..ဗမာပြည်။

တာဝန်တွေ ထမ်းရွက်မည်.
အမိမြန်ပြေ ကောင်း စားဖို့ ရည်
ဘာမဆို..စွန့် လွတ် နောက်မဆုတ်ချင်
ရဲဝံ့ ခဲ့ သော၊ အာဇာနည်.။

(ရောင်နီကျင်း တော့မည်..
ရောင်နီ လင်း တော့မည်..
ဒီအာရုဏ်ဦး..အရှေ့ ဆီ
အမှောင်ကွယ် အလင်းတန်းတို့ ကောင်းကင်
မိုးသောက်ခဲ့ ပြီ ဗမာပြည်
လွတ်လပ်စေမည်..ဗမာပြည်။) ၂

မသဒ္ဓါ (၂။၁။၂၀၀၈)

အပြည့်အစုံသို့ 

ဂဠုန်မင်းတို့ ရဲ့ တောင်ပံခတ်သံ


ကျုပ် ကတော့လယ်သမား..
လယ်စိုက်စား..အင်း..တောသားပေါ့ဗျာ.
ခေါ်ချင် သလိုသာ ခေါ်ပါ။

ဘိုးဘေးဘီဘင် ..လယ်လုပ်စား
ဆီနဲ့ ရေချိုး. ဆေးရိုးနဲ့ မီးလှုံ
စပါးတောင်ပုံ..ကြွယ်ဝသူများ
ကျုပ် အဘလက်ထက်က လှုထား
ခြောက်ဆောင်တိုက်ကျောင်းကြီးနဲ့ 
ရွာဦးကျောင်း..စေတီထီးတော်တကာကြီး
ကြိုးစားနိုးကြားသည့်လယ်သမားမျိုးရိုးပါ။

ကျုပ်ငယ်ငယ်က
ကောင်းလိုက်တဲ့မိုး .သန့် စင်တဲ့မျိုး
ဖွံ့ လိုက်တဲ့ ပျိုး..စိမ်းနေတဲ့ ကောက်ပင်
လေအလာမှာ ယိမ်း..မြကမ္ဗလာစိမ်း

ရိတ်သိမ်းချိန်..ရွှေဝါ စပါးခက်.
ပြည့်နှံတဲ့ စပါး. လုံးမို့ အိအိ ဆန်သား
ပိုလျှံတာ.ထားစရာနေရာတောင်မရှိ
ကောက်သင်း စပါးနှံ လယ်ထဲမှာချန်
ခိုးကိုးရာမဲ့ လူအိုမင်းများဝမ်းစာလာ
ကောက်သင်းကောက် ရန်.

စပါးနှံစားလယ်ကြွက်ကြီးများ
၀၀ဖြီးဖြီး..ကြောင်သားပေါက်ကြီးပမာ
စပါးနှံတွေ ကျစ်ထုံးဖွဲ့ 
စပါးကုံးသွဲ့  သစ်ပင်မှာချိတ်ရာ။
ဌက်ငယ်များ အတွက် အစာ
ကုသိုလ်လည်းရ..၀မ်းလည်းဝ
မြန်မာ့ ကျေးလက်ရဲ့တောရွာ..သာယာပါပေ့ဗျာ။

စပါးပေါ်ချိန်.ငွေပေါ်ချိန်
အလှုကထိန်..ဆီမီးရောင်ရှိန်
ရွာ ဘုရားပွဲများ ရက်မပြတ်။
စည်တော်ဗျောသံက..တောမသတ်။
ကွမ်းတောင်ကိုင်များ.သနပ်ခါးအဖွေးသား
လှည်းယဉ်ကြော့ပေါ်မှာ..ခြေတွဲလွဲချစီးသွား
ကာလသားများက .ပုလွေကြော့
ကျုပါတော့ မယ်..မော့တော့တော့

ခုခေတ်ရှဲ့တောရွာ
လယ်သမားများ..တကယ်မစားသာ
ရာသီပျက်..တောများတဖြေးဖြေးပါး
ရေကြည်ရေသန့် လည်း..တဖြေးဖြေးရှား
သရောကြီး..ခိုင်းနေပြီမဟုတ်လား။

လယ်မြေကောင်းများ.. ခြောက်သွေ့ ဖုန်းဆိုးဖြစ်
မိုးလေမမှန်ခြင်းအကြောင်းက အုပ်စိုးသူက မင်းညစ်
တရားဟောမိတဲ့ ရွာဦးကျောင်းကဘုန်းကြီး.ထောင်ချထားကြနှင့်
ဂရံ လယ်မြေများလည်း စစ်တပ်သိမ်း..၀န်ထမ်းအိမ်ယာဖြစ်
သင့်တော်ရာ ကြိုက်ရာသီးနှံလည်း..မစိုက်ကြရနှင့်
ရေမလာတဲ့ ဆည်ရေမြောင်း..ရေခွန်လာတောင်းကြနှင့်
ဗေဒင်အကြောင်း. မဖြစ်နိုင်တဲ့သီးနှံများ လာစိုက်ခိုင်းနေကြောင်း
ရှိသမျှဝမ်းစာစပါး..စစ်ရိက္ခာ ဒါးပြတိုက်သွားကြနှင့်
အားအားယားယား..မလိုက်မနေရသွား လုပ်အားပေးကြရနှင့်
ကွမ်းတောင်ကိုင်မလေးများ..လူယုတ်မာစော်ကားကြနှင့်
ကာလသားအရွယ်မရောက် ခလေးလေးများ..စစ်တပ်က ချောဆွဲကြနှင့်
ယုတ်စွ အဆုံး..လှည်းယဉ်ကြော့ဆင်ဖို့ မွေးထား
ထိပ်ကွက်နွားလေး ကြန်စုံ
ဆုံလည်နွား နဲ့ မီးထွန်းမဲ့စီမံကိန်း
စစ်တပ်က အတင်းလာသိမ်းသွားပါရော့။
ဘာကို ဘာမှမကျန်..စစ်တပ်ကဘဲနှံသွားတယ်၊

သူများသြဇာမခံချင်..ကျုပ်တို့  စစ်သားမလုပ်။
တိုင်းပြည်ဘဏ္ဍာစား.. ကျုပ်ဝန်ထမ်းမဟုတ်။
ရသမျှ ရောင့်ရဲစား။
ကြီးလာရင် အေးချမ်းတရားရိပ်ပွါး
အခုမှာ နေပူစပ်ခါး ။ နွားနဲ့ ရုန်းထား
ကျုပ်တို့ လယ်သမားဗျ..

ကျူပ်အဘေးလက်ထက်က..ဆရာစံတော်လှန်တာ.အပြစ်မဆိုဘူး
ကျုပ်လက်ထက်.မတော်လှန်.
ကျုပ်သားမြေးတွေ မျိုးတုန်းကြတော့မယ်.
ဆုံးဖြတ်လိုက်ပြီ။
မိစ္ဆာဒိဌိ များကို ရရာလက်နက်နဲ့ တော်လှန်.
ဒုတိယအကြိမ်မြောက်ပြကြရန်
ဒို့ လယ်သမားသွေး..စစ်တပ်သွေးထက်ရဲကြောင်း
သာဓကမှန်..
ဟေ့..ဂဠုန်မင်းတို့ ရဲ့ အားမာန်။
လေဟုန်ခွင်းမဲ့ တောင်ပံရိုက်ခတ်သံ။

မသဒ္ဓါ (၂။၁။၂၀၀၈)

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */